အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၁၇ ဒီဇင်ဘာ ၂၀၁၅

၂၀:၁၃:၅၄
725547

အစိုးရအာဏာ လွှဲပြောင်းမှု နမူနာ

တနေ့က သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လက်ဖက်ရည်စားပွဲ၌ တနာရီကျော်မျှ စကားစမြည် ပြောခွင့်ရ၏။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


တနေ့က သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လက်ဖက်ရည်စားပွဲ၌ တနာရီကျော်မျှ စကားစမြည် ပြောခွင့်ရ၏။

စကားစမြည်ဆိုသော်လည်း အဓိကမှာ သမ္မတကြီးက ငါးနှစ်တာကာလအတွင်း သူ၏ ဆောင်ရွက်ချက်များအား ပြန်လှန်သုံးသပ် ပြောဆိုသည်ကို နားထောင်ရခြင်းဖြစ်ပြီး နောက်ပိုင်းမှသာ မိမိ အထင်အမြင်များနှင့် မိမိသိလိုရာအချို့ကို မေးမြန်းခွင့်ရခြင်း ဖြစ်၏။ သို့သော် တဦးတည်း အင်တာဗျူးရတာမျိုး မဟုတ်သဖြင့် မေးလိုသမျှ မမေးနိုင်။ ထို့ပြင် သတင်းသမား သိချင်လှသည့် တချို့ကိစ္စများကိုလည်း အားနာသဖြင့် မမေးဖြစ်။

ဥပမာ အာဏာမရှိသော်လည်း သြဇာရှိပါသည်ဆိုသော ဦးသန်းရွှေ၏ သြဇာ အတိမ်အနက်ကို ချင့်တွက် ခန့်မှန်းနိုင်မည့် မေးခွန်းမျိုး။

သို့သော် စိတ်ဝင်စားဖွယ် အကြောင်းအချက် အတော်များများတော့ ကြားသိခဲ့ရသည်။

ယင်းအနက် လတ်တလော နိုင်ငံရေးနှင့် ဆက်စပ်ပတ်သက်သည့် စိတ်ဝင်စားဖွယ်တခုက အာဏာလွှဲပြောင်းရေးကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် (၂၀၀၈-၂၀၀၉ က) အမေရိကန် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်နှင့် ရွေးကောက်ပွဲအနိုင်ရ ဘားရက်အိုဘားမားတို့ အာဏာအလွှဲအပြောင်းပြုပုံအကြောင်း လေ့လာနေသည်ဟူသော အချက်ဖြစ်၏။

ဒီမိုကရေစီနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုတွင် ပြည်တွင်းစစ် နောက်ပိုင်းကာလ သမ္မတ အာဏာလွှဲပြောင်းမှုများ ပြုလုပ်ရာ၌ ကြီးကျယ်သော ပြဿနာမျိုး ကြုံရလေ့ မရှိသော်လည်း အဖုအထစ်များတော့ ရှိတတ်ကြသည်။ ဘုရှ်နှင့် အိုဘားမား အလွှဲအပြောင်းကတော့ အချောမွေ့ဆုံး လွှဲပြောင်းမှုအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်။

အမေရိကန်ပြည်တွင် သမ္မတ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ဥပဒေ (Presidential Transition Act) များ ရှိသလို လွှဲပြောင်းမှုဆိုင်ရာ မှတ်တမ်းမှတ်ရာနှင့် သုံးသပ် ဝေဖန်စာလည်း များစွာရှိ၏။ ဘုရှ်-အိုဘားမား အလွှဲအပြောင်းနှင့် စပ်လျဉ်း၍လည်း အလွှဲအပြောင်းဗေဒ ပါရဂူဟု ဆိုရမည့် Martha J.Kumar ၏ ‘Before the Oath: How George W.Bush and Barack Obama Managed a Transfer of Power အမည်ရှိ ထင်ရှားသော စာတအုပ်လည်း ယခုနှစ်ထဲတွင်ပဲ ထွက်လာတာ ရှိ၏။

ထို့ကြောင့် သမ်္မတကြီးကိုယ်တိုင် လေ့လာနေသည်ဆိုသော အဆိုပါ အာဏာလွှဲပြောင်းမှု အကြောင်းကို တစေ့တစောင်း လေ့လာကြည့်သည့်အခါ…

အိုဘားမားနှင့် သူ၏အဖွဲ့သည် ရွေးကောက်ပွဲ နိုင်မည် ရှုံးမည် မသိနိုင်သေးသည့် မဲဆွယ်ပွဲ ပြင်းထန်နေဆဲ ကာလမှာပင် အသွင်ကူးပြောင်းရေးအဖွဲ့ (transition team) ဆိုတာကို ဖွဲ့စည်းခဲ့တာ တွေ့ရသည်။ သမ္မတ ရွေးကောက်ပွဲကို ၂၀၀၈ နိုဝင်ဘာ ၄ ရက်တွင် ကျင်းပသည်။ အိုဘားမား အနိုင်ရရှိကြောင်း သက်ဆိုင်ရာက နိုဝင်ဘာ ၅ တွင် ကြေညာသည်။ ထိုရက်မှသည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ၂၀၀၉ ဇန်န၀ါရီ ၂၀ အထိ (နှစ်လခွဲကြာ) ကာလသည် အိုဘားမားအဖို့ သမ္မတအဖြစ် ရွေးကောက်ခံထားရသူ (President-elect) အဖြစ်မှ သမ္မတစစ်စစ် အဖြစ်သို့ ရောက်ရှိရန် အကူးအပြောင်းကာလဖြစ်သည်။

နိုဝင်ဘာ ၅ ရက်တွင် အိုဘားမားက သူ၏ အသွင်ကူးပြောင်းရေးအဖွဲ့ကို အမည်စာရင်းနှင့်တကွ ကြေညာသည်။ ၎င်း၌ ၁၂ ဦးပါ အတိုင်ပင်ခံ (အကြံပေး) အဖွဲ့၊ ဒါရိုက်တာ၊ တွဲဖက်ဒါရိုက်တာ ၁၄ ဦးပါ အဆင့်မြင့် ရုံးအဖွဲ့တို့အပြင် ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ အလုပ်သမားရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး စသည့် ၀န်ကြီးဌာနများအတွက် အသီးသီးသော အသွင်ကူးပြောင်းရေးအဖွဲ့ ခေါင်းဆောင်များလည်း ပါဝင်ပြီး အမှုထမ်းဦးရေ စုစုပေါင်းမှာ ၄၀၀ ကျော်မျှ ရှိသည်ဟု ဆိုသည်။

တဘက်တွင် တာဝန်ထမ်းဆောင်ဆဲ သမ္မတ ဂျော့ခ်ျဘုရှ်၌လည်း အိုဘားမား၏ အသွင်ကူးပြောင်းရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန်အတွက် အဖွဲ့ဝင် ၁၄ ဦးပါသော ကောင်စီတရပ် ဖွဲ့စည်းထားပြီး ဖြစ်သည်။

၎င်းအဖွဲ့၏ စီစဉ်မှုဖြင့် ရွေးကောက်ပွဲအပြီး ၂ ရက်အကြာ (နိုဝင်ဘာ ၆ ရက်) မှာပင် အမျိုးသားထောက်လှမ်းရေးအဖွဲ့နှင့် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) တို့မှ ညွှန်ကြားရေးမှူးများက အိုဘားမားအား နိုင်ငံလုံခြုံရေးနှင့် စပ်လျဉ်းသည့် ထိပ်တန်း လျှို့ဝှက် သတင်းများကို အစီရင်ခံကြသည်။

နိုဝင်ဘာ ၁၀ တွင် အိုဘားမားနှင့် ဂျော့ခ်ျဘုရှ်တို့ အိမ်ဖြူတော်၌ တွေ့ဆုံကာ အလွှဲအပြောင်းဆိုင်ရာ ကိစ္စရပ်များ (transition issues) ကို ကနဦး ဆွေးနွေးကြသည်။ သည့်အပြင် နိုဝင်ဘာအလယ်ပိုင်းတွင် ကျင်းပပြုလုပ်သည့် G-20 ထိပ်သီးညီလာခံသို့ အိုဘားမားပါ တက်ရောက်နိုင်ရန် ဂျော့ခ်ျဘုရှ်က ဖိတ်ခေါ်သည်။

သည်အတောအတွင်း ဘုရှ်အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကလည်း အိုဘားမား ခန့်အပ်သည့် အမျိုးသားလုံခြုံရေးအဖွဲ့သစ်အနေဖြင့် တာဝန်လွှဲပြောင်းရယူမည့်နေ့မှာပင် လုံခြုံရေးဆိုင်ရာ ပြဿနာကြီးများကို ချက်ချင်းလက်ငင်း ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်ပေးသည်။

ဤသည်က လွှဲပြောင်းမှုဆိုင်ရာ ဆောင်ရွက်မှုတချို့ကို နမူနာအဖြစ် တင်ပြခြင်း ဖြစ်ပါသည်။

လောလောဆယ် ကျနော်တို့တိုင်းပြည်တွင် အာဏာလွှဲပြောင်းရေးအတွက် ပြင်ဆင် ဆောင်ရွက်နေပုံများကို ကြည့်သည့်အခါ အမေရိကန်နမူနာနှင့် ယေဘုယျ ဆင်တူတာတချို့ တွေ့ရသည်။

ဒီဇင်ဘာ ၂ ရက် ၂၀၁၅ နေ့က သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် “မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် ယခင်က အစဉ်အလာ မရှိခဲ့သေးသည့် နိုင်ငံတော်အကြီးအကဲတာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတခု ထူထောင်ရန်” ဆွေးနွေးခဲ့ကြကြောင်း သိရှိရပြီး၊

ဒီဇင်ဘာ ၁၀ ရက်နေ့တွင်မူ အဆိုပါ ဆွေးနွေးချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် အစိုးရဘက်က “နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီ” ကို ဖွဲ့စည်းကာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားကြောင်း၊ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီဘက်ကလည်း အထက်က ကော်မတီနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန်အတွက် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်နှင့် အခြား အဖွဲ့ဝင်နှစ်ဦး ပါဝင်သည့် “အသွင်ကူးပြောင်းရေးအဖွဲ့” [အိုဘားမား၏ Transition Team နှင့် အမည်ချင်း ဆင်တူသည်] ကို ဖွဲ့စည်းထားကြောင်း သတင်းထုတ်ပြန်တာ တွေ့ရသည်။

ဤသည်နှင့်စပ်လျဉ်း၍ အစိုးရဘက်မှ လွှဲပြောင်းရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် အခိုက်အတန့် တွေ့ဆုံစဉ် ၎င်းလုပ်ဆောင်နေသည်များကို မေးမြန်းရာ အလွှဲအပြောင်းကိစ္စကို စနစ်တကျလုပ်ရုံမက လွှဲပြောင်းမှုဆိုင်ရာ မှတ်တမ်းစာအုပ်ပါ ပြုစုမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မှတ်တမ်းစာအုပ်ထွက်ခဲ့သော် ချောမွေ့သော အပြောင်းအလဲဖြစ်ခဲ့ကြောင်း သမိုင်း အထောက်အထား သာမက နောင်မှီငြမ်းကိုးကားစရာ အစဉ်အလာတခုအဖြစ်ပါ တည်ရှိသွားမည် ဖြစ်သည်။

ဤနေရာတွင် ဖြည့်စွက်ပြောလိုသည်က မည်သည့်တိုင်းပြည်၌မဆို ယခုကဲ့သို့ အကူးအပြောင်းကာလမျိုးတွင် သက်တမ်းမကုန်သေးသော အစိုးရသည် အာဏာရှိဆဲ ဖြစ်သည့်တိုင် သြဇာအရှိန်အ၀ါ လျော့ပါးနေပြီး အသစ်ဖြစ်လာမည့် အစိုးရသည်လည်း အရှိန်အ၀ါသာရှိကာ အာဏာမရှိသဖြင့် တိုင်းပြည်၏ ပုံမှန်ယန္တရားများ လျော့ရဲလျက် နိုင်ငံ လုံခြုံရေးလည်း အားနည်းနေတတ်ခြင်း ဖြစ်သည်။

ထို့ကြောင့် အဟောင်းနှင့်အသစ်ကြား နိုင်ငံ့အကျိုးကို ရှေးရှုသော စိတ်ဖြင့် ပြည့်ဝမှန်ကန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးသည် တိုင်းပြည်အတွက် အထူးအရေးကြီးကြောင်း တင်ပြလိုက်ရပါသည်။

ဖေမြင့်

(ပြည်သူ့အရေးဂျာနယ်၊ အတွဲ – ၂၊ အမှတ် – ၆၄၊ ဖေမြင့် ဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ဖော်ပြသည်။)

=========================
251 / End