အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၂၃ မတ် ၂၀၁၆

၁၉:၂၀:၄၈
742818

ဘရပ်ဆဲလ် အကြမ်းဖက်မှုမှ လွတ်မြောက်နေသူ တစ်ဦးကို ရဲတပ်ဖွဲ့ မြေလှန်ရှာဖွေနေ

ဘရပ်ဆဲလ် မြို့တော်တွင် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တရားခံဟု ယူဆရသည့် လွတ်မြောက်နေသူ တစ်ဦးကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က မြေလှန် ရှာဖွေနေကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

လုံခြုံရေး ကင်မရာ မှတ်တမ်းတွင် တွေ့မြင်ရသည့် အကြမ်းဖက်သမားများ။ အဖြူရောင် ဝတ်စုံနှင့်လူမှာ လွတ်မြောက်နေသည်။


ဘရပ်ဆဲလ် မြို့တော်တွင် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တရားခံဟု ယူဆရသည့် လွတ်မြောက်နေသူ တစ်ဦးကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က မြေလှန် ရှာဖွေနေကြောင်း သိရသည်။


မတ် ၂၂ ရက်က ဘရပ်ဆဲလ်ရှိ ဇာဗန်တမ် လေဆိပ်နှင့် မြေအောက်ရထား ဘူတာတစ်ခုတို့တွင် ဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ပွားပြီး လူ ၃၁ ဦးထက်မနည်း သေဆုံးကာ ၂၅၀ ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ ယင်းအကြမ်းဖက် တိုက်ခိုက်မှုကို မိမိတို့ ကျူးလွန်ခြင်းဟု အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့က အတည်ပြု ကြေညာခဲ့သည်။

ဘယ်လ်ဂျီယံ၏ အိမ်နီးချင်း ပြင်သစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပါရီ အကြမ်းဖက်မှုကြီးမှ အဓိက လက်သည် ဆာလား အက်ဘ်ဒီဆာလမ်ကို ဘရပ်ဆဲလ်တွင် ဖမ်းမိခဲ့ပြီး လေးရက်အကြာတွင် အိုင်အက်စ်က ယခုလို လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ အက်ဘ်ဒီဆာလမ်သည် ဘယ်လ်ဂျီယံတွင် နေထိုင်သည့် ပြင်သစ်နိုင်ငံသား တစ်ဦးဖြစ်ပြီး အိုင်အက်စ်၏ အကြမ်းဖက် စစ်ဆင်ရေးများကို တာဝန်ယူ အကောင်အထည် ဖော်နေသူ တစ်ဦးလည်း ဖြစ်သည်။

ဇာဗန်တမ် လေဆိပ်သည်လည်း လူအဝင်အထွက် ထူထပ်များပြားသော နေရာတစ်ခု ဖြစ်နေရာ အကြမ်းဖက်သမားများအတွက် အခွင့်အလမ်း သာခဲ့ဖွယ် ရှိသည်။ အိုင်အက်စ်သည် ဥရောပ သမဂ္ဂ ရုံးစိုက်ရာ ဘရပ်ဆဲလ်တွင် အကြမ်းဖက် တိုက်ခိုက်ပြခြင်းဖြင့် ၎င်းတို့၏ လက်တံရှည်မှုကို ပြသလိုဟန်လည်း ရှိနေသည်။ ယခုတိုက်ခိုက်မှုတွင် အကြမ်းဖက်သမား နှစ်ဦးက အသေခံ ဗုံးခွဲမှုများ ပြုလုပ်ခဲ့ပြီး ရိုင်ဖယ်သေနတ်ဖြင့် ရမ်းကား ပစ်ခတ်ခဲ့သူ တစ်ဦးမှာမူ လွတ်မြောက်နေဆဲ ဖြစ်သည်။ ၎င်းကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် အာရုံစိုက် ရှာဖွေနေသည်။

လေဆိပ်၏ လုံခြုံရေး ကင်မရာထဲတွင် အဖြူရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထားသူ တစ်ဦး၏ ပုံကို မှတ်တမ်းတင်ထားပြီး ၎င်းသည် ထွက်ပြေး လွတ်မြောက်နေသည့် အကြမ်းဖက်သမားဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုတွင် ပါဝင်သူ အရေအတွက်ကို တိတိကျကျ မသိရသေးသော်လည်း အသေခံ ဗုံးသမားများ အပါအဝင် သုံးဦး အနည်းဆုံး ဖြစ်မည်ဟု ခန့်မှန်းထားသလို အခြား ကြံရာပါများ ရှိနေမည်ဟုလည်း ရဲများက ယုံကြည်နေသည်။

ဇာဗန်တမ် လေဆိပ်တွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး အဝတ်သေတ္တာထဲ ထည့်ထားသော်လည်း မပေါက်ကွဲသည့် အခြား ဗုံးတစ်လုံးကို ရဲများက ဖမ်းဆီးရမိခဲ့သည်။ ယခုတိုက်ခိုက်မှုသည် ၎င်းတို့ လက်ချက်ဟု အိုင်အက်စ်ကို လိုလားထောက်ခံသည့် ဝက်ဘ်ဆိုက်တစ်ခုက ရေးသား ဖော်ပြခဲ့သည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် အဓိက ခြေကုပ်ယူ လှုပ်ရှားနေသည့် အကြမ်းဖက် အဖွဲ့အစည်းက “ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်မှာ ဆက်တိုက် ဗုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်။ ဘယ်လ်ဂျီယံဟာ အိုင်အက်စ်ကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ နိုင်ငံပေါင်းစုံ မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုလည်း ဖြစ်တယ်”ဟု ကြေညာသည်။ ယခုတိုက်ခိုက်မှုသည် အိုင်အက်စ်၏ လက်ချက် ဟုတ်မဟုတ်ကို ဘယ်လ်ဂျီယံ အာဏာပိုင်များက မှတ်ချက်မပေးသေးချေ။

လတ်တလောတွင် ဘယ်လ်ဂျီယံနှင့် အမေရိကန် ထောက်လှမ်းရေးတို့ ပူးပေါင်းကာ အကြမ်းဖက်သမားများ၏ အမည်များကို ဖော်ထုတ်ရန်နှင့် အချက်အလက်များ နောက်ကြောင်းပြန် ရှာဖွေရန် ကြိုးစားနေသည်။ ရုံးတက်ချိန် လူအသွားအလာ စည်ကားနေချိန်တွင် ပေါ်ပေါက်လာသည့် အကြမ်းဖက်မှုအတွင်း လက်တစ်လုံးခြား လွတ်မြောက်သွားသည့် အကြမ်းဖက်သမားသည် ဘရပ်ဆဲလ်တွင်ပင် ခိုအောင်းနေဦးမည်ဟု ယုံကြည်ရသည်။

ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ချားလ်စ်မစ်ချဲလ်က “ဒီနိုင်ငံမှာ ကြားဖူးသမျှ အဆိုးဆုံး တိုက်ခိုက်မှုပါပဲ။ လွတ်လပ်စွာ ရပ်တည်မှုရဲ့ နှလုံးသည်းပွတ် နေရာကို ဦးတည် ထိုးနှက် ခံခဲ့ရပါပြီ။ ဒါဟာ ပါရီမှာ၊ လန်ဒန်မှာ၊ ဒါမှမဟုတ် မက်ဒရစ်မှာ တိုက်ခိုက်ခံရတယ် ဆိုတဲ့ သဘောတရားမျိုးနဲ့ တူတူပါပဲ။ ဒီတိုက်ပွဲကို ကျွန်တော်တို့အားလုံး အတူစုပေါင်း လက်တွဲပြီး တုံ့ပြန် တိုက်ခိုက်သွားရပါမယ်”ဟု ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံသည် ပါရီ အကြမ်းဖက်မှု ပြီးကတည်းက လုံခြုံရေး အဆင့်ကို တိုးမြှင့် သတ်မှတ်ထားခဲ့ပြီး အက်ဘ်ဒီဆာလမ်ကို ဖမ်းမိချိန်တွင် ပိုမိုနိုးကြား သတိရှိနေရန် တပ်လှန့်ထားသည့်တိုင် ယခုလို အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။

Ref: ABC

=================================
251/End