အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : myanmarmuslim မွ
ဗုဒ္ဓဟူးနေ့

၁၇ ဇူလိုင် ၂၀၁၃

၁၉:၃၀:၀၀
442137

၉၆၉ အမေးအဖြေ ပို့ချချက်

 အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

လူငယ်ဟန် အပြည့်နဲ့ ရဟန်းပေါက်စ ၀ိမာလဘိဝံသကို ရန်ကုန်မြို့က ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ စိတ်ဝင်စားသူ တရားနာ ပရိသတ်တွေကို တရားဟော စင်မြင့်ထက် ကနေဟော ကြားနေတာ တွေ့မြင် နိုင်ပါတယ်။ မြန်မာပြည်မှာ ဦးဇင်းရဲ့ ဂုဏ်သတင်းဟာ တစ်နေ့ တခြား ကြီးမားလာတဲ့ တိုင်အောင် “ကျုပ်တို့ဟာ ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပဲ” လို့ မိန့်ကြားခဲ့တဲ့ ဦးဇင်းရဲ့ ပြတ်သားတဲ့ စကားကိုတော့ ကျေးဇူး တင်ရမှာပါ။

အင်းစိန်မြို့ ဆင်ချေဖုံးရပ်ကွက်မှာ ကျင်းပတဲ့ ဦးဝိမလရဲ့ တရားပွဲကတော့ ဗုဒ္ဓဘာသာလိုဂို အမှတ်တံဆိပ်ကို မိတ်ဆက်ကြေညာတဲ့ ပွဲလည်းဖြစ်ပါတယ်။ လူထုကို သွေးပူလာစေဖို့ အတွက် ဘာသာရေးသွေးထိုး လှုံ့ဆော်တဲ့ ပရိသတ် နားစွဲလွယ်စေမယ့် သီချင်းကိုလည်း ဘုန်းကြီးကျောင်းရဲ့ အသံချဲ့စက် ကနေ ကျယ်ကျယ်လောင်လောင် ဖွင့်ပေးထားပါတယ်။

“ဗုဒ္ဓဘာသာ ရှင်လူများ သွေးအေးလို့ မနေသင့်ပြီ….” အစရှိတဲ့.. စာသားတွေနဲ့ပါ။

ဦးဝိမာလဘိဝံသဟာ ရန်ကုန်မြို့အနီးက ပင်လယ် ကမ်းရိုးတန်းဒေသ မွန်ပြည်နယ်က လာတာပါ။ မွန်ပြည်နယ်ဟာ မြန်မာပြည်ရဲ့ ပထမဆုံး ဗုဒ္ဓဘာသာကို ကူးပြောင်း လက်ခံခဲ့တဲ့ဒေသ အဖြစ် ဂုဏ်ယူမဆုံးပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ဦးဇင်းနဲ့ အခြား မွန်ဘုန်းကြီးတွေက ၉၆၉ ၀ါဒ သွန်သင်ချက်ကို ဖြန့်ချိဖို့ “ဂန္န၀ါစက သံဃာ” ကွန်ရက်ကို ဖွဲ့စည်းခဲ့ကြပါတယ်။

အဲဒီကွန်ရက်က ဖြန့်ဝေတဲ့ မြေပုံမှာ တစ်ချိန်က ဗုဒ္ဓဘာသာ ထွန်းကားခဲ့ပြီး အခု မွတ်စ်လင်မ် အများစုရှိရာ အင်ဒိုနီးရှားကဲ့သို့ မြန်မာနိုင်ငံ တစ်ဝိုက်က တိုင်းပြည်တွေကို ပြသထားပါတယ်။ “လိုအပ်ရင် တို့အရိုးနဲ့ ခြံစည်းရိုးကာမယ်” ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ပါ။

ဦးဝိမလဟာ တရားဟောဖို့ ခြေဗလာနဲ့ ရောက်ရှိလာပြီး ဦးဇင်းရဲ့ ပြောင်တလင်းခါတဲ့ ဦးခေါင်းကို မိုးဦးရာသီနွေရဲ့ ပူးပြင်းတဲ့ဒဏ်ကနေ ကာကွယ်ဖို့ တပည့်တွေက ထီးမိုးပေးထားရပါတယ်။ ဦးဇင်းရဲ့တရားပွဲကို ဗီဒီယိုသမားနှစ်ဦး မှတ်တမ်းတင်ပါတယ်။ နောက်ပိုင်းမှာ အဲဒီမှတ်တမ်းကို DVDs အဖြစ်နဲ့ တစ်နိုင်ငံလုံးကို ဖြန့်ချိကြမှာပါ။

စစ်အာဏာရှင်တွေ ထိန်းချုပ်ထားတဲ့ အင်တာနက်စနစ် မရှိတော့တဲ့နောက်ပိုင်း ၉၆၉ တရားခွေတွေဟာ Facebook နဲ့ YouTube စာမျက်နှာတွေမှာ ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြ လာကြပါတယ်။

ဦးဝိမလရဲ့ တရားပွဲစတိုင်က ရင်းရင်းနှီးနှီးနဲ့ အထက်စီး လေသံမျိုး ပေါက်လာသည်။ ပြက်လုံးထုတ် ဟာသလုပ်သည်။ တစ်ခါတခါ ဦးဇင်း မျက်လုံးကိုမှိတ်ပြီး ပြန်လည်နိုးထရေး တရားဟောဆရာလို တည်ငြိမ်အေးဆေးစွာ သီချင်းဆိုပါသေးတယ်။ ၉၆၉ ပိုစတာကို ဖြန့်ပြီး ဒီလှုပ်ရှားမှုရဲ့ အမေး အဖြေပို့ချချက်ကို ဦးဇင်းက ပရိသတ်ကို ဦးဆောင် တိုင်ပေးပါတယ်။

“မင်းတို့ အစာစားတဲ့အခါမှာ…” ဦးဇင်းက မေးပါတယ်။ “…၉၆၉ ..” ပရိသတ်ကြီးက အော်ဟစ်ဖြေဆိုကြပါတယ်။ “မင်းတို့ သွားတဲ့အခါမှာ…” “…၉၆၉…” “မင်းတို့ ၀ယ်တဲ့အခါမှာ…” “…၉၆၉…” “မင်းတို့ အိပ်တဲ့အခါမှာ ..” “…၉၆၉…” “မင်းတို့ နိုးတဲ့အခါမှာ …” “…၉၆၉…”

အဲဒီနောက်မှာတော့ ၀ီမရဘိဝံသဟာ ကရင်ပြည်နယ်မှာ မွတ်စ်လင်မ် ဆိုင်က ၀ယ်တဲ့ ဗုဒ္ဓဘာသာဝင်ကို ဖမ်းမိတဲ့အခါ ဒဏ်ရိုက်တဲ့အကြောင်း သက်သေပြ ပြောဆိုပါတယ်။

မွန်ပြည်နယ်က ဘုန်းကြီးတွေဟာ လူမျိုးရေး ပြဿနာ မီးတောက်ခဲ့တဲ့ နေရာတွေမှာ တရားပေါင်းများစွာ ဟောကြားခဲ့ပါတယ်။ ပဲခူးတိုင်းက မင်းလှမြို့နယ်မှာ ဆိုရင် ဖေဖော်ဝါရီလမှာ ဦးဝိမလ တရားဟောပြီးနောက် လူမျိုးရေး တင်းမာမှုတွေ ဖြစ်ပေါ်လာတယ်လို့ မွတ်စ်လင်မ် ဒေသခံတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ တစ်လလောက်ကြာတဲ့ အခါမှာတော့ အဲဒီမြို့က မွတ်စ်လင်မ် ဗလီတွေနဲ့ မွတ်စ်လင်မ်အိမ်တွေ ဖျက်ဆီး ခံလိုက်ရပါတယ်။ မင်းလှမြို့ခံ မွတ်စ်လင်မ် ၅၀၀ လောက် ထွက်ပြေးခဲ့ရပါတယ်။

အင်တာဗျူး တစ်ခုမှာတော့ ဦးဝီမလက ၉၆၉ ဟာ မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ကျူးလွန်ရန် အဖွဲ့ဝင်တွေက လှုံ့ဆော်မှု တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မွတ်စ်လင်မ်ပိုင် မီဒီယာတွေက ပုံကြီးချဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီလို ရဲဆေးတင်ပေးမှုတွေကို ဦးဝိမလက လူငယ်ပရိသတ်တွေဆီ ရောက်စေချင်နေတယ်။ ဦးဇင်းနဲ့ အခြားဘုန်းကြီးတွေက ဗုဒ္ဓဘာသာဝင် ကလေးငယ်တွေ အတွက် ဘာသာရေးပညာ မဖြစ်မနေ သင်ကြားပေးဖို့ တိုက်တွန်း အားပေးနေပါတယ်။ မွန်ဘုန်းကြီးတွေဟာ မော်လမြိုင်နဲ့ ရန်ကုန်မှာရှိတဲ့ ကျောင်းပေါင်း ၁၆၀ ကျော်ထဲက ကလေးပေါင်း ခြောက်သောင်းလောက်ကို စာသင်ပေးဖို့ အစီအစဉ် ရှိပါတယ်လို့ ဦးဝိမလရဲ့ ဒါကာမလည်းဖြစ် တပည့်လည်းဖြစ်သူ လက်ဝတ်ရတနာ အရောင်းအ၀ယ်ပြုသူ ရင်ရင်ထွေးက ပြောပါတယ်။

“ကလေးတွေကို ဓမ္မကို သင်ကြားစေချင်ပြီး သူတို့ရဲ့ ယဉ်ကျေးမှုတွေကို မြှင့်တင်ရမယ်၊ ဘာသာနဲ့ နိုင်ငံကို ကာကွယ်ရမယ်” လို့ သူမက ဆိုပါတယ်။ အပြင်ဘက်မှာတော့ ဦးဝိမလကို တွေ့ချင်သူ မူလတန်းကျောင်းသား/သူလေးများက ၉၆၉ အင်္ကျီလေးတွေ ကိုယ်စီဝတ်ပြီး စောင့်စားနေကြပါတယ်။

(ရိုက်တာ) – Andrew Marshall ၏ The 969 catechism ကို စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မီဒီယာ)က ဘာသာပြန်ဆိုသည်။