အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္လာနေ့

၂၉ ဧပြီ ၂၀၂၄

၂၀:၃၁:၁၂
1455114

တိုက်ပွဲကြောင့် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း ရပ်တန့်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်လာတာကြောင့် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှု ရပ်တန့်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်လာတာကြောင့် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှု ရပ်တန့်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့အတွင်းမှာ ဧပြီ ၁၃ ရက်ကတည်းက စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဧရိယာမှာ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းအထိ ရောက်ရှိလာတာကြောင့် စီမံကိန်း ရပ်တန့်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းအနီး ရေကောက်နဲ့ ပုရစ်ကျေးရွာတွေ အနီးမှာ ဧပြီ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သလို ၂၆ ရက်မှာလည်း ရွှေလှေတံတားအနီးမှာ တိုက်ပွဲဖြစ်လာတဲ့အတွက် စီမံကိန်းက ဝန်ထမ်းတွေလည်း သံတွဲမြို့ကို ရွှေ့ပြောင်းသွားကြပြီလို့ သံတွဲမြို့နယ် ရေကောက်ကျေးရွာသားတဦးက ပြောပါတယ်။

“ဧပြီလ ၂၆ ရက်နေ့ ရွှေလှေတံတားအနီးမှာ တိုက်ပွဲစဖြစ်တဲ့နေ့မှာ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းက ဝန်ထမ်းတွေ သံတွေကို ကားတွေနဲ့ ရွှေ့ပြောင်းသွားတာ တွေ့လိုက်တယ်။ စီမံကိန်းက တရုတ်လူမျိုးတွေလည်း အဲနေ့မှာ အကုန်ရွှေ့ပြောင်းသွားကြတာ။ လက်ရှိမှာ စီမံကိန်းက ရပ်တန့်သွားပြီလို့ ပြောလို့ရတယ်။”

ဧပြီ ၂၈ ရက်ကလည်း သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းအတွင်းမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွှေလှေ၊ ရေကောက်၊ ပုရစ်၊ ဒေါ်မြ ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာနီးပါးက ဒေသခံ ၁၀,၀၀၀ နီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက စတင်တည်ဆောက်နေတာဖြစ်ပြီး ၈၀ ရာခိုင်နှုန်း ပြီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းကနေ တနှစ်ကို လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီပေါင်း ၃၈၆ သန်းခန့် ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် သံတွဲ၊ အမ်း၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

.......................................................
END / 251