အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္ဂနွေနေ့

၂၇ စက်တင်ဘာ ၂၀၁၅

၀၂:၁၄:၄၀
712498

ဘာကီနာဖာဆို အစိုးရက အာဏာသိမ်းရန် ကြိုးစားခဲ့သည့် သမ္မတ ကိုယ်ရံတော်တပ်ဖွဲ့ကို ဖျက်သိမ်း

ဖာကီနာဖာဆိုသမ္မတ (အလယ်)အား စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် အာဏာသိမ်းရန် အားထုတ်ခဲ့သည့် သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့ကို ဘာကီနာဖာဆို အစိုးရက ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ ဘာကီနာဖာဆိုတွင် ရွေးကောက်ပွဲ မကျင်းပမီ သီတင်းပတ် အနည်းငယ် အလို၌ သမ္မတ ကိုယ်ရံတော်တပ်က နိုင်ငံ သမ္မတနှင့် ဝန်ကြီးချုပ်တို့ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ အာဏာသိမ်းမှု အကောင်အထည် ဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ စစ်တပ်က ကြားဝင်လာပြီး သမ္မတ မိုက်ကယ် ကာဖန်ဒို လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သလို နိုင်ငံတကာ ဖိအားပေးမှုများကြောင့် အဆိုပါ အာဏာသိမ်းမှု အစီအစဉ် ပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဖာကီနာဖာဆိုသမ္မတ (အလယ်)အား စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်

အာဏာသိမ်းရန် အားထုတ်ခဲ့သည့် သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့ကို ဘာကီနာဖာဆို အစိုးရက ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


ဘာကီနာဖာဆိုတွင် ရွေးကောက်ပွဲ မကျင်းပမီ သီတင်းပတ် အနည်းငယ် အလို၌ သမ္မတ ကိုယ်ရံတော်တပ်က နိုင်ငံ သမ္မတနှင့် ဝန်ကြီးချုပ်တို့ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ အာဏာသိမ်းမှု အကောင်အထည် ဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ စစ်တပ်က ကြားဝင်လာပြီး သမ္မတ မိုက်ကယ် ကာဖန်ဒို လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သလို နိုင်ငံတကာ ဖိအားပေးမှုများကြောင့် အဆိုပါ အာဏာသိမ်းမှု အစီအစဉ် ပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၃ ရက်တွင် သမ္မတ ကာဖန်ဒို အာဏာပြန်လည် ရယူခဲ့ပြီးနောက် ပထမဆုံး အစိုးရ အစည်းအဝေးကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပခဲ့ရာ သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့ကို ဖျက်သိမ်းခဲ့သလို နိုင်ငံ၏ လုံခြုံရေးဌာန အကြီးအကဲကိုလည်း ရာထူးမှ ဖယ်ရှားလိုက်သည်။ ထို့အပြင် အာဏာသိမ်းရန် ကြိုးပမ်းမှု ပေါ်ပေါက်ခဲ့ခြင်းကို စစ်ဆေး စုံစမ်းရန် အထူးကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်တွင် စတင်သည့် အာဏာသိမ်းမှုနှင့် ပတ်သက်၍ ကော်မရှင်က တစ်လကြာ အချိန်ယူ စုံစမ်းသွားမည် ဖြစ်သည်။ “ဖြစ်ရပ်နဲ့ ပတ်သက်လို့ တရားရေးအရ ချဉ်းကပ် စစ်ဆေးမှုတွေကိုလည်း ချက်ချင်း အစပြုစေမှာ ဖြစ်ပါတယ်”ဟု ပြည်တွင်း ရုပ်မြင်သံကြား ဌာနတွင် သတင်းထုတ်ပြန်ခဲ့သည်။ အစိုးရ အဖွဲ့သည် သမ္မတ၏ စစ်ရေးကောင်စီ အကြီးအကဲ ရာထူးကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့၏ မအောင်မြင်သော အာဏာသိမ်းယူရန် အားထုတ်မှုအတွင်း ဆန္ဒပြမှုများ၊ ပဋိပက္ခများကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၂၇၁ ဦး ဒဏ်ရာများ ရရှိခဲ့သည်။ အဓိကအားဖြင့် မြို့တော် အူဂါဒူဂူတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းရာမှ ထိခိုက် သေကြေမှုများ ပေါ်ပေါက်ခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

ဘာကီနာဖာဆိုသည် အောက်တိုဘာ ၁၁ ရက်တွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ သတ်မှတ်ရက်အတိုင်း ဖြစ်မြောက်မှု ရှိမရှိ မသေချာသေးချေ။ ဘာကီနာဖာဆို နိုင်ငံသည် အာဏာရှင်အဖြစ် ၂၇ နှစ်ကြာ အုပ်စိုးခဲ့သည့် သမ္မတ ဘလာဆီ ကွမ်ပိုရီကို ဖြုတ်ချပြီး ဒီမိုကရေစီ စနစ်ကို စတင်ထူထောင်ခဲ့သည်မှာ တစ်နှစ်မျှသာ ရှိသေးသည်။

ယခုအာဏာသိမ်းမှုကို ကွမ်ပိုရီ၏ အဓိက မဟာမိတ်လည်းဖြစ်၊ ညာလက်ရုံးလည်းဖြစ်သည့် ထောက်လှမ်းရေးဌာန အကြီးအကဲဟောင်း ဗိုလ်ချုပ် ဂီးလ်ဘတ် ဒီယန်ဒရီက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက အာဏာသိမ်းမှု မအောင်မြင်ခဲ့သည့်နောက် ပြည်သူများကို တောင်းပန်စကား ပြောကြားခဲ့သည်။

စစ်တပ်နှင့် သမ္မတ ကိုယ်ရံတော်တပ်တို့ ညှိနှိုင်းမှု အပြီးတွင် မြို့တော်၌ သွေးထွက်သံယို တိုက်ခိုက်မှုများ မဖြစ်စေရေး ရှောင်ကွင်းရန်နှင့် သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့ကို ဖျက်သိမ်းရန် ဒီယန်ဒရီက သဘောတူညီခဲ့သည်။ ဘာကီနာဖာဆို ဝန်ကြီးချုပ် ယာကူဘာ အိုင်ဆက် ဇီဒါက ဒီယန်ဒရီ၏ အနာဂတ် အလားအလာကို သုံးသပ် စဉ်းစားနေကြောင်းနှင့် အာဏာသိမ်းမှု ဖြစ်စဉ်ကို အသေးစိတ် စုံစမ်း အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
---------------------------------------
251 / End