အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္လာနေ့

၃ မတ် ၂၀၁၄

၂၀:၃၀:၀၀
511118

ဖြုတ်ချခံ ယူကရိန်း သမ္မတဟောင်း အကူညီတောင်း၍ ခရိုင်းမီးယားသို့  စစ်တပ်ပို့ဟု ရုရှားပြော

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

- ခရိုင်းမီးယားဒေသသို့ ရုရှားတပ်များဝင်ရောက်ခဲ့ခြင်းမှာ ယူကရိန်းသမ္မတဟောင်း၏ တောင်းဆိုမှုကြောင့်ဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

ယမန်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြုလုပ်ခဲ့သည့် ယူကရိန်းအရေး အရေးပေါ်အစည်းအဝေးတွင် ရုရှားသံအမတ် ဗီတလီ ချာကင်က ပြောကြားရာတွင် ယူကရိန်း၏ အထုတ်ပယ်ခံ သမ္မတဟောင်းက ယူကရိန်းနိုင်ငံ၏ အခြေအနေမှာ ပြည်တွင်းစစ်သို့ ဦးတည်နေသည့် အခြေအနေဖြစ်နေသောကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရန်အတွက် ရုရှားမှ ၀င်ရောက်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည့်အတွက် ခရိုင်းမီးယားဒေသသို့ ရုရှားစစ်တပ်များ ၀င်ရောက်ခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

ထို့ပြင် ပြည်သူများ၏လုံခြံရေးနှင့် အခွင့်အရေး အထူးသဖြင့် နိုင်ငံအရှေ့တောင်ပိုင်း ခရိုင်းမီးယားဒေသရှိ ပြည်သူများ၏ အခွင့်အရေးများမှာ ခြိမ်းခြောက်ခြင်းခံနေရပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်ရန်ရှိနေသည်ဟု ယူနူကိုဗစ်ခ်ျ၏ ပြောကြားချက်ကို ကိုးကား၍ ချာကင်က ထပ်လောင်းပြောကြားခဲ့သည်။

 

အဆိုပါ အရေးပေါ်အစည်းအဝေးသို့ တင်ပြသော ယူကရိန်းနိုင်ငံ၏ အစီရင်ခံစာတွင် ခရိုင်းမီးယားဒေသ၌ ရုရှားတပ်သား ၁၆၀၀၀ ခန့် ၀င်ရောက် နေရာယူထားသည်ဟု ဖော်ပြထားပြီး၊ ထိုကိစ္စအတွက် နိုင်ငံတကာ၏ အကူအညီကိုလည်းတောင်းခံခဲ့သည်။

 

အမေရိကန်နိုင်ငံကမူ ယူကရိန်းအရေး ရုရှားမှ စစ်ရေးအရ ၀င်ရောက်ကျူးကျော်ခြင်းအတွင် အမေရိကန်-ရုရှား နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်လိုက်ပြီဟု ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီမှာလည်း ယူကရိန်းသို့ ယနေ့တွင် သွားရန်ရှိနေသည်။

 

ယူကရိန်းအရေးတွင် စစ်အားအားအသုံးပြုရန် ရုရှားသမ္မတပူတင်က အတည်ပြုခဲ့ပြီးနောက် ယူကရိန်းနိုင်ငံလည်း ၎င်း၏ စစ်တပ်ကို တပ်လှန့်ထားသည်။ ခရိုင်းမီးယားဒေသရှိ ယူကရိန်းစစ်စခန်းများကို ၀န်းရံထားသော ရုရှားစစ်တပ်များက ဂရင်းနစ်စံတော်ချိန် အင်္ဂါနေ့နံနက် ၃ နာရီ နောက်ဆုံးထား၍ လက်နက်ချရန် ယူကရိန်းရေတပ်အား ရာဇသံပေးထားကြောင်း ဆီဗက်စ်စတိုပိုလ်အခြေစိုက် ယူကရိန်းရေတပ် ဌာနချုပ်ကပြောကြားခဲ့သည်။ Ref: Al Jazeera and agencies