အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : myanmamuslim.net
တနင်္လာနေ့

၂၁ အောက်တိုဘာ ၂၀၁၃

၂၀:၃၀:၀၀
474629

“ဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့ မတူပဲနဲ့ ပုဂ္ဂိုလ်ရေးကို ရည်ရွယ်ပြီး ပြဌာန်းတဲ့ ပြဌာန်းချက်မျိုး ဖြစ်နေတယ် ဆိုတာကိုပဲ ဆရာက ဝေဖန်ပြတ

 အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပညာပေးကော်မတီမှ ကြီးမှူးကျင်းပသည့် ပညာပေး ဟောပြောပွဲနှင့် လူထု သဘောထားခံယူပွဲ ၌ ဥပဒေပညာရှင် ဦးကိုနီ ပြောကြားစဉ်

 

“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ဆွေးနွေးနေတာ မဟုတ်ဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သမ္မတအရည်အချင်းကို သတ်မှတ်တာဟာ အခြားအခြားသော နိုင်ငံတကာမှာ ရှိနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့ မတူပဲနဲ့ ပုဂ္ဂိုလ်ရေးကို ရည်ရွယ်ပြီး ပြဌာန်းတဲ့ ပြဌာန်းချက်မျိုး ဖြစ်နေတယ် ဆိုတာကိုပဲ ဆရာကဝေဖန်ပြတာပါ’’ ဟု ဥပဒေပညာရှင် ဦးကိုနီက ပြောသည်။

 

အထက်ပါ ပြောကြားချက်များကို ပါတီမှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပညာပေးကော်မတီမှ ကြီးမှူးကျင်းပသည့် ပညာပေး ဟောပြောပွဲနှင့် လူထု သဘောထားခံယူပွဲ အစီအစဉ် တစ်ရပ်ကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်တွင် ကျင်းပခဲ့သော တော်ဝင်နှင်းဆီ ခန်းမ၌ မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ပြောကြားခဲ့သည်။

 

လူတွေပေးတဲ့ ထင်မြင်ချက်အပေါ်မှာ ဆရာက ပြန်ပြီးတော့ ထင်မြင်ချက် မပေးချင်ပါဘူး၊ လူတိုင်း လူတိုင်းဟာ သူပေးချင်တဲ့ ထင်မြင်ချက်ကို ပေးလို့ရပါတယ်၊ အဲ့ဒီအပေါ် ဆရာဘက်က တုန့်ပြန်စရာမရှိပါဘူး’’ ဟု တရားလွတ်တော်ရှေ့နေက ထပ်လောင်းပြော ကြားခဲ့သည်။

 

“ဘယ်သူကိုမဆို တစ်ရည်တစ်ရွယ်တည်း သမ္မတမဖြစ်အောင် မလုပ်သင့်ပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒါဟာ ပြည်သူလူထုက ရွေးချယ်ရမယ့် ကိစ္စသာ ဖြစ်ပါတယ်၊ ပြည်သူလူထုက ရွေးချယ် ရမယ့်ကိစ္စကို ကြိုတင်ပြီးတော့ ဥပဒေနဲ့ ပိတ်လိုက်တဲ့အခါကြတော့ နစ်နာရင် နိုင်ငံသားတွေပဲ နစ်နာမှာပဲ၊ ဒါကြောင့် ဆရာအနေနဲ့ ဥပဒေပညာ အပေါ်မှာပဲ ဆွေးနွေးချင်ပါတယ်’’ ဟု အဆိုပါပွဲ၌ပင် မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ပြောသည်။

 

အဆိုပါပွဲသို့ ဒုဥက္ကဌဦးစိုးညွန့် နှင့် နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးများ ရေးသားနေသည့် ဆရာထင်လင်းဦး၊ ဥပဒေပညာရှင် ဦးကိုနီတို့မှ ဦးဆောင် ဟောကြားခဲ့သည့် အဆိုပါပွဲသို့ ခန့်မှန်းခြေ ဧည့်သည်တော် (၅၀၀)ကျော် တက်ရောက်ခဲ့သည်။

 

“ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတိုင်းမှာ မရှိဘူး၊ ပြည်သူ့ ဆန္ဒနှင့်အညီ ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိပါတယ်၊ အာဏာရှင်က အတင်းအဓမ္မ ပြည်သူလူထုကို အုပ်ချုပ်တဲ့ စနစ်မျိုးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ မရှိပါဘူး၊ အာဏာရှင်က နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရင် စည်းမရှိ ကမ်းမရှိ ထင်ရာမြင်ရာ အုပ်ချုပ်ပါတယ်၊ အဲ့လို စည်းမဲ့ ကမ်းမယ့်၊ စည်းမရှိ ကမ်းမရှိ အုပ်ချုပ်တဲ့ စနစ်ကို အာဏာရှင်စနစ်လို့ ခေါ်တယ်’’ ဟု ဥပဒေပညာရှင် ဦးကိုနီက ထပ်လောင်း ပြောကြားခဲ့သည်။

 

“အုပ်စိုးသူ အစိုးရမင်းတွေ က ကျွန်တော်တို့ ပြည်သူတွေ လိုက်နာဖို့ ချမှတ် ထားတဲ့စည်းမျဉ်း စည်းကမ်းကို ဥပဒေလို့ခေါ်တယ်၊ ဒီလို အစိုးရမင်းများ ကြိုက်ကြိုက် မကြိုက်ကြိုက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ခေါ်ပါတယ်။ ပြည်သူကို ပါးစပ်ပိတ်ပြီးတော့ တစ်ဖက် သတ်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူ့ဆန္ဒ ပါပါသလား’’ ဟု ဦးကိုနီ (တရားလွတ်တော်ရှေ့နေ) က တက်ရောက်လာသူများကို မေးမြန်းခဲ့သည်။

 

“၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်း ရေးခဲ့တဲ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပုဒ်မ(၃)မှာ နိုင်ငံတော် အာဏာ၏ မူလပိုင်ရှင်သည် နိုင်ငံသားများဖြစ်သည်၊ ဗိုလ်ချုပ်က ဒီထက်သေချာအောင် ပုဒ်မ(၄)မှာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအဖွဲ့၊ ဥပဒေပြုရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့တို့ဟာ အာဏာပိုင် မဟုတ်ဘူးတဲ့၊ နိုင်ငံသားတွေ ပိုင်တဲ့ အာဏာကို နိုင်ငံသားတွေရဲ့ ကိုယ်စား ခံယူကျင့်သုံးတဲ့ အဖွဲ့သာဖြစ်တယ်၊ အဲ့လောက်ရှင်းအောင် ရေးတယ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံတစ်ဝှမ်းလုံး၌ တည်သည်၊ မြန်မာနိုင်ငံမှာ မတည်ပဲ အင်္ဂလန်မှာ သွားတည်လို့ရမလား’’ ဟု အထက်ပါ ပုဂ္ဂိုလ်က ပညာပေး ဟောပြောပွဲနှင့် လူထု သဘောထားခံယူပွဲ အစီအစဉ်၌ ပြောကြားခဲ့ သည်။

 

အထက်ပါပွဲတွင် နောက်ဆုံး နိဂုံးချုပ်အနေဖြင့် စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ သဘောတူပါသလား ဟု သုံးကြိမ်တိုင်တိုင် တက်ရောက်လာသော ပြည်သူများ၏ ဆန္ဒကို တောင်းခံရာ ပြည်သူများကလည်း သုံးကြိမ်တိုင်တိုင် သဘောတူညီကြောင်းကို အဖွဲ့ချုပ်သို့ သဝဏ်လွှာပေးပို့မည် ဖြစ်ကြောင်း ဒုဥက္ကဌ ဦးစိုးညွန့်မှ ပြောကြားသွားခဲ့သည်။

 

သတင်း-ဇောင်းလေး (MMM)