အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္လာနေ့

၂၈ အောက်တိုဘာ ၂၀၁၃

၂၀:၃၀:၀၀
476395

ဗုဒ္ဓဘာသာအခြေခံ အမျိုးသားရေးဝါဒကြောင့် မြန်မာပြည်မှာ မွတ်စလင်မ်တို့အတွက် နေရာမရှိတော့ပြီလား? (ဘာသာပြန်)

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ

ယခုလအစောပိုင်း မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ရောက်ရှိနေခိုက် ရာဂဏန်းရှိ ဗုဒ္ဓဘာသာဝင်တို့သည် မွတ်စ်လင်မ်ရွာတစ်ခုကို ၀င်ရောက်စီးနင်းရာ နေအိမ် ၇၀ ကျော် ပြာကျမြေခခဲ့ပြီး အသက် ၉၄ နှစ်အရွယ် မွတ်စ်လင်မ်အမယ်အိုကြီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေပွဲဝင်ခဲ့ရသည်။ နိုင်ငံအ၀ှန်း ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတို့အကြား တောက်လျှောက်ဖြစ်ပွားလာသည့်ပြဿနာများအနက် ဤဖြစ်ရပ်သည် နောက်ဆုံးတိုက်ခိုက်မှုဖြစ်နေသည်။

 

လွန်ခဲ့သည့်နှစ်များအထိ အပယ်ခံအာဏာရှင်တိုင်းပြည်ဖြစ်သော မြန်မာနိုင်ငံသည် အနောက်တိုင်းနှင့် နွေးထွေးသည့် ဆက်ဆံရေးကိုထူထောင်ကာ ဒီမိုကရေစီနှင့်စီးပွားရေးပြုပြင်တည်ဆောက်မှုလမ်းကြောင်းသို့ တက်လှမ်းလာလင့်ကစား မွတ်စ်လင်မ်လူထုအပေါ် အကြမ်းဖက်မှုကြီးထွားလာခြင်းက -  မြန်မာပြည်အနေနှင့် ဆယ်စုနှစ်များစွာစစ်အုပ်ချုပ်ရေးထံမှ ထိုးထွက်ခဲ့သည့်ပြဿနာတို့အား အပြည့်အ၀မကိုင်တွယ်မဖြေရှင်းနိုင်သေးကြောင်း လှစ်ဟပြဆိုလျက်ရှိပေသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအတိုင်း မွတ်စ်လင်မ်များစွာတို့မှာ စစ်အုပ်ချုပ်ရေး၏လောင်းရိပ်ကြောင့် ဒီမိုကရေစီ နှင့် လွတ်လပ်မျှတမှုအကြောင်း ပြောဆိုရန် လက်မဲ့ဖြစ်နေရသည်။ ၄င်းအစား ဗုဒ္ဓဘာသာဝင်လူများစု နှင့် ဗုဒ္ဓဘာသာဝင်များသာ ကြီးစိုးနေသည့် စစ်အစိုးရလက်အောက်ရှိ အစွဲနှင့်ဖိနှိပ်ခြင်းများက အမုန်း သွတ်သွင်းမှု အသွင်ဖြင့် ရှေ့ဆက်စီးဆင်းနေသည်။

 

ဖိနှိပ်ခြင်းရာဇ၀င် —————– ၁၉၈၉ ခုနှစ်၌ Burma မှ Myanmar သို့ နိုင်ငံအမည်ပြောင်းလိုက်သလို Arakan မှ Rakhine အဖြစ် အမည်ပြောင်းခဲ့သော ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာတို့သည် သမိုင်းနှင့်ချီ၍နေထိုင်လာသူများဖြစ်သည်။ ယင်းပြည်နယ်ကို အရှေ့ပါကစ္စတန်နယ်စပ်နှင့်ပေါင်းစည်းရန် ကနဦးပိုင်းက ဆွေးနွေးမှုရှိခဲ့သော်လည်း ၁၉၄၈ ခုနှစ် ဗြီတိသျှအုပ်ချုပ်မှုမှ လွတ်လပ်ရေးရပြီးနောက်တွင်လည်း မြန်မာနိုင်ငံ၏အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိလာခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းမှ စစ်အာဏာသိမ်းလိုက်ပြီးနောက် လူများစု၏လူမျိုးနှင့်ဘာသာ(ဗမာလူမျိုးနှင့်ဗုဒ္ဓဘာသာ)အပေါ်မူတည်၍ နိုင်ငံသားသတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို အစိုးရမှ စတင်ဖော်ဆောင်သည်။ ယင်းလုပ်ရပ်သည် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ပေါင်းစည်းရေးအမြင်မှာ ဖယ်ခွာသွားခြင်းဖြစ်၏။ ဗိုလ်ချုပ်သည် ၁၉၄၇ ခုနှစ် လုပ်ကြံခြင်းမခံရမီက လူနည်းစုဝင်များ၊ ဘာသာရေးအသိုင်းအ၀ိုင်းများကို မိမိ၏ယာယီအစိုးရအဖွဲ့၌ ကိုယ်စားလှယ်များပါဝင်ထည့်သွင်းစေခဲ့သည်။

 

ဗမာလူမျိုး မဟုတ်သော၊ ဗုဒ္ဓဘာသာဝင်မဟုတ်သောပြည်သူတို့မှာ နိုင်ငံခြားသားများအဖြစ် တံဆိပ်တပ်ခံလိုက်ရပြီး၊ ရိုဟင်ဂျာမွတ်စ်လင်မ်တို့မှာလည်း ဗြိတိသျှအုပ်စိုးစဉ် မြန်မာပြည်သို့ တရားမ၀င်ရောက်လာသည့် ခိုးဝင်ဘင်္ဂါလီများအဖြစ် စွပ်စွဲခံရသည်။ ၁၉၇၀ နှစ်များစဦးပိုင်းတွင် ဗမာစစ်တပ်မှ ရိုဟင်ဂျာလူမျိုးစုဖယ်ရှားရှင်းလင်းရေးကို စတင်ပြုလုပ်ခဲ့၏။

 

ပထမဆုံးလုပ်ရပ်မှာ နဂါးမင်းစစ်ဆင်ရေးဟု ခေါ်ဆိုပြီး ၁၉၇၈ ခုနှစ်တွင် စတင်သည်။ ၄င်းတို့အား တရားမ၀င်ပြောင်းရွှေ့ဝင်ရောက်လာသူများဟု သတ်မှတ်၍ မောင်းထုတ်လိုက်ရန် ရည်ရွယ်ကြသည်။ နဂါးမင်း ဟူသည် ဗုဒ္ဒဘာသာ၏အရေးပါသော သင်္ကေတတစ်ရပ်ဖြစ်သည်။ ၄င်းမှာ မူလက ဗုဒ္ဓရာဇ၀င်ရှိ အိန္ဒိယရိုးရာ ရုပ်လုံးဖော်ချက် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် နဂါးရုံကျောင်းတိုက်ဟူသည် နဂါးကို အကာအကွယ်အစောင့်အရှောက်ထားရှိခြင်း အတွေးအမြင်ဖြင့် အနီးစပ်ဆုံးခေါ်တွင်ထားသည်။ ယင်းကျောင်းတိုက်တို့တွင် ပါးပျဉ်းထောင်နေသော မြွေဟောက်ကြီး ဖြင့် ဗုဒ္ဓရုပ်ပွားတော်အား အုပ်မိုးကာကွယ်ထားသည့် ပန်းပုရုပ်လုံးများကို တွေ့ရပေမည်။ ဗုဒ္ဓဘာသာကို နိုင်ငံခြားသားတို့၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးအတွက် လူမျိုးစုရှင်းလင်းဖယ်ရှားခြင်းကို စစ်တပ်မှ စစ်ဆင်ရေးပြုလျက် ကျယ်ပြန့်စွာလုပ်ဆောင်ရန် ယင်းသတ်မှတ်ချက်အားဖြင့် စတင်ခြေလှမ်းခဲ့သည်။

 

ဤစစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာတို့သည် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ၊ တစ်ဖက်စောင်းနင်းဖမ်းဆီးမှု၊ မြေယာသိမ်းယူခြင်းများကို အကျယ်တ၀င့် ခံကြရသည်။ ဗလီဝတ်ကျောင်းနှင့်ကျေးရွာများ ဖျက်ဆီးခံရသည်။ ဗလီဝတ်ကျောင်း၏သာသနိကပစ္စည်းများကိုလည်း ဒေသတွင်း စစ်အခြေစိုက်စခန်းများ၌ အမိုးအကာများအဖြစ် ယူငင်သုံးစွဲလေ့ရှိကြသည်။ သုံးလတာအတွင်း ရိုဟင်ဂျာဦးရေ ၂ သိန်းခွဲနီးပါး နယ်နှင်ခံရပြီး တစ်ဖက်ကမ်းအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ကာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ကြရသည်။ နောက်တစ်နှစ်တွင် ၄င်းဒုက္ခသည်များအနက် အများအပြားမှာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသည်။

 

၁၉၉၁ ခုနှစ်တွင် စစ်တပ်အခြေပြုဒုတိယစစ်ဆင်ရေးဖြစ်သော ပြည်သာယာစစ်ဆင်ရေးကို အလားတူရည်ရွယ်ချက်အတိုင်း ထပ်မံပြုလုပ်ခဲ့သည်။ ရိုဟင်ဂျာပေါင်း ၂ သိန်းမျှ ဘင်္ဂလားဒေ့ရှ်သို့ နောက်တစ်ကြိမ် ထွက်ပြေးရပြန်သည်။ ယနေ့သော် ယင်းနေရာ၌ ရွှေ့ပြောင်းဒုက္ခသည်စခန်းများအတွင်း ဒုက္ခသည် ၃ သိန်းခန့်မျှ ရှိနေပြီး အများအားဖြင့် အစာရေစာနှင့်ဆေးဝါးကုသမှု ချို့တဲ့လျက်ရှိသည်။ ၄င်းတို့အနက် ၂၈၀၀၀ သာလျှင် UNHCR (United Nations High Commissioner for Refugees) စခန်းမှ တရားဝင်အသိအမှတ်ပြုခြင်းခံရသည်။ မိမိတို့နိုင်ငံ၏ ဒေသ၀န်းကျင်၊ စီးပွားရေး၊ လူဦးရေအနေအထားအရ လက်ခံပေး၍မရကြောင်းဆို၍ ရိုဟင်ဂျာများ ပြည်တွင်းထဲစိမ့်ဝင်လာမှုကို ဘင်္ဂလားဒေ့ရှ်မှလည်း ငြင်းဆန်ထားသည်။

 

နိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လာမည်ကိုလည်းကောင်း၊ မြန်မာပြည်မှနယ်စပ်မှတဆင့် ရိုဟင်ဂျာများ ထပ်မံ ကျော်ဖြတ်ဝင်ရောက်လာမည်ကိုစိုးရိမ်သဖြင့် ဒုက္ခသည်စခန်းများတိုးမြှင့်ရေး၊ လူသားစာနာမှုအထောက်အကူ ပေးရေးတို့ကို လျှော့ချကန့်သတ်လိုက်သည်။ ၂၀၁၁ ခုနှစ်တွင် ရိုဟင်ဂျာများအတွက် ကုလသမဂ္ဂမှ ပေးပို့သည့် ဒေါ်လာ ၃၃ သန်းတန် ကူညီကယ်ဆယ်ရေးပစ္စည်းထုတ်များကို ဘင်္ဂလားဒေ့ရှ်မှ လက်မခံဘဲ ငြင်းဆန်ခဲ့သည်။

 

၎င်းတို့မှာ ဒေသတွင်းအခြားနိုင်ငံများ၏ဆက်ဆံမှုကိုလည်း အလားတူ ကြုံတွေ့နေရသည်။ မျှော်လင့်ချက်ကင်းမဲ့သည့် အနေအထားကိုဆက်လက်မကြုံဆုံချင်တော့ဘဲ မိမိကိုယ်ကို အဆုံးစီရင်သည့်အလား လှေငယ်လေးများဖြင့် ပင်လယ်ဖြတ်ကျော်ကြသည့် ရိုဟင်ဂျာတို့၏ မီဒီယာသတင်းများစွာ ရှိနေပါသည်။ ထိုင်းရေတပ်၏ပစ်ခတ်မှုကို ခံရခြင်း၊ ထိုင်းအာဏာပိုင်တစ်ချို့မှာ ဖမ်းဆီးကာ လူကုန်ကူးသူများထံ ရောင်းစားခြင်း၊ သြတေးလျလူဝင်မှုကြီးကြပ်ရေးစင်တာများ၌ အကန့်အသတ်မဲ့ထိန်းသိမ်းခံရခြင်း …. စသည်ဖြင့်။