အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : By ရိုးရာလေး
တနင်္ဂနွေနေ့

၁၉ ဇန်နဝါရီ ၂၀၁၄

၂၀:၃၀:၀၀
498521

နိုင်ငံတော် သမ္မတထံသို့ပေးစာ ...

နိုင်ငံတော် သမ္မတထံသို့ပေးစာ ... အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ    

သို့- နိုင်ငံတော် သမ္မတကြီး

 

မှ- သင်၏ သစ္စာရှိသော နိုင်ငံသား တစ်ဦး

 

သမ္မတကြီး ခင်ဗျား။ ချစ်ခင်လေး စားစွာဖြင့် စာရေးသား အပ်ပါသည်။ ကျန်းမာချမ်းသာ စွာဖြင့် တိုင်းပြည် တာဝန်များကို ထမ်းဆောင်နေမည်ဟု ယုံကြည် ပါသည်။ ဤစာကို ရေးသားဖြစ်သည့် တွန်းအား ကတော့ သမ္မတကြီး၏ မကွေးခရီးစဉ်မှာ အော်ဟစ်တိုင်ကြားသည့် ၀န်ထမ်းဟောင်း အမျိုးသမီးကြီးကို အားကျ၍ ဖြစ်ပါသည်။ သူ့ကိုအားကျ၍ အခွင့်ရလျှင် အနီးကပ်လျှပ် တစ်ပြက်အော်ဟစ်ချင်သည့်တိုင် ကျွန်တော်တို့ နေထိုင်ရာဒေသကို သမ္မတကြီး လာလည်ဖို့ အစီအစဉ်မရှိသေးသည့် အတွက် ယခုလို စာရေးသား ရခြင်းဖြစ်ပါသည်ခင်ဗျား။

 

သမ္မတကြီး အုပ်ချုပ်သည့် ကာလအတွင်းမှာ စိတ်ချမ်းသာရသည့် အကြောင်းရင်းများကို ဦးစွာပြောပြချင် ပါသည်။ ယခင်က ရပ်ကွက်များ အတွင်းမှာ ရန်ထောင်စွာကျယ် လုပ်ခဲ့ကြသည့် စွမ်းအားရှင်များကို မမြင်တွေ့ရတော့သည့်အ တွက် ပြည်သူအပေါင်း စိတ်နှလုံးချမ်းမြေ့ နေကြရပါသည် ခင်ဗျား။ သူတို့ကို နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မြင်တွေ့ခွင့် မရအောင် သမ္မတကြီးက စွမ်းဆောင်ပေးနိုင်မည် ဟုလည်း မျှော်လင့်မိပါသည်။

 

ညဥ့်သန်းခေါင်မှာ တံခါးခေါက်ပြီး ခြင်ထောင်ထဲကို ဓာတ်မီးဖြင့်လှမ်း ထိုးသည့် ဧည့်စာရင်းစစ်သူများလည်း အတော့်ကိုမတွေ့ရတော့သည့် အတွက် နှလုံးပီတိ ဂွမ်းဆီထိရပါသည်။ သမ္မတကြီး စတင်အုပ်ချုပ်စဉ်ကာလကတော့ ညဥ့်သန်းခေါင်မှာ သူတို့ရောက်မ လာကြတော့သည့်အ တွက် အိပ်မပျော်တောင်ဖြစ်မိ ပါသည်။ တစ်ခုခု မှားယွင်းနေပြီလားဟုပင် တွေးမိပါသည်။ အခုတော့ ရိုးသွားပါပြီ ခင်ဗျား။ ဒီအတွက်လည်း ရပ်ကွက် အတွင်းရှိ ပြည်သူအများက သမ္မတကြီးကို ကျေးဇူးတင်ကြောင်း ဒီစာကတစ်ဆင့် ပြောပေးဖို့ ကျွန်တော့်ကို မေတ္တာရပ်ခံကြပါသည်။

 

တယ်လီဖုန်း ဆင်းမ်ကတ်များလည်း ရရှိကြပါသည်။ ရိုးရာမပျက် မသမာမှုများ ရှိသည့်တိုင် ကျွန်တော်တို့မှာ ဒီထက်မက ခံနိုင်ရည်များ ရှိသည့်အတွက် မတုန်လှုပ်ကြပါ။ လျှပ်စစ်မီးလည်း အရင်ထက်စာရင် အပျက်နည်း လာပါသည်။ ပျက်တော့ ပျက်နေဆဲဖြစ်ပါသည်။ တစ်ခါတစ်ရံ မီးပျက်၍မှောင် နေသည့်တိုင် နေပြည်တော်ကြီး ထိန်ထိန်ညီးတောက်ပ နေမည်ဆိုသည့် စိတ်ကူးဖြင့် မုဒိတာပွားမိပါသည်။

 

 နိုင်ငံရေး အပြောင်းအလဲကို ဂျာနယ်များမှာ တွေ့နေရပါသည်။ သို့သော် အပြောင်းအလဲကို ရပ်ကွက်အတွင်းက ဘ၀များမှာတော့ မတွေ့ရသေးပါ။ မုန့်ဟင်းခါးတစ်ပွဲ ကျပ်သုံးရာမှ ကျပ်လေးရာ၊ ကွမ်းကျပ်တစ်ရာဖိုး လေးယာမှ သုံးယာ၊ အမဲသား တစ်ပိဿာ ကျပ်ခြောက်ထောင်မှ ကျပ်ကိုးထောင်၊ ကြက်သွန်တစ်ပိဿာ ကျပ်ရှစ်ရာမှ ကျပ်ထောင့်တစ်ရာ၊ ကန်စွန်းရွက်တစ်စည်း ကျပ်တစ်ရာမှ ကျပ်နှစ်ရာအထိ ညီညီညာညာ တက်လာနေခဲ့ ပါသည်။

 

ကုန်ဈေးနှုန်းများ တက်လာနေသည့် အတွက် သမ္မတကြီးက လစာတစ်ဝက်လျှော့ယူမည်ဟု ပြောခဲ့တုန်းက သမ္မတကြီး အတွက် ကျွန်တော်တို့ စိုးရိမ်ပူပန်ခဲ့ကြ ပါသည်။ လာဘ်မစားသည့် အတွက် လစာနှင့်မလောက် မငဖြစ်မှာ စိုး၍ ဖြစ်ပါသည်။ လွှတ်တော် အမတ်မင်းများကတော့ လစာတိုးသွားပြီဖြစ်သည့် အတွက် သူတို့အတွက် ကျွန်တော်တို့ ပြည်သူများက စိုးရိမ်ပူပန်စရာ မလိုတော့ပါ။ ကျွန်တော်တို့ အတွက်ကတော့ ရိုးနေပြီဖြစ်သည့် အတွက် မပူပန်ကြပါနှင့်။ ဤစာကိုရေးရသည့် အကြောင်းရင်းကို ယခုပြောပါတော့မည်။ သမ္မတကြီးက နှလုံးမှာစက်ထည့်ထား ရသည်ဟုကြား၍ ကျန်းမာရေးအတွက် ချက်ချင်းမပြောသေးဘဲ နိဒါန်းပျိုး နေခဲ့ရတာဖြစ်ပါသည်။

 

သမ္မတကြီး တာဝန်စတင်ထမ်းဆောင်ခဲ့သည့် အချိန်မှစပြီး ပြီးခဲ့သည့် သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ ရပ်ကွက်ပြည်သူများ အပျော်ရွှင်ရဆုံးနေ့ တစ်နေ့ရှိခဲ့ပါသည်။ သမ္မတကြီး၏ ရုံးခန်းအတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို နောက်ခံထားပြီး ရိုက်ကူးထားသည့် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံကို မြင်တွေ့ရသည့်နေ့ဖြစ် ပါသည်။ ခေါင်းဆောင်များ မခေါ်မပြောလုပ်ကြလျှင် ရပ်ကွက်နေပြည်သူများ စိတ်နှလုံးညှိုးချုံးကြ ရပါသည်။ ခေါင်းဆောင်ကြီးများ အဆင်မပြေသည့် အခါ “စွမ်းအားရှင်များ”ရပ်ကွက်ထဲမှာ ပြူတစ်ပြူတစ် လုပ်လာတတ်ကြ ပါသည်။ ထိုဓာတ်ပုံကို တွေ့ရသည့်နေ့ကတော့ မင်္ဂလာရှိဆုံးနေ့ အဖြစ် ကျွန်တော်တို့အားလုံး ၀မ်းသာခဲ့ကြပါသည်။ ထိုနေ့က ပျော်လွန်း၍ ရုပ်မြင်သံကြား ကလွှင့်သည့် ကိုရီးယား ဇာတ်လမ်းတွဲက “ဂျူမုံ”ကိုတောင် မကြည့်ဖြစ်ခဲ့ကြပါ။ ယခုတစ်ခါ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် သမ္မတကြီး၊ သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံချင်သည်ဟု တောင်းဆိုနေပါသည်။ သမ္မတကြီးတို့က မတွေ့နိုင်သေး ဟုကြားရ၍ ကျွန်တော်တို့ စိုးရိမ်ပူပန်ကြရ ပါသည်။

 

ရပ်ကွက်နေပြည်သူ များက ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာလေးစား ချစ်ခင်ကြပါသည်။ သူမအပေါ် ကရုဏာလည်း သက်ကြပါသည်။ ယခင်အစိုးရများက သမ္မတကြီးလို သဘောမကောင်းကြပါ။ သူမခင်ပွန်း မကွယ်လွန်မီမှာတောင် သူမဆီ လာတွေ့ခွင့် မပေးခဲ့ကြပါ။ အရာအားလုံးကို စွန့်လွှတ်ထား ခဲ့ပြီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် မြှုပ်နှံထားပြီး သူဖြစ်ပါသည်။ တပ်မတော်ဖခင်ကြီး၏ သမီးဖြစ်သည့် အတွက် တပ်မတော်ကိုလည်း သံယောဇဉ်အလွန်ရှိ သူဖြစ်ပါသည်။ သမ္မတကြီး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့စေ လိုပါသည်။ တွေ့ဆုံသည့် အခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း တစ်ပါတည်း ခေါ်ထားစေချင်ပါသည်။ ဗိုလ်ချုပ်မှူးကြီး ထံကိုတော့ ကျွန်တော်တို့ သီးခြားစာ မရေးတော့ပါ။ သမ္မတကြီးမှ တစ်ဆင့် ပြောကြားပေးရ န်ဖြစ်ပါသည်။

 

လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းကို ခန့်အပ်သူဖြစ်သည့် အတွက် ဗိုလ်ချုပ်မှူးကြီးအ နေဖြင့် အတိုက်အခံခေါင်းဆောင်ကို တွေ့ကိုတွေ့ဖို့ တာဝန်ရှိကြောင်း ရပ်ကွက်အ တွင်းက ဆွမ်းလောင်းရုံမှာ ပြောဆိုနေကြတာ ကျွန်တော် ကြားခဲ့ပါသည်။ အဖြေတစ်ခု မထွက်သေးသည့်တိုင် တွေ့ဆုံ စကားပြောဆိုသင့်သည်ဟု သူတို့ကပြောဆိုကြပါသည်။ ကျွန်တော်တို့ အားလုံးကလည်း မျှော်လင့်နေကြပါသည်။

 

တွေ့ဆုံ စကားပြောဖြစ်လျှင် သမ္မတကြီး၏ သက်တမ်းအတွက် အအောင်မြင်ဆုံးမှတ် တိုင်ဖြစ်ပါမည်။ သဘောတူနားလည်မှု ရပါက သမ္မတကြီးအနေဖြင့် တာဝန်မှ အနားယူသည့်အခါ တိုင်းပြည်အတွက် အသင့်လျော်ဆုံးလူကို ထားခဲ့နိုင်မည်ဖြစ် ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ သက်တမ်းကို ပြည်သူများက အလွန့်အလွန်မျှော်လင့် နေကြပါသည်။ ဆွမ်းလောင်းရုံနားမှာ ရပ်ကွက်သား တစ်ဦးက အခုလိုပြောပါသည်။

 

 “ခင်ဗျားတို့ စဉ်းစားရမှာက နိုင်ငံခြားသားဖြစ် ပေမယ့် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ သားတွေရဲ့မိခင်ကို သမ္မတ အဖြစ်ရွေးမလား၊ နိုင်ငံသား ဖြစ်ပေမယ့် လက်ဝါးကြီးအုပ်စီးပွားရေး လုပ်နေတဲ့ သားသမီးတွေရဲ