အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
တနင်္လာနေ့

၂၃ ဇွန် ၂၀၁၄

၀၃:၅၁:၄၂
618147

သီရိလင်္ကာတွင် ဘာသာရေးအဓိကရုဏ်းဖြစ်

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သီရိလင်္ကာတွင် ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုများတွင် အဆိုးရွားဆုံးအခြေအနေတစ်ခု၌ ပါဝင်ခဲ့သည့် ဇွန် ၁၆၊ တနင်္လာနေ့အကြမ်းဖက်မှုအတွင်း ဗုဒ္ဓဘာသာဝင်များ...၏ တိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့ကာ ၈၀ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်သ်(အ.စ)သတင်းဌာန ၊အဗ်နာ
(Written byး စိန်သွားမြား)
လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သီရိလင်္ကာတွင် ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုများတွင် အဆိုးရွားဆုံးအခြေအနေတစ်ခု၌ ပါဝင်ခဲ့သည့် ဇွန် ၁၆၊ တနင်္လာနေ့အကြမ်းဖက်မှုအတွင်း ဗုဒ္ဓဘာသာဝင်များ...၏ တိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့ကာ ၈၀ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
အကြမ်းဖက်မှုသည် သီရိလင်္ကာအနောက်တောင်ဘက် မြို့တော်ကိုလံဘိုနှင့် ကီလိုမီတာ ၆၀ ကွာဝေးသောအရပ်တွင်ရှိသည့် အလွတ်ဂါမာမြို့ မွတ်စလင်အများစုနေထိုင်ရာ ဒေသအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်မှုကို ဗုဒ္ဓဘာသာအဖွဲ့ဖြစ်သော ဘိုဒူဘာလဆီနာ BBS က ဦးဆောင်ပြုလုပ်ခဲ့သည်။ ဘိုဒူဘာလဆီနာကို အကြမ်းဖျင်း ဘာသာပြန်ဆိုရမည် ဆိုပါက သူတို့နိုင်ငံ၏ အသုံးအနှုန်းအရ ဗုဒ္ဓဘာသာစွမ်းအားရှင်တပ်ဖွဲ့ဟု အဓိပ္ပာယ်သက်ရောက်သည်။
မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုများကြောင့် သီရိလင်္ကာ အချို့သောဒေသများအတွင်း ဗုဒ္ဓဘာသာနှင့် မွတ်စလင်များအကြား အခြေအနေတင်းမာမှုများ ရှိခဲ့သည်။ ကြာသပတေးနေ့၌မူ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးသည် မွတ်စလင်အများစုနေထိုင်ရာ အလွတ်ဂါမာမြို့ လူစည်ကားသည့်ရပ်ကွက်အတွင်းသို့ ကားဖြင့် တရကြမ်းမောင်းနှင် ၀င်ရောက်ကာ မွတ်စလင်ဆန့်ကျင်ရေးစကားများ ပြောဆိုခဲ့ခြင်းကြောင့် မခံမရပ်နိုင်ဖြစ်ခဲ့သည့် မွတ်စလင်လူငယ်တစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်မိကာ လက်လွန်၍ ထိုဘုန်းကြီးမှာ ပျံလွန်သွားခဲ့သည်။ ထိုမှတစ်ဆင့် ဗုဒ္ဓဘာသာဝင်များ ဆူပူအုံကြွလာခဲ့ပြီး တနင်္ဂနွေနေ့တွင် အကြမ်းဖက်မှုသို့ ဦးတည်သွားခဲ့သည်။
ထို့နောက် မွတ်စလင်ရပ်ကွက်များကို အစွန်းရောက်များက တိုက်ခိုက်ခဲ့ကြပြီး ဆိုင်များ၊ အိမ်များကို မီးရှို့ခဲ့သည့်အပြင် မွတ်စလင်ပိုင် လယ်ယာမြေတစ်ခုအား အစောင့်တာဝန်ယူထားသည့် တမီလ်လူမျိုး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။ တနင်္ဂနွေနေ့ည၌ စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် သီရိလင်္ကာတွင်ရှိသော ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ ပါဝင်ခဲ့ကြပြီး မွတ်စလင်ဆန့်ကျင်ရေး ကြွေးကြာ်သံများနှင့်အတူ ၀ီလိပစ်တိရရွာရှိ မွတ်စလင်အများစု နေထိုင်ရာဘက်အခြမ်းအား ဓာတ်ငွေ့ဗုံးများ၊ ခဲလုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ ထိုနေရာမှ မွတ်စလင်များသည် ဗလီအတိုက်ခိုက် မခံရရေးအတွက် ကာကွယ်ခဲ့ကြသေးသည်။
ဒေသခံ သတင်းရင်းမြစ်များအရ ဗလီသုံးလုံးနှင့် မွတ်စလင်အိမ်အများစု မီးတင်ရှို့ခြင်း ခံခဲ့ရကြောင်း သိရသည်။ အကြမ်းဖက်မှုသည် အလွတ်ဂါမာမြို့တွင် စတင်ဖြစ်ပွားခဲ့ကာ ဘီရူဝါလာမြို့သို့ပါ ကူးစက်ပြန့်ပွားခဲ့သော်လည်း ဗုဒ္ဓဘာသာဝင် အစွန်းရောက်သမားများကို မည်သည့်ရဲတပ်ဖွဲ့ဝင်ကမှ ထိရောက်စွာ ကိုင်တွယ်ခဲ့ခြင်း မရှိပေ။ ဒေသခံရဲအရာရှိ တစ်ဦးဖြစ်သူ NK Illangakoon က တနင်္လာနေ့ည အရောက်မှာတော့ အခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီ ဖြစ်ကြောင်း၊ အိမ်တစ်ဒါဇင်ကျော်မှာတော့ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း၊ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်နေတဲ့ လူရှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ သို့သော်လည်း အရေအတွက် မဖော်ပြနိုင်သောလူများကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ အလွတ်ဂါမာမြို့တွင် နေထိုင်သော ဆင်ဟာလီ ဗုဒ္ဓဘာသာဝင် ဒီနေ့ရှ်ဆီရိဝါဒီနားက ဘယ်က ရောက်လာမှန်း မပြောတတ်ပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်နေအိမ်တွေအပြင်မှာ သာသနာ့အလံတွေ လွှင့်ထူထားဖို့ ညွှန်ကြားခဲ့တယ်။ ဒါမှသာ သူတို့ ခွဲခြားသိနိုင်မှာလို့ ပြောတယ်””ဟု ၎င်းကြုံတွေ့ခဲ့ရပုံကို ပြန်ပြောင်း ပြောကြားသည်။



““ကျွန်တော်တို့အားလုံး ကိုယ့်ဟာကိုယ်ပဲ ကာကွယ်ခဲ့ရတယ်။ ရဲတွေနဲ့ စစ်တပ်တာဝန်ရှိသူတွေက ဘာမှ လုပ်မပေးတဲ့အပြင် ရပ်ကြည့်နေတယ်။ ဗလီကို အကြမ်းဖက်သမားတွေ မီးရှို့ဖျက်ဆီးပြီးတဲ့အချိန်ရောက်တော့မှ သူတို့တွေ ရောက်လာကြတယ်လေ””ဟု ၀ယ်လီပင်နားမှ ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ အဗ္ဗဒူမော်လာနာက အယ်လ်ဂျာဇီးရားသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဒေသခံ မွတ်စလင်ခေါင်းဆောင်များကမူ သီရိလင်္ကာတာဝန်ရှိသူများသည် အကြမ်းဖက်မှုများ အရှိန်မြင့်ဖြစ်ပွားနေစဉ်ကာလ၌ ထိန်းသိမ်းနိုင်ခဲ့သော်လည်း မည်သည့်ကာကွယ်မှုမျိုးမှ မပေးခဲ့ဘဲ ရပ်ကြည့်နေခဲ့ကြောင်း စွပ်စွဲခဲ့သည်။ မွတ်စလင်ပိုင် အိမ်များ၊ ဆိုင်များ၊ စက်ရုံများ၊ ဗလီများနှင့် မူလတန်းကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့ကြသည်။ အလွတ်ဂါမာမြို့ ဆင်ခြေဖုံးရပ်ကွက် ၀ယ်လီပင်နားတွင် ညသန်းခေါင်ကျော်အချိန်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအတွင်း ဗလီတစ်လုံး မီးရှို့ခ့ခဲ့ရသည်။ ထိုသို့ မီးရှို့မှု ဖြစ်ပွားခဲ့ချိန်၌ အကန့်အသတ်မရှိ ညမထွက်ရ ကာဖြူးအမိန့် ထုတ်ပြန်ထားခြင်း ဖြစ်သော်လည်း မည်သည့်အရေးယူမှုမျှ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပေ။
““ကျွန်တော်တို့ကို အချိန်နှစ်နာရီ တိုက်ခိုက်ခဲ့ကြတယ်။ လူမသေမချင်း ရဲတွေ ဘယ်ပျောက်နေမှန်းကို မသိဘူး။ တနင်္လာနေ့မနက် စောစောရောက်တော့မှ ရဲတွေပေါ်လာပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်ပေးခဲ့ကြတယ်””ဟု ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုကို ခုခံရာ၌ ပါဝင်ခဲ့သော မွတ်စလင်အမျိုးသား မစ္စတာဟူစိန်က ပြောကြားသည်။ ထိုအဖြစ်အပျက်များနှင့် ပတ်သက်၍ သီရိလင်္ကာအစိုးရ၏ ကိုင်တွယ်မှုကို သီရိလင်္ကာတရားရေးဝန်ကြီး ရအူးဖ်ဟကီးမ်က မိမိအစိုးရအား ပြစ်တင်ရှုတ်ချခဲ့သည်။
““တရားဥပဒေစိုးမိုးရေး ယန္တရားကတော့ လုံးဝဥဿုံပျက်စီးသွားခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုတွေ မဖြစ်လာခင် ဆူပူအုံကြွစဉ်တည်းက အစိုးရအနေနဲ့ ထိရောက်စွာကိုင်တွယ်ဖို့ ၇၂ နာရီကြာ တောင်းပန်ပြီး တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။ ကျွန်တော် အရမ်းပဲ ရှက်မိပါတယ်။ ကျွန်တော့်လူတွေကို ကျွန်တော် အကာအကွယ် မပေးနိုင်ခဲ့ဘူး””ဟု မစ္စတာဟကီးမ်က ရင်ဖွင့်သည်။ မစ်္စတာရအူးဖ်ဟကီးမ်သည် သီရိလင်္ကာ၏ အကြီးဆုံးမွတ်စလင်ပါတီ ခေါင်းဆောင်လည်း ဖြစ်သည်။ ထို့ပြင် တရားရေးဝန်ကြီး မစ္စတာဟကီးမ်သည် အစွန်းရောက် ဆင်ဟာလီဗုဒ္ဓဘာသာအဖွဲ့ BBS ၏ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးအရေးယူခြင်း မရှိပါက ရာထူးမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။
““အစိုးရက ဒီအစွန်းရောက်တွေစုဝေးပြီး လှုပ်ရှားမှုတွေကို အရေးမယူဘဲ ခွင့်ပြုထားပါတယ်။ ဒီလူတွေကို ဖမ်းဆီးထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်””ဟု မစ္စတာဟကီးမ်က BBS ကို ရည်ညွှန်းပြောဆိုသည်။


အခြားသော အလယ်အလတ် ဗုဒ္ဓဘာသာဝင်များမှာ အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲ ခပ်ဝေးဝေးတွင် ရှောင်ရှားနေခဲ့သည်။ သီရိလင်္ကာ အမရပူရ မဟာနိခယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအဖွဲ့၏ မဟာနာယကဖြစ်သူ ဆရာတော် ဒေဗူဒီနား သျှရီ ဂန်နိဿရ သီဟိုကမူ ““သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာခြားအသိုင်းအ၀ိုင်းတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ပါတယ်။ အဲဒီပုံစံမျိုးလေးကိုပဲ ထိန်းသိမ်းပြီး ရှေ့ဆက်ချင်တယ်။ ဒီလှုံ့ဆော်မှုတွေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တင်းမာမှုတွေ ဖြစ်စေခဲ့တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတိုင်း မျက်နှာစုံညီဆွေးနွေးပြီး ဖြေရှင်းအဖြေရှာသင့်တယ်””ဟု အယ်လ်ဂျာဇီးရား ရုပ်သံသို့ မိန့်သည်။ သို့သော်လည်း ဆရာတော်သည် BBS အဖွဲ့နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
မြန်မာနိုင်ငံနည်းတူ ဗုဒ္ဓဘာသာအစွန်းရောက်ဝါဒသည် သီရိလင်္ကာတွင် ပျံ့နှံ့နေခဲ့ပြီး မွတ်စလင်လူနည်းစုအား ဗုဒ္ဓဘာသာဝင် လူများစုက တိုက်ခိုက်ခဲ့သည့် အဖြစ်အပျက်များလည်း ယခင်က အများအပြား ရှိခဲ့သည်။ ပြည်သူအများစုက BBS အဖွဲ့အား သီရိလင်္ကာသမ္မတ မစ္စတာမဟင်ဒါရာဂျာပက်စားနှင့် ၎င်း၏ညီဖြစ်သူ ကာကွယ်ရေးဝန်ကြီး ဂိုတာဘယရာဂျာပက်စားတို့က ကျောထောက်နောက်ခံ ပေးထားသည်ဟု ယူဆထားသည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် ပါဝင်ပတ်သက်မှုကို ငြင်းဆန်ထားသည်။ ယခုတစ်ကြိမ် အကြမ်းဖက်မှုများ ဖြစ်ပွားနေစဉ်ကာလအတွင်း သမ္မတဖြစ်သူသည် ဘိုလီဗီးယားနိုင်ငံသို့ ရောက်ရှိနေသည်။ ဆင်ဟာလီဗုဒ္ဓဘာသာများသည် သီရိလင်္ကာလူဦးရေ၏ ၇၅ ရာခိုင်နှုန်း ရှိပြီး ထိုလူများစု၏ အားပေးထောက်ခံမှုကို ရယူရန်အတွက် BBS အား လွှတ်ထားပေးခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။ ဆင်ဟာလီဗုဒ္ဓဘာသာဝင်များသည် လူများစုဖြစ်သည့်အားလျော်စွာ နိုင်ငံ၏လူနည်းစု မွတ်စလင်များ၊ တမီလ်များနှင့် ခရစ်ယာန်ဘာသာဝင်များကို အနိုင်ကျင့်စော်ကားနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း မြို့တော် ကိုလံဘိုအခြေစိုက် နိုင်ငံရေးပါတီ မဟုတ်သော နိုင်ငံရေးပွင်းလင်းအဖွဲ့အစည်းဖြစ်သည့် Policy Alternatives စင်တာ၏ ဒါရိုက်တာဖြစ်သူ ပိုင်ကီယာဆိုသီဆာရာ ဗနာမွတ္တူးက ပြောကြားသည်။ သမ္မတရွေးကောက်ပွဲသည် ၂၀၁၆ ခုနှစ် မတိုင်မချင်း ကျင်းပဦးမည် မဟုတ်သော်လည်း သမ္မတဖြစ်သူ ရာဂျာပက်စားက ဆောလျင်စွာ ကျင်းပနိုင်ခြေရှိသည်ဟု ခန့်မှန်းမှုများ ရှိနေသည်။
““နိုင်ငံရေးမှာ အောက်ဖဲကို ထုတ်သုံးပြီးပြီဆိုရင် နောက်ပြန်လှည့်ဖို့အတွက် တစ်ခါတစ်ရံမှာ မဖြစ်နိုင်တော့ပါဘူး။ ရာဂျာပက်စားရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေဟာ ရေတိုစီမံကိန်းတွေ ပိုများပါတယ်။ သူတို့အစိုးရအဖွဲ့ဟာ အာဏတည်မြဲဖို့ ဘာမဆိုလုပ်ဖို့ ၀န်လေးမှာ မဟုတ်ပါဘူး””ဟု ဆာရဗနာမွတ္တူးက သုံးသပ်ပြောကြားသည်။
နိုင်ငံတကာအစိုးရအဖွဲ့များနှင့် အခြားသောအဖွဲ့အစည်းများက အကြမ်းဖက်မှု နှစ်ရက်တာ ဖြစ်ပွားခဲ့ပြီးနောက်တွင် စိုးရိမ်ပူပန်ကြောင်းနှင့် ဝေဖန်ရှုတ်ချကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်နှင့်အလယ်အာရှဆိုင်ရာ လက်ထောက်တာဝန်ခံ နီရှားဘီစ၀ဲလ်က ““သီရိလင်္ကာတာဝန်ရှိသူတွေအနေနဲ့ ဒီအကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားမျှတမှုကို ဖော်ဆောင်ပေးဖို့အတွက် တိုက်တွန်းပါတယ်””ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကိုလံဘိုမြို့တွင်ရှိသည့် အမေရိကန်သံရုံးမှလည်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအား ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ မွတ်စလင်လူနည်းစု၏ ပိုင်ဆိုင်မှုများနှင့် ဘာသာရေးအဆောက်အအုံများ တိုက်ခိုက်မှုကို သီရိလင်္ကာအစိုးရအနေဖြင့် ကာကွယ်တားဆီးပေးရန်အတွက် အမေရိကန်ပြည်ထောင်စုက တိုက်တွန်းခဲ့သေးသည်။ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်အား စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ယန်းဆာကီက တောင်းဆိုခဲ့သည်။
““ဘာသာရေးအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မိပါတယ်။ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ လိုလားပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အစိုးရအနေနဲ့ ပြန်လည်ဖော်ဆောင်ပေးဖို့ တောင်းဆိုပါတယ်””ဟု ဆာကီက သတင်းထောက်များအား ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအရာရှိ နာဝီပီလေးကလည်း အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများအား အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံး ဖမ်းဆီးထိန်းသိမ်းရန် တောင်းဆိုခဲ့သည်။ ““အကြမ်းဖက်မှုမှာ ပါဝင်တဲ့လူတွေ၊ မုန်းတီးရေး ဟောကြားတဲ့လူတွေကို ဖမ်းဆီးထိန်းသိမ်းရပါမယ်။ လူနည်းစုဘာသာဝင်တွေကို အကာအကွယ်ပေးရပါမယ်””ဟု ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း OIC ၏ အထွေထွေအတွင်းရေးမှူးချုပ် အီယားဒ်အမီးန်မဒနီ ကလည်း အစွန်းရောက်များ၏ မွတ်စလင်များအပေါ် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အလွန်ပင်စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။ အစိုးရတာဝန်ရှိသူများအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်ပေးရန်၊ တရားဥပဒေစိုးမိုးရေး ရှိစေရန်၊ ဖြစ်စဉ်အားလုံး စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန် အကြမ်းဖက်သူများ တရားဥပဒေအရ ဖမ်းဆီးအရေးယူပေးရန်နှင့် နောက်နောင် ဆက်လက်၍ အကြမ်းဖက်မှုများ မပေါ်ပေါက်ရန်အတွက် လုပ်နိုင်သမျှ အကုန်လုပ်၍ တားဆီးပေးရန်အတွက် OIC အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်က တောင်းဆိုပေးခဲ့သည်။
BBS အဖွဲ့၏ ဥသျှောင်ဘုန်းတော်ကြီးမှာ Galagodaatte Gnanasara Thera ဖြစ်ပြီး မွတ်စလင်စီးပွားရေးသမားများကို ယခုနောက်ဆုံး ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု မတိုင်ခင် ခြိမ်းခြောက်ခဲ့သူလည်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြို့တော် ကိုလံဘိုဆင်ခြေဖုံးရှိ ဗလီတိုက်ခိုက်ခံရမှုနှင့် လူလေးဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အတွင်း BBS အဖွဲ့သည် ပါဝင်ပတ်သက်ခဲ့သေးသည်။
အစ္စလာမ်ဘာသာအား အဓိကပတ်မှတ်ထား တိုက်ခိုက်နေပြီး မွတ်စလင်များ စားသုံးနိုင်ရန် “ဟလာလ်” တံဆိပ်ကပ်မှုအား ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး ““Anti-Halal”” ကမ်ပိန်းအား ပြုလုပ်ခဲ့ကာ ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအပြီး သီရိလင်္ကာလူဦးရေ၏ လေးပုံသုံးပုံမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာကိုးကွယ်သော ဆင်ဟာလီလူမျိုးများ ဖြစ်ပြီး ကိန်းဂဏန်းအရ ဖော်ပြရမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် ၇၀ ဒသမ ၂ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင် ၁၂ ဒသမ ၆ ရခိုင်နှုန်း၊ မွတ်စလင် ၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် ခရစ်ယာန်ဘာသာဝင် ၇ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး နေထိုင်ကြသည်။


၂၀၀၉ ခုနှစ်အတွင်း ဆင်ဟာလီဗုဒ္ဓဘာသာ ကြီးစိုးသော သီရိလင်္ကာအစိုးရအဖွဲ့နှင့် ဟိန္ဒူအများစုဖြစ်သော တမီလ်သူပုန်များအကြား ပြည်တွင်းစစ် ဖြစ်ပွားခဲ့သေးသည်။ ထို့နောက်တွင် တမီလ်ကျားသူပုန်များ အရေးနိမ့်သွားခဲ့ပြီး ၂၅ နှစ်နီးပါး ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့သည်။ သို့သော်လည်း ပြည်တွင်းစစ်အား လက်တွေ့ကြုံခဲ့ရသော ပြည်သူများအကြား ကြောက်လန့်မှုများမှာ အမြစ်တွယ်နေဆဲ ဖြစ်သည်။ ဟိန္ဒူဘာသာဝင်များကို ဖိနှိပ်နေဆဲကာလအတွင်း မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခဖြစ်ပွားခြင်းမှာ မရှိသလောက် ရှားခဲ့လေသည်။
Ref ; Aljazeera, My Times, CNN
မွန်းတည့်နေ (အတွဲ ၂၊ အမှတ် ၂၅) See More