အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : The Voice Journal
သောကြာနေ့

၃၁ မေ ၂၀၁၃

၁၉:၃၀:၀၀
425238

ဘင်္ဂါလီသားဖွားနှုန်း ထိန်းချုပ်မှု နှစ်စဉ်သုံးသပ် ထုတ်ပြန်မည်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ရခိုင်ပြည်နယ် မောင်တော ခရိုင်တွင် ဘင်္ဂါလီလူမျိုး တစ်အိမ်ထောင်လျှင် ကလေး နှစ်ယောက်သာ ယူခွင့် ဒေသန္တရ အမိန့်ကို နှစ်စဉ် သုံးသပ်ကာ ထုတ်ပြန်ရန် သင့်မသင့် ဆုံးဖြတ်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

မောင်တော ခရိုင်ရှိ ဘင်္ဂါလီများကို သားဖွားနှုန်း ထိန်းချုပ်သည့် ယင်းဒေသန္တရ အမိန့်ကို ဒေသ လိုအပ်ချက်အရ ၁၉၉၂ ခုနှစ် ခန့်ကပင် စတင်ကျင့်သုံး ခဲ့ပြီး လက်ရှိလည်း ကျင့်သုံးဆဲဖြစ်ရာ ယခုနှစ်တွင် ထပ်မံ ကျင့်သုံးရန် သုံးသပ်မှုများ ပြုလုပ် နေကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်း အတွင်းက မီဒီယာများတွင် ဖော်ပြထား သကဲ့သို့ ယခုနှစ်တွင် တရားဝင် အမိန့် ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ထုတ်ပြန်ရန် စီစဉ် နေဆဲသာ ဖြစ်ကြောင်း ၄င်းကဆိုသည်။ "မီဒီယာ တွေကို ဖြေတဲ့အချိန်မှာ သေချာ မသိသေး လို့ပါ။

မနေ့က (မေလ၂၉) ရက်နေ့က မောင်တောခရိုင် လဝက ခရိုင်မှူးကို မေးလိုက်တော့ ထုတ်ပြန်ဖို့ သုံးသပ် နေတုန်းလို့ ပြောပါတယ်" ဟု ဦးဝင်းမြိုင်က ပြန်လည်ဖြေရှင်းသည်။ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် အကြံပြုချက်ကို အကောင်အထည် ဖော်သည့် အနေနှင့် ဘင်္ဂါလီ သားဖွားနှုန်းကို ဒေသန္တရ အမိန့်ကို ထုတ်ပြန်ကာ ထိန်းချုပ် နေကြောင်း ၄င်းက မီဒီယာများကို လွန်ခဲ့သည့် ရက်ပိုင်းက ဖြေကြား လိုက်ပြီး နောက်တွင် ဝေဖန် သံမျိုးစုံ ထွက်ပေါ် လာခဲ့သည်။

ဘင်္ဂါလီ (မူရင်းအသုံး ရိုဟင်ဂျာ) များကို ကလေး နှစ်ယောက်သာ ယူခွင့်ပြုသည့် မူဝါဒ ချမှတ်ခြင်းသည် လူနည်းစု များကို စနစ်တကျ ဖိနှိပ်မှုတစ်ခု ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် သူများအဖွဲ့ (HRW) က မေလ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ သားဖွားနှုန်း ထိန်းချုပ်သည့် ယင်း ဒေသန္တရ အမိန့်သည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း မဟုတ်ဘဲ ပြည်နယ်နှင့် နိုင်ငံ၏ အမျိုးသား လုံခြုံရေးအတွက် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဦးဝင်းမြိုင်က တုန့်ပြန်ပြောကြားသည်။

အဆိုပါ ဒေသန္တရအမိန့်မှာ အသစ် ထုတ်ပြန်သည့်အမိန့် မဟုတ်ဘဲ ၁၉၉၂ ခုနှစ် ခန့်ကပင် နယ်စည်းမထား ဆရာဝန်များအဖွဲ့ ဟော်လန် (AZG)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် ညှိနှိုင်းကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။ မောင်တောခရိုင်တွင် ဘင်္ဂါလီလူမျိုး ၉၅ ရာခိုင်နှုန်းခန့်ရှိပြီး ရခိုင်အပါအဝင် အခြားတိုင်းရင်းသား ၅ ရာခိုင်နှုန်းခန့်သာ ရှိရာ လူဦးရေအချိုးအစား အလွန်ကွာဟ နေသဖြင့် ယင်းသို့အမိန့်ထုတ်ကာ လုပ် ဆောင်ရခြင်း ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောကြားသည်။