အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
စနေနေ့

၁၃ ဧပြီ ၂၀၂၄

၂၀:၃၀:၃၁
1451040

အာဆီယံ-နယူးဇီလန်ဆွေးနွေးပွဲ စစ်ကောင်စီကိုဖိတ်ကြားမှု ပြန်ရုပ်သိမ်းပေးရန် တောင်းဆို

အာဆီယံ-နယူးဇီလန်ဆွေးနွေးပွဲမှာ စစ်ကောင်စီကိုဖိတ်ထားတာ ပြန်ရုပ်သိမ်းဖို့ အမေရိကန်ရောက်မြန်မာတွေက တောင်းဆိုခဲ့ကြပါတယ်။


    
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ





အာဆီယံ-နယူးဇီလန်ဆွေးနွေးပွဲမှာ စစ်ကောင်စီကိုဖိတ်ထားတာ ပြန်ရုပ်သိမ်းဖို့ အမေရိကန်ရောက်မြန်မာတွေက တောင်းဆိုခဲ့ကြပါတယ်။

ဧပြီလ ၁၈ ရက်ကနေ ၁၉ ရက်နေ့အထိ  နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အာဆီယံ-နယူးဇီလန် အစည်းအဝေးကိုတက်ရောက်ဖို့ စစ်ကောင်စီကို နယူးဇီလန်အစိုးရက ဖိတ်ကြားထားတာပါ။

ဒီဖိတ်ကြားမှုဟာ အကြမ်းဖက်သတ်ဖြတ်ဖမ်းဆီးခံနေရတဲ့ ပြည်သူတွေကို မျက်ကွယ်ပြုရာရောက်နေတဲ့အတွက် နယူးဇီလန်အစိုးရက ပြန်လည်ရုပ်သိမ်းဖို့ ဒေသစံတော်ချိန် ဧပြီ ၁၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီ နယူးဇီလန်သံရုံးရှေ့မှာ အမေရိကန်ရောက်မြန်မာတွေ တောင်းဆိုခဲ့ကြတာပါ။

"အကြမ်းဖက် မင်းအောင်လှိုင်တို့အုပ်စုကို တရားဝင်ဖိတ်ကြားထားတဲ့ကိစ္စကို ကျနော်တို့ သွားကန့်ကွက်တာဖြစ်တယ်။ အဲ့ဒီအတွက်ကို နယူးဇီလန်သံရုံးမှာ တာဝန်ရှိတဲ့သူကလည်း ကျနော်တို့ပေးတဲ့စာကိုထွက်ပြီ‌း လက်ခံရယူပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြပါမယ်ဆိုပြီးတော့ အသိပေးပြောကြားတယ်ပေါ့။ ကျနော်တို့ အဓိကပြောတာကတော့ စစ်ကောင်စီက ၃ နှစ်လုံးလုံး စစ်ရာဇ ဝတ်မှုတွေရော လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အကြိမ်ကြိမ်အထပ်ထပ်ပြုလုပ်နေတယ်။ ဖိုက်တာဂျက်တွေသုံးပြီးတော့မှ ပြည်သူလူထုတွေကို ဗုံးကြဲနေတယ်၊ ရွာတွေကို မီးရှို့နေတယ်။ အဲ့ဒီလို ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ဘာဖြစ်လို့ ဖိတ်ကြားထားလဲပေါ့နော်။ အဲ့ဒါကိုပြန်ရုပ်သိမ်းပေးဖို့ပြောတာပါ။ အဲ့ဒီကိစ္စကို ပြန်စဉ်းစားဖို့ တင်ပြပေးပါမယ်တဲ့။ အဲ့လိုတော့ အကြောင်းပြန်တယ်ပေါ့နော်။ တကမ္ဘာလုံးမှာရှိတဲ့ ဘယ်နိုင်ငံကဖြစ်စေ ဒီလိုအကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်ပြုသလို ဖိတ်ကြားသလို လုပ်လာရင်တော့ ကျနော်တို့က ပြည်သူလူထုကိုယ်စား အမြဲတမ်းဆန့်ကျင်လှုပ်ရှားသွားဖို့  ဒီနေ့ရည်ရွယ်ချက်က အဲ့ဒါအဓိကပေါ့နော်" လို့ Anti Dictatorship in Burma - DC Metro Area အဖွဲ့ဝင် ကိုရင်အေးက ပြောပါတယ်။

အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ စစ်ကောင်စီကိုဖိတ်ထားတာနဲ့ပတ်သက်ပြီး ဧပြီ ၄ ရက်နေ့က နယူးဇီလန်ရောက်မြန်မာတွေက မြို့တော်ဝယ်လင်တန် နယူးဇီလန်လွှတ်တော်ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆွေးနွေးပွဲတက်ရောက်မယ့် စစ်ကောင်စီ ကိုယ်စားလှယ်တွေကို  ပြည်ဝင်ခွင့်မပြုဖို့  နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်ပီတာကို တိုက်တွန်းခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နယူးဇီလန်လွှတ်တော်အစည်းအဝေးမှာလည်း အမတ်တွေက ဝေဖန်ခဲ့ကြပြီး အစိုးရရဲ့ဆုံးဖြတ်ချက်ကတော့ ပြန်ကျမလာသေးပါဘူး။

နယူးဇီလန်အစိုးရဟောင်းလက်ထက်မှာ စစ်ကောင်စီ နဲ့ ပတ်သက်ဆက်နွှယ်သူတွေကို ပိတ်ဆို့အရေးယူတာတွေ ပြုလုပ်ခဲ့ပေမဲ့ အစိုးရသစ်တက်လာချိန်မှာ အခုလိုအခြေအနေတွေဖြစ်ပေါ်နေတာပါ။

အာဆီယံ - နယူးဇီလန် အစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုဖို့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်က ဧပြီ ၆ ရက်နေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားပါတယ်။

****************************************************************
END / 251