အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္ဂနွေနေ့

၂၈ ဧပြီ ၂၀၂၄

၂၀:၂၆:၄၄
1454833

မင်္ဂလာဒုံတွင် ဗုံးပေါက်ကွဲ၊ ကြည့်မြင်တိုင်က စစ်တပ်သတင်းပေး ပစ်သတ်ခံရ

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီတပ်မှာ ဗုံးပေါက်ကွဲပြီး ကြည့်မြင်တိုင်မြို့နယ်မှာတော့ ပန်းပင်ကြီးလမ်း သပိတ်ဖြိုခွင်းခံရအောင် သတင်းပေးတဲ့ အမျိုးသား ၁ ဦး ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီတပ်မှာ ဗုံးပေါက်ကွဲပြီး ကြည့်မြင်တိုင်မြို့နယ်မှာတော့ ပန်းပင်ကြီးလမ်း သပိတ်ဖြိုခွင်းခံရအောင် သတင်းပေးတဲ့ အမျိုးသား ၁ ဦး ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမပေါ်က စစ်ကောင်စီရဲ့ ၁၀၆ ခလရ ဂိတ် ၂ မှာ ဧပြီ ၂၇ ရက် ညနေ ၆ နာရီ မိနစ် ၄၀လောက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို Yangon Army၊ အနောက်ပိုင်းခရိုင် ပကဖနဲ့ YGA အဖွဲ့တို့က ပြင်းအားမြင့် အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ဂိတ်စောင့်နေတဲ့စစ်သားတွေ ထိခိုက်မှုရှိတယ်လို့ Yangon Army က ဆိုပါတယ်။

မြို့ခံတဦးက “ကားစောင့်နေရင်း ကြားရတာ။ ပေါက်ကွဲသံက အကျယ်ကြီးပဲ။ စစ်တပ်ဝန်း‌အရှေ့မှာ ကွဲတာ”လို့ ပြောပါတယ်။

ဧပြီ ၂၆ ရက်၊ ညနေ ၇ နာရီလောက်ကလည်း လှည်းကူးမြို့နယ်၊ စစ်မှုထမ်းဟောင်းရုံး ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီး ဒီစစ်ဆင်ရေးကိုလည်း Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဧပြီ ၂၇ ရက်မှာပဲ ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော ၅ လမ်း၊ အောက်ဓမ္မာရုံရှေ့က ဆိုက္ကားဂိတ်မှာ မွန်းလွဲ ၂ နာရီလောက်က တပ်သတင်းပေးလို့ နာမည်ထွက်တဲ့ မောင်ဦးဆိုသူ အမျိုးသား ၁ ဦးဟာ ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်ကဖြစ်ပွားခဲ့တဲ့ ပန်းပင်ကြီးလမ်း (သပိတ်ဖြိုခွင်းခံရအပြီးမှာ ပန်းပင်နီလမ်းလို့ တော်လှန်ပြည်သူတွေက နာမည်ပြောင်း) လူထုသပိတ်ကို ဖြိုခွင်းဖို့အတွက် စစ်ကောင်စီကို သတင်းပေးခဲ့သူဖြစ်တယ်လို့ ပစ်ခတ်ခဲ့တဲ့ Operation Flame(OF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဦးမောင်ဦးရဲ့ ဦးခေါင်းနောက်စေ့မှာ ထိမှန်ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး ဆေးရုံ အရေးပေါ်ပို့ဆောင်နေချိန်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

Operation Flame (OF) အဖွဲ့တာဝန်ရှိသူက “ကျနော်တို့ ပြောထားသလိုပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၂၀၂၁ ဒီဇင်ဘာ ၅ ရက် ပန်းပင်ကြီးလမ်းမှာ လူထုသပိတ်ကို အကြမ်းဖက်ပြီး ကားနဲ့တိုက် ပစ်ခတ် ဖြိုခွင်းသွားခဲ့တဲ့ ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ပြီး သတင်းပေးခဲ့တဲ့ သူကိုယ်တိုင်လည်း အဲဒီဖြစ်စဉ် အဲဒီနေ့မှာ ရှိခဲ့လို့ အပြစ်ကြွေး သွေးကြွေးအတွက် ပြန်တောင်းယူလိုက်တာပါ။ ဓမ္မာရုံရှေ့မှာ ဆိုက်ကားပေါ်နားနေတုန်း တော်လှန်ရေးရဲဘော်တွေ ရှင်းလင်းနိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကဟာကို မနေ့က ပြည်သူ့တရားစီရင်ရေးအဖြစ် လုပ်ဆောင်နိုင်ခဲ့တာ။ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်အားပေးတွေရဲ့ ဘယ်ဖြစ်စဉ် ဘယ်လုပ်ရပ်မှ ကျနော်တို့ မမေ့သွားဘူး။ သေချာ မှတ်တမ်းတင်ထားတယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို သေချာပြန်တောင်းမှာ”လို့ ပြောပါတယ်။

အဲဒီ စစ်ဆင်ရေးပြီးချိန်မှာ OF အဖွဲ့ဝင်တွေ  ဘေးကင်းရာ ရောက်ရှိနေပြီဖြစ်ပြီး သရက်တော ၅ လမ်းထိပ်မှာ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အတွင်းက မြို့နယ်တွေနဲ့အတူ မြန်မာပြည်အနှံ့တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး အင်အားစု‌တွေအတွက် ပြည်သူတွေက အင်အားအဖြစ် ဆက်လက်ပူးပေါင်း ပါဝင်ပေးကြဖို့ Operation Flame OF က တောင်းဆိုထားပါတယ်။
.......................................................
END / 251