အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : eleven media
သောကြာနေ့

၂၀ နိုဝင်ဘာ ၂၀၁၅

၁၈:၂၁:၅၀
720727

သမ္မတ အိုဘားမား မလေးရှားသို့ ရောက်ရှိပြီး ပထမဆုံး လုပ်ခဲ့သည့် လူငယ်တွေ့ဆုံပွဲ၌ မြန်မာ့ရွေးကောက်ပွဲသည် ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာရ

၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် မလေးရှားနိုင်ငံသို့ အမေရိကန် သမ္မတ အိုဘားမား ရောက်ရှိပြီး ပထမဆုံး ပြုလုပ်သည့် လူငယ် တွေ့ဆုံပွဲ၌ မြန်မာ့ရွေးကောက်ပွဲသည် ဒီမိုကရက် တစ်နိုင်ငံ ဖြစ်လာရန် အစပြုခြင်းဖြစ်သည်ဟု သတင်းစကား ပြောဆိုခဲ့ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် မလေးရှားနိုင်ငံသို့ အမေရိကန် သမ္မတ အိုဘားမား ရောက်ရှိပြီး ပထမဆုံး ပြုလုပ်သည့် လူငယ် တွေ့ဆုံပွဲ၌ မြန်မာ့ရွေးကောက်ပွဲသည် ဒီမိုကရက် တစ်နိုင်ငံ ဖြစ်လာရန် အစပြုခြင်းဖြစ်သည်ဟု သတင်းစကား ပြောဆိုခဲ့ပါသည်။

သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် မလေးရှားသို့ ရောက်ရှိခဲ့ပြီး နာရီပိုင်းအတွင်းမှာပင် YESALI (Young Southeast Asian Leaders Intiative) အစီအစဉ် လူငယ်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ့ရွေးကောက်ပွဲနှင့် ပတ်သက်သော မှတ်ချက်ကို ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

"ဒီနှစ်အတွင်းမှာပဲ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး စီးပွားရေး တိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်ဆီးပေးဖို့က စပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။
အားလုံးကို အထူးသဖြင့် မကြာခင်ကပဲ သမိုင်းဝင် ရွေးကောက်ပွဲကို ကျင်းပပြီးခဲ့တဲ့ မြန်မာလူမျိုးတွေကို ပြောချင်တာကတော့ ဒါဟာ နိုင်ငံရေး အပြောင်းအလဲမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပြီး ပိုပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ ဒီမိုကရက်တစ် နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ အစ ပြုခြင်းပါပဲ"ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အစိုးရချင်း ဆက်ဆံရေးနှင့် ကုန်သွယ်မှု သဘောတူညီချက်များကို အမြဲလုပ်နေမည် ဖြစ်သော်လည်း လူတိုင်း အခွင့်အလမ်း ရရှိရန်လည်း လုပ်ဆောင်သွားမည်ဟု သမ္မတ အိုဘားမားက ပြောပါသည်။
"အစိုးရချင်း ဆက်ဆံရေးနဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေကတော့ အမြဲပဲ လုပ်နေမှာပါ။ ကျွန်တော်တို့ဟာ စီးပွားရေးကိစ္စနဲ့ ပတ်သက်ရင် အောက်ကနေ အထက်ကို ချဉ်းကပ်ရမှာပါ။ အထက်ကနေ အောက်ကို သွားရမှာ မဟုတ်ပါဘူး။ အချမ်းသာဆုံး၊ သြဇာ ရှိသူတွေကိုသာမကဘဲ သာမန်လူတွေကိုပါ ထည့်စဉ်းစားရပါမယ်။ အားလုံးကို အခွင့်အလမ်းတွေ ပေးရမှာပါ။ လူချင်း ဆက်ဆံရေး၊ အရှေ့တောင်အာရှနဲ့ အမေရိကန်က လူငယ်တွေ အချင်းချင်း ဆက်ဆံရေးက အရေးကြီးပါတယ်"ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။

သမ္မတ အိုဘားမားက လူငယ်များအား မိန့်ခွန်း ပြောကြားပြီးနောက် အမေးအဖြေ အစီအစဉ်ကို စတင်ခဲ့ရာ မြန်မာလူငယ်တစ်ဦးအား သမ္မတ အိုဘားမားကိုယ်တိုင် ဖိတ်ခေါ်ခဲ့ပြီး အတွေ့အကြုံ များကို ပြောကြားစေခဲ့သည်။ သမ္မတ အိုဘားမား ဖိတ်ခေါ်ခဲ့သည့် လူငယ်မှာ Myanmar Knowledge Society မဂ္ဂဇင်း အယ်ဒီတာ တစ်ဦး ဖြစ်ပြီး ၎င်းက မြန်မာ့နိုင်ငံရေး တိုးတက်မှု ဖြစ်စဉ်ကို ပြောကြားခဲ့ပါသည်။
ပုံမှန်အားဖြင့် သမ္မတ အိုဘားမား၏ အာဆီယံ လူငယ်ဆိုင်ရာ တွေ့ဆုံပွဲများတွင် အိမ်ရှင်နိုင်ငံမှ ကိုယ်စားပြုသူများကို ဦးစားပေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ မြန်မာကိုယ်စားပြု လူငယ်ကို ဦးစားပေးခဲ့ပြီး အိမ်ရှင် မလေးရှားနိုင်ငံမှ လူငယ်ကို ဒုတိယမြောက် ပြောကြားစေသူအဖြစ် ဖိတ်ခေါ်ခဲ့ပါသည်။

သမ္မတ အိုဘားမား၏ လူငယ်တွေ့ဆုံပွဲတွင် မေးခွန်းများကို ပြန်လည်ဖြေကြားရာ၌ မြန်မာနိုင်ငံကို သာဓက ပြဆိုခြင်းအား လေးကြိမ်ထက်မနည်း သုံးစွဲခဲ့ပြီး မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ၊ လူနည်းစု ပြဿနာများ ရှိနေခြင်းက လက်ရှိအချိန်တွင် မြန်မာအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် စစ်အာဏာရှင် စနစ်မှာ ဒီမိုကရက်တစ် နိုင်ငံအဖြစ်သို့ ကူးပြောင်းရန် ကြိုးစားသည့်
နိုင်ငံများကို ပြောဆိုရာတွင်လည်း အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံကို ဥပမာပေး၍ ပြောဆိုခဲ့ပါသည်။

===================
251/End