အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၅ အောက်တိုဘာ ၂၀၁၅

၁၀:၀၁:၅၀
713716

နှစ် ၁၀၀၀ အတွင်း အဆိုးဆုံး ရေကြီးမှုမျိုး ကြုံနေကြောင်း တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ်အစိုးရ ကြေညာ

တောင်ပိုင်း ကာရိုလိုင်းနားတွင် နှစ်ပေါင်း ၁၀၀၀ အတွင်း အဆိုးဆုံး မိုးသည်းထန်မှု၊ ရေလွှမ်းမိုးမှုများနှင့် ကြုံတွေ့နေရကြောင်း ပြည်နယ် အစိုးရက ကြေညာခဲ့သည်။ အမေရိကန် အရှေ့တောင်ပိုင်း ကမ်းခြေရှိ ပြည်နယ်တွင် ကြုံနေရသည့် ရေဘေးသည် နှစ်ပေါင်း ၁၀၀၀ မျှ သမိုင်းကြောင်းအတွင်း မကြုံဖူးလောက်အောင် ဆိုးရွားကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး နစ်ကီဟာလေက ပြောကြားခဲ့သည်။ ပြည်နယ်၏ ပျမ်းမျှ မိုးရေချိန်သည် မကြုံစဖူး ထူးထူးကဲကဲ မြင့်မားနေပြီး သမိုင်းဝင်မြို့တော် ချာလက်စတန်တွင် ၃ ရက်အတွင်း မိုးရေချိန် ၁၃ လက်မမျှထိ ရွာသွန်းခဲ့သည်။ အောက်တိုဘာ ၅ ရက်တွင် ကျောင်းများကို ပိတ်ထားလိုက်ရသလို ပြည်နယ်တွင်းရှိ အဓိက အဝေးပြေး လမ်းမကြီး အချို့ကိုလည်း အသုံးပြု၍ မရတော့ချေ။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

တောင်ပိုင်း ကာရိုလိုင်းနားတွင် နှစ်ပေါင်း ၁၀၀၀ အတွင်း အဆိုးဆုံး မိုးသည်းထန်မှု၊ ရေလွှမ်းမိုးမှုများနှင့် ကြုံတွေ့နေရကြောင်း ပြည်နယ် အစိုးရက ကြေညာခဲ့သည်။

အမေရိကန် အရှေ့တောင်ပိုင်း ကမ်းခြေရှိ ပြည်နယ်တွင် ကြုံနေရသည့် ရေဘေးသည် နှစ်ပေါင်း ၁၀၀၀ မျှ သမိုင်းကြောင်းအတွင်း မကြုံဖူးလောက်အောင် ဆိုးရွားကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး နစ်ကီဟာလေက ပြောကြားခဲ့သည်။

ပြည်နယ်၏ ပျမ်းမျှ မိုးရေချိန်သည် မကြုံစဖူး ထူးထူးကဲကဲ မြင့်မားနေပြီး သမိုင်းဝင်မြို့တော် ချာလက်စတန်တွင် ၃ ရက်အတွင်း မိုးရေချိန် ၁၃ လက်မမျှထိ ရွာသွန်းခဲ့သည်။ အောက်တိုဘာ ၅ ရက်တွင် ကျောင်းများကို ပိတ်ထားလိုက်ရသလို ပြည်နယ်တွင်းရှိ အဓိက အဝေးပြေး လမ်းမကြီး အချို့ကိုလည်း အသုံးပြု၍ မရတော့ချေ။

မိုးသည်းထန်ပြီး ရေကြီးမှုများကြောင့် တောင်ပိုင်း ကာရိုလိုင်းနားတွင် အနည်းဆုံး လူ ၆ ဦးမျှ သေဆုံးခဲ့ကြောင်းလည်း ပြည်နယ် ကြက်ခြေနီ ဌာနက အတည်ပြုထားသည်။

ကာရေဘီယန် ပင်လယ်ထဲတွင် ဟာရီကိန်းမုန်တိုင်း ယာကွင်း တိုက်ခတ်နေခြင်းကလည်း ရာသီဥတု အခြေအနေကို ပိုမို ဆိုးရွားစေသည်။ အဆိုပါ မုန်တိုင်းသည် အမေရိကန် အရှေ့ဘက် ကမ်းခြေသို့ ဦးတည်နေခြင်း မရှိသော်လည်း မုန်တိုင်းနှင့် ဆက်စပ်၍ စိုထိုင်းဆ မြင့်မားမှုများကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုကို တွန်းအားပေးနေကြောင်း သိရသည်။

“နှစ်ပေါင်း ၁၀၀၀ လောက် သမိုင်းကြောင်း အတွင်းမှာ ဒီလောက် မိုးသည်းထန်တဲ့ မှတ်တမ်းမျိုး မတွေ့ဖူးဘူး။ လက်ရှိ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ပြဿနာ တကယ့်ကို ကြီးကျယ်ပါတယ်”ဟု ဟာလေက ဆိုသည်။ သူမက ဒေသခံများ အနေဖြင့် နေအိမ်များထဲတွင် နေထိုင်ခြင်းကသာ ဘေးအကင်းဆုံး ဖြစ်နိုင်ပြီး တတ်နိုင်သ၍ လမ်းမထွက်ကြရန် တိုက်တွန်းခဲ့သည်။ “ရေထဲကို ဖြတ်သွားဖို့ ဆိုတာက အန္တရာယ် များပါတယ်။ ရေတော်တော်နက်တဲ့ နေရာတွေလည်း ရှိနေတယ်။ ပြီးတော့ ရေမသန့်တာကြောင့် ဘက်တီးရီးယားတွေလည်း ပေါက်ပွားနေနိုင်တယ်။ တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေသင့်ပါတယ်”ဟု သူမက ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ်ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားလိုက်သည်။ ထို့ကြောင့် ပြည်နယ်နှင့် ဒေသတွင်း အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် ရေဘေး အထောက်အပံ့အတွက် ဗဟိုအစိုးရထံမှ အကူအညီများ ရရှိလာမည် ဖြစ်သည်။

“ခရိုင်ထဲမှာ ရှိသမျှ အရေးပေါ် လူနာတင်ယာဉ် အားလုံးကို လိုအပ်တဲ့အချိန်မှာ ချက်ချင်း တုံ့ပြန်နိုင်ဖို့ တပ်လှန့်ထားတယ်။ လောလောဆယ်တော့ လူတွေက တစ်နေရာနဲ့ တစ်နေရာကို လှေတွေနဲ့ သွားလာနေရတယ်”ဟု ဂျော့ဂ်ျတောင်း ခရိုင် အုပ်ချုပ်ရေးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး  ဂျက်ကီ ဘရော့ခ်ျက Reutersသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကားမောင်းလာရင်း ရေလွှမ်းမိုးမှုနှင့် ကြုံကာ ပိတ်မိနေသူ ၁၀၀ ခန့်ကို ကယ်ဆယ်ခဲ့ရကြောင်းလည်း သိရသည်။ ချာလက်စတန်တွင် လမ်းအတော်များများ ရေလွှမ်းနေကာ ဒေသခံများက သဲအိတ်များဖြင့် ပိတ်ဆို့ပြီး အခြေအနေ ပိုမဆိုးလာစေရန် ကြိုးစား တားဆီးနေကြောင်း သိရှိရသည်။

---------------------------------------
251 / End