အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၂၃ မတ် ၂၀၁၆

၁၉:၁၀:၄၉
742814

ဘရပ်ဆဲလ်ဗုံးခွဲမှုကို ဘယ်လ်ဂျီယံနှင့် ဥရောပမွတ်စလင်များ ရှုတ်ချ

ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုများကို ဘယ်လ်ဂျီယံနှင့် ဥရောပတစ်ဝှမ်းရှိ မွတ်စလင်အဖွဲ့အစည်းများနှင့် ပြည်သူများက ရှုတ်ချပြောဆိုလိုက်သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုများကို ဘယ်လ်ဂျီယံနှင့် ဥရောပတစ်ဝှမ်းရှိ မွတ်စလင်အဖွဲ့အစည်းများနှင့် ပြည်သူများက ရှုတ်ချပြောဆိုလိုက်သည်။

လေဆိပ်နှင့် ဘူတာရုံတို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ၃ ခုကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ပြီး ၂၀၀ နီးပါးခန့် ဒဏ်ရာရရှိခဲ့သည်။ IS အဖွဲ့ကမူ ထိုဖောက်ခွဲမှုမှာ ၎င်းတို့လက်ချက်ဟု ပြောကြားခဲ့သည်။

“ဒါဟာ လူမဆန်တဲ့လုပ်ရပ်တွေပါ။ ကျွန်တော်တို့ ဒီလိုလူမျိုးတွေကို မထောက်ခံပါဘူး။ သူတို့ တရားဥပဒေအတိုင်း ပြစ်ဒဏ်ခံစားရဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဥရောပ အစ္စလာမ့်အဖွဲ့အစည်းများသမဂ္ဂမှ ဒါရိုက်တာဖြစ်သူ ဆအစ်ဒ် ကမ်လီက ပြောကြားခဲ့သည်။

ထို့ပြင် IS အဖွဲ့နှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များက အစ္စလာမ်ကို ကိုယ်စားမပြုဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ပရဟိတလုပ်ငန်များ ဆောင်ရွက်နေသော ဘယ်လ်ဂျီယံမွတ်စလင်ကော်မတီ EMB ကလည်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မိမိတို့မှာ ထိုလုပ်ရပ်ကို ခြွင်းချက်မရှိ ရှုတ်ချကြောင်း၊ အပြစ်မဲ့အရပ်သားများအား ဆိုးဆိုးဝါးဝါး ရက်ရက်စက်စက် ကျူးလွန်ခြင်းသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“ဥရောပရဲ့ နှလုံးသည်းပွတ်နေရာမှာ ဖြစ်ပွားခဲ့တဲ့ ဒီလိုဆိုးရွားတဲ့ အဖြစ်အပျက်တွေဟာ EMB နဲ့ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံးက ကြိုးစားပမ်းစား ဆောင်ရွက်နေတဲ့ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးကို သဲထဲရေသွန်သလို ဖြစ်စေပါတယ်”

ထို့ပြင် အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရန်အတွက် စုစည်းညီညွတ်ကြရန်လည်း အဆိုပါကြေငြာချက်တွင် ဆော်သြခဲ့ပြီး ဘယ်လ်ဂျီယံမွတ်စလင်များအနေဖြင့် ဒီမိုကရေစီတန်ဖိုးကို ထိန်းသိမ်းရန်၊ လုံခြုံရေးတပ်ဖွဲ့များအား ထောက်ပံ့ကူညီပေးရန်လည်း EMB က တိုက်တွန်းခဲ့သည်။

ထို့ကဲ့သို့ တိုက်ခိုက်မှုများကို အကြောင်းပြု၍ နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားခံရမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။

“ဒီအကြမ်းဖက်လုပ်ရပ်တွေကို မွတ်စလင်တွေလည်း ခံစားနေရပါတယ်။ ဒီလုပ်ရပ်ကိုအကြောင်းပြုပြီး မွတ်စလင်အားလုံးအပေါ် အပြစ်တင်တာမျိုး မဖြစ်ဖို့တော့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ လူ့အဖွဲ့အစည်းတွေ တစ်ဖက်နဲ့တစ်ဖက် ရန်စောင်ကြတာကို အကြမ်းဖက်သမားတွေက လိုချင်ကြတာပါ” ဟု EMB ဥက္ကဌ အီချာလာအူက ဘယ်လ်ဂျီယံသတင်းစာ De Standaard သို့ ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံမွတ်စလင်များအပြင် ဥရောပနှင့် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များကလည်း ထိုလုပ်ရပ်ကို ရှုတ်ချကြောင်း ထိခိုက်ခံစားရသူများနှင့်အတူ ၀မ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့ကြသည်။

Ref: politico.eu, Religionnews
===============================================
251 /End