အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၁၈ မေ ၂၀၁၆

၁၈:၄၄:၅၆
755094

ခြေကုန်လက်ပန်းကျလာသော နိုင်ငံတကာလှူဒါန်းမှုများ

နိုင်ဂျာနိုင်ငံမှ အမျိုးသမီးများ သည် အာဟာရချို့တဲ့နေသော ၎င်းတို့၏ မွေးကင်းစ ကလေးငယ်များ အတွက် အစားအစာရရှိရေး မျှော်လင့်ချက်ဖြင့် မြည်းလှည်းများဖြင့် မိုင်ပေါင်းများစွာ ခရီးသွား ကြသည်။ အိမ်မှုကိစ္စများ ပစ်ထား ပြီး သီးပင်စားပင်များ မပြုပြင်နိုင်ဘဲ ထွက်ခွာခဲ့ရာ လက်ချည်းဗလာ ပြန်လာခဲ့ရသည်။

 

အဲဟ်လေ့ဘိုက်(သ) ( အလိုင်ဟေမွတ်စ်စလာမ် ) သတင်းဌာန ၊ အဗ်နာ



နိုင်ဂျာနိုင်ငံမှ အမျိုးသမီးများ သည် အာဟာရချို့တဲ့နေသော ၎င်းတို့၏ မွေးကင်းစ ကလေးငယ်များ အတွက် အစားအစာရရှိရေး မျှော်လင့်ချက်ဖြင့် မြည်းလှည်းများဖြင့် မိုင်ပေါင်းများစွာ ခရီးသွား ကြသည်။ အိမ်မှုကိစ္စများ ပစ်ထား ပြီး သီးပင်စားပင်များ မပြုပြင်နိုင်ဘဲ ထွက်ခွာခဲ့ရာ လက်ချည်းဗလာ ပြန်လာခဲ့ရသည်။

စာသင်ကျောင်းများတွင် နေ့လယ်စာ မစားကြရတော့သော အခါ ဆိုမာလီယာနှင့် ကွန်ဂိုနိုင်ငံမှ ကလေးငယ်များ၏ ကျောင်းပညာရေး အဆင့်များ ကျဆင်းလာခဲ့သည်။ အနာဂတ်မျှော်လင့်ချက်များ စုပ်ယူခံလိုက်ရသည်။

‘‘ဒီလူတွေဟာ အနည်းဆုံး ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ယုံကြည်မှုထားခဲ့တဲ့ သူတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို စိတ်ပျက်အောင် လုပ်လိုက်ကြတယ်’’ဟု World Vision International အဖွဲ့မှ ရှာရီအား နော့က ပြောကြားသည်။ ယင်း အဖွဲ့က နိုဝင်ဘာအတွင်း လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများအတွက် တောင်းဆိုထားသော ရန်ပုံငွေများနှင့် အလှူရှင်အစိုးရများက ပေးအပ်သော
ငွေပမာဏကြားကွာဟမှု၏ အကျိုးသက် ရောက်မှုများအကြောင်း အစီရင် ခံစာထုတ်ပြန်ခဲ့သည်။

မိမိတို့အဖွဲ့အနေဖြင့် ၂၀၁၃၊၂၀၁၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ ပေါင်း ၃၅ နိုင်ငံမှ လူပေါင်း ၁၀ ဒသမ ၃ သန်းအား စားနပ်ရိက္ခာ အကူအညီပေးရန် တာဝန်ယူခဲ့သော်လည်း လူပေါင်း ရှစ်သန်းကို ကူညီရန် လုံလောက်သော
ငွေကြေးသာ လက်ခံရရှိခဲ့သည်ဟု world Vision အဖွဲ့က ပြောပါသည်။

သဘာဝဘေးအန္တရာယ်များ နှင့် ပဋိပက္ခများ၏ အတိုင်းအတာ ကြီးမားလာသည်နှင့်အမျှ ကမ္ဘာ တစ်ဝန်း အထောက်အပံ့ လိုအပ်နေသူ သန်းပေါင်းများစွာအတွက် လုံလောက်သော အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားအခြေခံ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးရန် ရုန်းကန်နေရသည်ဟု အကူအညီ ပေးရေး အေဂျင်စီများက ပြော ကြားသည်။

ဥပမာအားဖြင့်ဆိုလျှင် ဆီးရီးယား၏ ငါးနှစ်ကြာ စစ်ပွဲကြောင့် လူပေါင်း ၁၁ သန်းမှာ နေအိမ်များ ကို စွန့်ခွာထွက်ပြေးနေရသည်။ အာဖရိက၊ အာရှ၊ လက်တင် အမေရိကနှင့် ပစိဖိတ်ဒေသမှ ခန့်မှန်းခြေ လူပေါင်းသန်း ၆၀ ခန့်မှာ လည်း အယ်လ်နီညိုရာသီဥတု ဖြစ်ရပ်နှင့် ဆက်စပ်သော မိုးခေါင် ရေရှားမှုနှင့် ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရသည်။

ကုလသမဂ္ဂက ဦးဆောင်ပန် ကြားသော နှစ်စဉ်လူသားချင်း စာနာထောက်ထားမှု အကူအညီ တောင်းခံမှုမှာလည်း လွန်ခဲ့သော ၁၀ နှစ်အတွင်း ခြောက်ဆမြင့်တက်သွားကာ ၂၀၁၅ တွင် ကန်ဒေါ်လာ ၁၉ ဒသမ ၃ ဘီလီယံအထိ ရှိလာ ခဲ့သည်။ ယင်းအတွက် နှစ်စဉ် အစိုးရများက ထောက်ပံ့သော ရန် ပုံငွေမှာ ကန်ဒေါ်လာ နှစ်ဘီလီယံ နှင့် လေးဘီလီယံကြားမှ ကန်ဒေါ် လာ ၁၀ ဘီလီယံကျော်သို့ ရောက်လာခဲ့သည်။

‘‘အခုဆိုရင် ပိုပြီးများပြားတဲ့ လူတွေဆီကို ပိုမိုများပြား၊ ပိုမို ကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေ ပေးဖို့ရာ ပိုပြီးရည်မှန်းချက်ကြီး လာခဲ့တယ်’’ဟု နော်ဝေးဒုက္ခသည် ကောင်စီကို ဦးဆောင်နေသော ကုလအကူအညီပေးရေးဌာန အ ကြီးအကဲဟောင်း ဂျန်အီဂယ်လန် က ပြောသည်။

သို့သော်ယမန်နှစ်က ကမ္ဘာလုံးဆိုင်ရာ ပန်ကြားမှု၏ ၅၆ ရာ ခိုင်နှုန်းကိုသာ ငွေကြေးထောက်ပံ့ နိုင်ခဲ့သည်။ ၂၀၁၄ က ၆၀ ရာခိုင် နှုန်း၊ ၂၀၁၃ က ၆၅ ရာခိုင်နှုန်း ထက် ကျဆင်းလာခြင်းဖြစ်သည်။

သွန်မဆင်ရိုက်ဘာစ်ဖောင် ဒေးရှင်း၏ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့များ စစ်တမ်း၌ ၂၀၁၄ တွင် ကုလသမဂ္ဂ၏ ပူး ပေါင်းပန်ကြားမှုမှ တစ်ဆင့် တောင်းဆိုသော ရန်ပုံငွေရရှိမှု လျော့နည်းလာသဖြင့် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ လျှော့ချခဲ့ရသည်ဟု စစ်တမ်းတုံ့ ပြန်သော ၁၂ ဖွဲ့အနက် လေးဖွဲ့ က ပြောကြားသည်။ ၂၀၁၅ တွင် ထိုကဲ့သို့ ပြောကြားသောအဖွဲ့ ခုနစ်ဖွဲ့အထိ ရှိလာခဲ့သည်။ ၎င်းတို့က အခြားရင်းမြစ်များမှ
ငွေကြေးရှာဖွေရန် ကြိုးစားခြင်း (သို့ မဟုတ်) ၎င်းတို့အစား တခြားအဖွဲ့များအား ၀င်ရောက် လုပ်ကိုင်စေခြင်းများ ရှိသော်လည်း တချို့နေ ရာတွင် ဘတ်ဂျက်ကျပ်တည်းမှု ကြောင့် အကူအညီပေးခြင်းလည်း နည်းပါးသွားပါသည်။

ယင်းသို့ ရန်ပုံငွေကွာဟမှု ကျဉ်းမြောင်းစေရန် ရန်ပုံငွေ တောင်းခံမှု (ပန်ကြားမှု) စနစ်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရမည်ဟု စစ်တမ်းပြန်ကြားသော အဖွဲ့သုံးပုံ၊ နှစ်ပုံက သဘောတူ ကြသည်။ အချို့ကလည်း ကုလအေဂျင်စီများမှ တစ်ဆင့်ရန်ပုံငွေ ပေးခြင်းကို လျှော့ချသင့်သည်ဟု ပြောကြသည်။

ကုလသမဂ္ဂဦးဆောင်သော ရန်ပုံငွေပန်ကြားမှုတွင် အကျပ်အတည်း တုံ့ပြန်ရေးလုပ်ငန်း အားလုံးနှင့် ဘဏ္ဍာရေးထည့်ဝင်မှု အားလုံး မပါဝင်သော်လည်း ကမ္ဘာလုံးဆိုင်ရာလိုအပ်ချက် မည်မျှရှိသည် ဆိုခြင်းနှင့် ဖြည့်စွမ်းနိုင်သော ပမာဏကို အကြမ်းဖျင်း တွက်ချက်ကြည့်နိုင်သည်ဟု CARE Inter-national အဖွဲ့မှ လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး အကြီးတန်းအရာရှိ ဂါရက်ပရိုက်စ်ဂျုန်းစ်က ပြောကြားသည်။

ယနေ့ဖြစ်ပေါ်နေသော ရန်ပုံငွေ မလုံလောက်မှုမှာ အသက် ရှင်သန်ရန် မနည်းကြိုးစားနေရသူများ အပေါ် အမှန်တကယ်ရိုက် ခတ်မှုရှိသည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောကြားကြသည်။

‘‘အဲဒီလူတွေဟာ ညစ်ပတ်နေတဲ့ ရေတွေ၊ အစားအစာမလုံ လောက်တာတွေ၊ ပညာလည်း မသင်ကြားရဘဲ ဆက်လက်ရုန်း ကန်နေကြတယ်’’ဟု ပရိုက်စ်ဂျုန်း က ပြောပါသည်။

ကူညီထောက်ပံ့မှု နည်းပါး ခြင်းမှာ တစ်ခါတစ်ရံလူသေဆုံးမှု များတွင် တိုက်ရိုက်သက်ဆိုင်ပါ သည်။ ၂၀၁၁ နှင့် ၂၀၁၂ က အာဖရိကဦးချိုဒေသတွင် မိုးခေါင်ရေ ရှားမှုနှင့် စားနပ်ရိက္ခာဈေးနှုန်းကြီး မြင့်မှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၃ သန်း ဒုက္ခခံခဲ့ရပြီး ဆိုမာလီယာနိုင်ငံမှ လူ ၂၅၀,၀၀၀ သေဆုံးခဲ့သည်။ တိုက်ပွဲများကြောင့် အကူအညီပေးပို့ရန် နှောင့်နှေးခဲ့သည်။

သို့သော်မကြာခဏဆိုသလို လူသားချင်း စာနာထောက်ထားမှု ရန်ပုံငွေ မလုံလောက်မှုမှာ မြင်သာထင်သာမရှိဟု ၂၀၀၇ မှ ၂၀၁၀အထိ ကုလသမဂ္ဂအရေးပေါ် ကယ်ဆယ်ညှိနှိုင်း ဆောင်ရွက်ပေးသူ အဖြစ် တာဝန်ထမ်းခဲ့သူ
ဂျွန်ဟုမ်းစ်က ဆိုသည်။

‘‘မသေသင့်ဘဲ သေသွားတဲ့ လူတွေအများကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ဘ၀တွေ ဟာ ဘက်ပေါင်းစုံကနေ ထိရှ ပြတ်တောက်သွားလို့ ဖြစ်ပါတယ်’’ ဟု ယခုအခါဗြိတိန်အခြေစိုက် ပညာရှင်အဖွဲ့ The Ditchley Foundation ၏ ဒါရိုက်တာအဖြစ်  လုပ်ကိုင်နေသူ ဂျွန်ဟုမ်းစ်က ပြောသည်။

မေလ ၂၃-၂၄ ရက် အစ္စ တန်ဘူလ်မြို့တွင် ပထမအကြိမ် ကျင်းပမည့် ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာ သော နိုင်ငံများက အသက်ကယ်ဆယ်ရေး အကူအညီလုပ်ငန်း
ရန်ပုံငွေ လိုအပ်မှုကို လျှော့ချရေး ကတိ ပြုကြမည်ဟု မျှော်လင့်ရသည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ထံမှလည်း မြန်ဆန်ထိရောက်မှု ကတိက၀တ်များ ၎င်းတို့က ပြန်လည်မျှော်လင့်ကြမည်
ဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် အ ဆင့်မြင့်လူကြီးများ အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ခဲ့သော လူသားချင်း စာနာထောက်ထားမှု ဘဏ္ဍာရေး ထောက်ပံ့မှု အစီရင်ခံစာ၌ ၂၀၁၅ အတွင်း စစ်ပွဲများ၊ မြေငလျင်များ နှင့် ရေကြီးရေလျှံမှုများနှင့် အခြား အကျပ်အတည်းများ ခံစားနေရသော လူပေါင်း ၁၂၅ သန်းကို ကူညီရေးလိုအပ်သော ငွေကြေးမှာ ကန်ဒေါ်လာ ၄၀ ဘီလီယံဟု သတ်မှတ်ထားသည်။

၂၀၁၅ အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ စုစုပေါင်း ရှာဖွေနိုင်ခဲ့သော ငွေ ကြေးမှာ ကန်ဒေါ်လာ ၂၀ ဘီလီ ယံအောက်သာရှိသည်။ ၂၀၁၄ က ရရှိခဲ့သော ကန်ဒေါ်လာ ၂၄ ဘီ လီယံမှ ကျဆင်း လာခဲ့ခြင်း
ဖြစ်ပြီး နှစ်စဉ်ရန်ပုံငွေ ကန်ဒေါ်လာ ၂၀ ဘီလီယံလျော့နည်းမှုကို ညွှန်ပြ နေသည်။

အစ္စတန်ဘူလ် ထိပ်သီးဆွေးနွေးပွဲတွင် ယင်းကွာဟချက်ကို ဖြည့်ဆည်းရေးအစီအစဉ်များကို ထောက်ခံ အကြံပေးမည်ဖြစ်သည်။ ယင်းတွင် အရေးပေါ်တုံ့ ပြန်ကူညီမှုများ၌ မထိရောက်မှုများကို ဖြတ်တောက်ခြင်း၊ ပင်လယ်ကွေ့
နိုင်ငံများနှင့် ထွန်းသစ်စ စီးပွားရေးနိုင်ငံများတွင် အကူအညီ ပေးနေကျ အလှူရှင်များအား ချဲ့ ထွင်ခြင်း၊ ထောက်ပို့ပစ္စည်းများထက် ငွေသားဖြင့် အကူအညီပေး ရေး ပုံစံပြောင်းရေးနှင့် အစ္စလာမ်မစ်ဘဏ်များမှ ထုတ်ဝေသော ဘွန်းများမှ ရန်ပုံငွေရှာဖွေရေးတို့ ပါဝင်သည်။

အရေးပေါ်အခြေအနေများ အတွက် ငွေကြေးပိုမိုရှာဖွေရေး သိသာထင်ရှားသော နည်းလမ်းတစ်ခုမှာ အရေးပေါ်အခြေအနေ အတွက် အသုံးပြုသော တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ပမာဏအား လက်ရှိ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ရေးဖြစ်သည်ဟု ဂျွန်ဟုမ်းစ်က ဆိုသည်။

ဥပမာအားဖြင့် ဆိုလျှင် ဗြိ တိန်နိုင်ငံသည် ပိုမိုဆိုးရွားလာသော (သို့မဟုတ်) အသစ်ဖြစ်ပေါ်သော အကျပ်အတည်းများအား လျင်မြန်စွာ တုံ့ပြန်နိုင်ရန် ပေါင်သန်း ၅၀၀ တန် ရန်ပုံငွေသစ်တစ် ရပ်ကို ထူထောင်ထားသည်။ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် သုံးစွဲမှု ထက်ဝက်ကိုလည်း မတည်ငြိမ်သော ပြည်နယ်များ၊ ဒေသများသို့ ချထားပေးသွားမည်ဖြစ်သည်။

အရေးပေါ်အကူအညီပမာဏ နည်းပါးသွားစေရေးမှာ ပဋိပက္ခများ ဖြေရှင်းရာတွင် ငွေကြေး ထည့်ဝင်မှုနှင့် နိုင်ငံရေးအရ အားစိုက်မှု ပိုမိုလုပ်ဆောင်ရေးနှင့် လူအများအား သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၌
ငွေ ကြေးပိုမိုသုံးစွဲရေး ဖြစ်သည်ဟု အကူအညီပေးရေး အရာရှိအများ အပြားက သဘောတူကြပါသည်။

တဖြည်းဖြည်းနှင့် ပိုများလာသော လူသားချင်း စာနာထောက်ထားရေး အစီအမံများမှာ မြေငလျင်ဒဏ် ခံနိုင်သော နေအိမ်များ ဆောက်လုပ်ပေးခြင်းဖြင့် လူများအား ကာကွယ်ပေးခြင်း၊ လူ့အဖွဲ့အစည်းများကြား တင်းမာမှုများ ကို ပြန်လည်ရင်ကြားစေ့ရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှု ခံနိုင်ရန် လယ်သမားများအား အကူအညီပေးခြင်းတို့ ဖြစ်လာပါသည်။

သို့သော် အလှူရှင်များ၌ ငွေကြေးအကန့်အသတ် ရှိနေသော အခါ ယင်းသို့ ရေရှည်လုပ်ဆောင် ရမည့် အကူအညီလုပ်ငန်းများမှာ မကြာခဏဆိုသလို ဘေးသို့ လွင့် စဉ်သွားသည်။

‘‘ပထမဦးစွာ အကူအညီ လိုအပ်ချက်ဖြစ်ပေါ်လာစေတဲ့ အခြေခံ အကြောင်းတရားတွေကို ကျွန်တော်တို့ မကိုင်တွယ်ဘူးဆိုရင် လူသားချင်း စာနာထောက်ထားမှု အကူအညီက တစ်နှစ်ကို ကန်ဒေါ်လာ ၂၀ ဘီလီယံဆိုတာကို ကျွန်တော်တို့ ဖြည့်စွမ်းနိုင်မှာ မဟုတ်ဘူး’’ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP)မှ အကြီးတန်း အကြံပေး ဂျန်ကယ်လက်က ပြောကြားသည်။

‘‘ကျွန်တော်တို့ရဲ့ စကားလမ်းကြောင်းကို ပဋိပက္ခတွေကနေ ဖွံ့ဖြိုးတိုးတက်ရေးဆီကို လွှဲပေးဖို့ လိုအပ်ပါတယ်’’ဟု မစ္စတာ ဂျန်ကယ်လက်က ဆက်ပြောပါသည်။             
—Ref:Reuters