အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ကြာသပတေးနေ့

၂၅ ဧပြီ ၂၀၂၄

၂၀:၀၆:၂၈
1454128

ကော့ဘိန်းနယ်မြေရဲစခန်းတွင် စစ်ကောင်စီတပ် နေရာပြန်ယူ၊ အမျိုးသမီး ၁ ဦးကို ပစ်သတ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာရှိတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို စစ်ကောင်စီက အင်အားအများအပြားနဲ့ ဧပြီ ၂၅ ရက်‌က နေရာပြန်ယူပြီး ရွာခံအမျိုးသမီးတဦးကို ပစ်သတ်ခဲ့တယ်လို့ မွန်လွတ်မြောက်ရေးတပ်မတော် (MLA) နဲ့ ဒေသခံတွေက ပြောပါတယ်။




အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာရှိတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို စစ်ကောင်စီက အင်အားအများအပြားနဲ့ ဧပြီ ၂၅ ရက်‌က နေရာပြန်ယူပြီး ရွာခံအမျိုးသမီးတဦးကို ပစ်သတ်ခဲ့တယ်လို့ မွန်လွတ်မြောက်ရေးတပ်မတော် (MLA) နဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အားအများအပြားက လက်နက်ကြီးတွေပစ်ပြီး ကော့ဘိန်းနယ်မြေရဲစခန်းကို ဧပြီ ၂၅ ရက် မနက်အစောပိုင်းက ဝင်ရောက်တပ်စွဲခဲ့ပါတယ်။

မွန်လွတ်မြောက်ရေးတပ်မတော် အတွင်းရေးမှူး နိုင်မာဃက “သူတို့အင်အားအများနဲ့ ဝင်ပြီး တပ်စွဲလိုက်တာပါ။ ခုချိန်ထိ ရှေ့ဆုံးစည်းမှာ တောင့်ခံနေတုန်းပါပဲ။ ကော့ဘိန်းရဲစခန်းကိုလည်း လူအင်အား လက်နက်အင်အား မမျှလို့သာ ပေးလိုက်ရတာပါ။ ခုချိန်ထိတော့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပါဘူး။ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေ စစ်ရေးတင်းမာနေလို့ တိုက်ပွဲဖြစ်လာနိုင်ခြေ ရှိပါတယ်” လို့ ပြောပါတယ်။

ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီတပ်စွဲပြီးနောက် ကော့ဘိန်းနဲ့ အနီးနားမှာရှိတဲ့ ဒေသခံတွေက စစ်ဘေးတိမ်းရှောင်ခဲ့ရပေမဲ့ ရွာထဲမှာ ပိတ်မိနေသူတွေလည်းရှိပြီး သူတို့ကို စစ်ကောင်စီတပ်သားတွေက ဖုန်းစစ်တာနဲ့ မထင်ရင်မထင်သလို ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေက ကော့ဘိန်းနယ်မြေရဲစခန်းကို ဝင်ရောက်တပ်စွဲတဲ့အချိန် အနီးနားရှိ ဒေသခံတွေက ကြောက်လန့်ပြီး ထွက်ပြေးတဲ့အတွက် စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ခုလက်ရှိ အမျိုးသမီးတဦး သေဆုံးထားပါတယ်။ တခြား ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိထားတာလည်း ရှိပေမဲ့ အတိအကျတော့ မသိရသေးပါဘူး။ ရွာသားအခြေအနေတွေက ထွက်ပြေးတဲ့သူတွေလည်း ရှိသလို ကျန်ခဲ့တဲ့သူတွေလည်းရှိတယ်။”

ကော့ဘိန်းနယ်မြေရဲစခန်းကို မတ် ၂၅ ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ ၂၃ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
--------------------------

END / 251