အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : eleven media
တနင်္ဂနွေနေ့

၁၃ ဒီဇင်ဘာ ၂၀၁၅

၁၉:၄၇:၅၃
724732

ဂမ်ဘီယာနိုင်ငံကို အစ္စလာမ္မစ်နိုင်ငံအဖြစ် သမ္မတ ကြေညာ

အာဖရိကတိုက် အနောက်ပိုင်းမှ နိုင်ငံငယ်ဖြစ်သော ဂမ်ဘီယာကို သမ္မတ ယာယာဂျမ်မီက အစ္စလာမ္မစ်နိုင်ငံအဖြစ် ကြေညာလိုက်ကြောင်း သိရသည်။ သို့သော် သမ္မတက ခရစ်ယာန်ကိုးကွယ်သူ လူနည်းစု၏ အခွင့်အရေးများကို လေးစားမည် ဖြစ်ကြောင်းနှင့် အမျိုးသမီးများ၏ ၀တ်စားဆင်ယင်ပုံကို ကန့်သတ်မည် မဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

 

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ




စက်တင်ဘာ ၂၅ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ဂမ်ဘီယာသမ္မတ ဂျမ်မီ (Photo: AFP)



အာဖရိကတိုက် အနောက်ပိုင်းမှ နိုင်ငံငယ်ဖြစ်သော ဂမ်ဘီယာကို သမ္မတ ယာယာဂျမ်မီက အစ္စလာမ္မစ်နိုင်ငံအဖြစ် ကြေညာလိုက်ကြောင်း သိရသည်။ သို့သော် သမ္မတက ခရစ်ယာန်ကိုးကွယ်သူ လူနည်းစု၏ အခွင့်အရေးများကို လေးစားမည် ဖြစ်ကြောင်းနှင့် အမျိုးသမီးများ၏ ၀တ်စားဆင်ယင်ပုံကို ကန့်သတ်မည် မဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

ထိုကြေညာချက်ကို ဒီဇင်ဘာ ၁၀ ရက်က ကမ်းရိုးတန်းမြို့ ဘရူဖတ်တွင် ပြောကြားခဲ့သည့် သမ္မတ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ နောက်ရက်များတွင် ထိုကြေညာချက်ကို နိုင်ငံပိုင် ရုပ်သံနှင့် သမ္မတ ၀က်ဘ်ဆိုက်တွင် ထပ်မံဖော်ပြခဲ့သည်။ “ဂမ်ဘီယာနိုင်ငံရဲ့ ကံကြမ္မာဟာ ကြီးမြတ်တဲ့ အလ္လာရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ဒီကနေ့ကစပြီး ဂမ်ဘီယာဟာ အစ္စလာမ္မစ်နိုင်ငံ ဖြစ်သွားပါပြီ။ ကျွန်တော်တို့နိုင်ငံဟာ လူ့အခွင့်အရေးကို လေးစားတဲ့ အစ္စလာမ္မစ် နိုင်ငံတော်ပါ” ဟု သမ္မတက ပြောကြားခဲ့သည်။

ယခုကဲ့သို့ အစ္စလာမ္မစ်နိုင်ငံ ဖြစ်သွားသည့်အတွက် မည်သည့်ပြောင်းလဲမှုများ ရှိမည်ကို အသေးစိတ် ကြေညာခဲ့ခြင်း မရှိပေ။ သို့သော်လည်း သမ္မတက ခရစ်ယာန် အပါအ၀င် အခြား ယုံကြည်ကိုးကွယ်သူများကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုမည် ဖြစ်ကြောင်းကို အခိုင်အမာ အတည်ပြုခဲ့သည်။ “ခရစ်ယာန်တွေ လုပ်ဆောင်ရမယ့် အရာအားလုံးကို ခွင့်ပြုမှာပါ။ ခရစ်စ္စမတ် ပွဲတော်ကိုလည်း ကျင်းပခွင့် ပြုမှာပါ” ဟု သမ္မတက ပြောကြားခဲ့ပြီး လူတစ်ဦး၏ ဘ၀နေထိုင်မှုကို ၀င်ရောက်စွက်ဖက်ရန် မည်သူ့တွင်မှ အခွင့်အရေး မရှိဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“အစ္စလာမ္မစ်ရဲလိုမျိုး ထားမှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်ပုံဟာ သင်တို့ရဲ့ အရေးကိစ္စ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ဖူးသော ဆင်းရဲသည့် ဂမ်ဘီယာနိုင်ငံသည် နိုင်ငံတွင်းရှိ သဲဖြူ များရှိသော ကမ်းခြေများကြောင့် ထင်ရှားကျော်ကြားသည်။ နိုင်ငံတွင်းရှိ လူဦးရေ ရာခိုင်နှုန်း ၉၀ မှာ မွတ်စလင်များဖြစ်ပြီး ခရစ်ယာန် ရှစ်ရာခိုင်နှုန်းရှိကာ ကျန်နှစ်ရာခိုင်နှုန်းမှာ အခြားကိုးကွယ်ယုံကြည်သူများ ဖြစ်သည်။

စစ်တပ်အကြီးအကဲနှင့် နပမ်းသမား ဖြစ်ခဲ့ဖူးသည့် အသက် ၅၀ အရွယ် သမ္မတ ဂျမ်မီသည် ၁၉၉၄ ခုနှစ်က အာဏာသိမ်းမှုအတွင်း အာဏာစတင် ရရှိလာပြီးနောက်ပိုင်း နိုင်ငံကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့သည်။ အတိုက်အခံများက ဂျမ်မီသည် တဖြည်းဖြည်း သံသယ လွန်ကဲလာပြီး ၀န်ကြီးအဖွဲ့ကို မကြာခဏ ပြန်လည်ဖွဲ့စည်းကာ ၎င်းယုံကြည်သူများမှာ အနီးအနားရှိ လူအနည်းငယ်သာ ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

Ref: AFP

=========================================
251 / End