အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
သောကြာနေ့

၂ အောက်တိုဘာ ၂၀၁၅

၀၃:၄၁:၂၀
713251

အာဏာသိမ်းရန် အားထုတ်ခဲ့သည့် ဗိုလ်ချုပ်ကြီးကို အဖမ်းခံရန် ဘာကီနာဖာဆို အစိုးရ တိုက်တွန်း

ဘာကီနာဖာဆို အစိုးရသည် အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် သမ္မတကိုယ်ရံတော်တပ်ဖွဲ့ အကြီးအကဲကို အဖမ်းခံရန် တိုက်တွန်းထားကြောင်း သိရှိရသည်။ ဗိုလ်ချုပ်ကြီး ဂီးလ်ဘတ် ဒီယန်ဒရီသည် မအောင်မြင်သည့် အာဏာသိမ်းမှု အပြီးတွင် စက်တင်ဘာ ၃၀ ၌ မြို့တော် အူဂါဒူဂူသို့ အစိုးရတပ်များ ရောက်မလာမီ ဗာတီကန် သံရုံး၌ ခိုလှုံသွားခဲ့သည်။ အစိုးရကို သစ္စာခံသည့် စစ်တပ်သည် ကိုယ်ရံတော်တပ်များ အသုံးပြုခဲ့သည့် စစ်စခန်းများကို ပြန်လည် စီးနင်းလိုက်သလို ဒီယန်ဒရီ၏ နောက်လိုက်များကို ဖမ်းဆီးထားလိုက်ကြောင်း သိရသည်။ “အခုလောလောဆယ်တော့ ဒီယန်ဒရီကို အာဏာပိုင်တွေဆီမှာ လာအဖမ်းခံဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်”ဟု အစိုးရက ကြေညာချက် ထုတ်ပြန်သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဘာကီနာဖာဆို အစိုးရသည် အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် သမ္မတကိုယ်ရံတော်တပ်ဖွဲ့ အကြီးအကဲကို အဖမ်းခံရန် တိုက်တွန်းထားကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြီး ဂီးလ်ဘတ် ဒီယန်ဒရီသည် မအောင်မြင်သည့် အာဏာသိမ်းမှု အပြီးတွင် စက်တင်ဘာ ၃၀ ၌ မြို့တော် အူဂါဒူဂူသို့ အစိုးရတပ်များ ရောက်မလာမီ ဗာတီကန် သံရုံး၌ ခိုလှုံသွားခဲ့သည်။ အစိုးရကို သစ္စာခံသည့် စစ်တပ်သည် ကိုယ်ရံတော်တပ်များ အသုံးပြုခဲ့သည့် စစ်စခန်းများကို ပြန်လည် စီးနင်းလိုက်သလို ဒီယန်ဒရီ၏ နောက်လိုက်များကို ဖမ်းဆီးထားလိုက်ကြောင်း သိရသည်။

“အခုလောလောဆယ်တော့ ဒီယန်ဒရီကို အာဏာပိုင်တွေဆီမှာ လာအဖမ်းခံဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်”ဟု အစိုးရက ကြေညာချက် ထုတ်ပြန်သည်။

စက်တင်ဘာ ၃၀ တွင် သမ္မတ မိုက်ကယ် ကာဖန်ဒိုက စစ်တပ်က ပြန်လည် သိမ်းယူထားသည့် စစ်တန်းလျားများသို့ သွားရောက် လည်ပတ်ခဲ့သလို စစ်သည်များကိုလည်း ယခုလုပ်ဆောင်မှုအတွက် ကျေးဇူးတင်ရှိကြောင်း လိုက်လံ ပြောဆိုခဲ့သည်။ စစ်တန်းလျားများကို ဝင်ရောက်စီးနင်းသည့် စစ်ဆင်ရေးတွင် အသေအပျောက် မရှိကြောင်းလည်း သမ္မတက သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒီယန်ဒရီ၏ တပ်ဖွဲ့များသည် စက်တင်ဘာ ၁၆ ရက်က အစိုးရ အစည်းအဝေး တစ်ရပ်တွင် ဝင်ရောက်စီးနင်းကာ ကာဖန်ဒိုနှင့် ဝန်ကြီးချုပ် အပါအဝင် အစိုးရ ဝန်ကြီးအချို့ကို ဖမ်းဆီးခဲ့သည်။ သို့သော် အဆိုပါ လုပ်ရပ်ကို ဘာကီနာဖာဆို ပြည်သူများက လက်မခံဘဲ လူပေါင်း ထောင်နှင့်သောင်းနှင့်ချီ လမ်းပေါ်ထွက်ကာ ဆန္ဒပြခဲ့ပြီးနောက် ဒီယန်ဒရီ၏ သစ္စာခံတပ်များနှင့် ပဋိပက္ခများ ဖြစ်ပွားပြီး ပြည်သူအချို့ သေဆုံးခဲ့သည်။

အာဏာရှင် တစ်ဦးအဖြစ် အုပ်စိုးခဲ့သည့် သမ္မတ ဘလာစီ ကမ်ပိုရီခေတ် အဆုံးသတ်သွားသည့်နောက်ပိုင်း ယခုအာဏာသိမ်းမှုသည် ဒီမိုကရေစီ အသွင်ကူးပြောင်းစ ဘာကီနာဖာဆို နိုင်ငံအတွက် ကြီးမားသည့် ဂယက်ရိုက်ခတ်မှု တစ်ခု ဖြစ်လာသည်။ ဒီယန်ဒရီသည် ကမ်ပိုရီ၏ အဓိက မဟာမိတ် တစ်ဦးဖြစ်ပြီး ၎င်းက အာဏာသိမ်းယူထားချိန်တွင် စစ်တပ်နှင့် ညှိနှိုင်းရာ၌ ဘာကီနာဖာဆိုမှ ထွက်ပြေး တိမ်းရှောင်နေရသည့် ကမ်ပိုရီ၏ ကိုယ်စားလှယ်များကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

---------------------------------------
251 / End