အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၁ ဇွန် ၂၀၁၆

၁၈:၀၃:၃၇
757698

မူးယစ်စစ်ပွဲ ဆင်နွှဲရင်း ဝေဖန်ခံနေရသော မက္ကဆီကိုစစ်တပ်

ခေတ်သစ် စစ်ပွဲများတွင် တိုက်ခိုက်သူများသည် ၎င်းတို့၏ ရန်သူများကို သတ်ဖြတ်ခြင်းထက် ဒဏ်ရာရရှိအောင် ပိုမိုလုပ်ဆောင် လိုကြသည်။ မက္ကဆီကိုနိုင်ငံတွင်မူ ဆန့်ကျင်ဘက်ဖြစ်သည်။


၂၀၁၁ ခုနှစ်က ယူဂွာအိုဒေသ ပစ်ခတ်မှုအတွင်း မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့ဝင်များဟုဆိုသော လူလေးဦးကို မက္ကဆီကိုတပ်ဖွဲ့များက သတ်ဖြတ်ခဲ့ပြီး အနီးအနားရှိလူတစ်ဦးလည်း သေဆုံးခဲ့သည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ ( Leovigildo Gonzalez/REUTERS)

ခေတ်သစ် စစ်ပွဲများတွင် တိုက်ခိုက်သူများသည် ၎င်းတို့၏ ရန်သူများကို သတ်ဖြတ်ခြင်းထက် ဒဏ်ရာရရှိအောင် ပိုမိုလုပ်ဆောင် လိုကြသည်။ မက္ကဆီကိုနိုင်ငံတွင်မူ ဆန့်ကျင်ဘက်ဖြစ်သည်။

အစိုးရ၏ အချက်အလက်များအရ မက္ကဆီကို၏ လက်နက်ကိုင်တပ်ဖွဲ့များသည် သတ်ဖြတ်မှုတွင် အလွန်ထူးချွန်ပြီး ထူးခြားသောနှုန်းထားဖြင့် အလောင်းချင်း ထပ်အောင်လုပ်နိုင်ကြသည်။ မက္ကစီကိုအာဏာပိုင်များကမူ မိမိတို့၏ စစ်သားများသည် ၎င်းတို့ရင်ဆိုင်နေရသော ဂိုဏ်းများထက် လေ့ကျင့်မှုနှင့် ကျွမ်းကျင်မှုပိုများသည်ဟု ဆိုကြပါသည်။

သို့သော်ယင်းကိစ္စကို လေ့လာသူပညာရှင်များက မက္ကဆီကို၏ သတ်ဖြတ်မှုနှုန်းကို မကြားဖူးကြသလို ယင်းကိန်းဂဏန်းများက နိမိတ်ဆိုးတစ်ခုခုကို လှစ်ဟပြနေသည်ဟု ဆိုကြသည်။

‘‘ဒါတွေဟာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေပါ’’ဟု လက်နက်ကိုင်တပ်ဖွဲ့များကြား သတ်ဖြတ်မှုများကို ကနဦးစတင်လေ့လာခဲ့သူ နယူးယောက်တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ ပေါလ်ချီဗီနီကဆိုပါသည်။

လက်နက်ကိုင်အုပ်စုများကြားတိုက်ပွဲပုံစံအမျိုးမျိုးတွင် လူတစ်ယောက်သတ်ဖြတ်ခံရတိုင်း လေးဦးခန့်ဒဏ်ရာရလေ့ရှိသည်ဟု ၁၉၇၀ နှောင်းပိုင်းမှစ၍ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) အဖွဲ့ အကဲဖြတ်ချက်က ပြဆိုသည်။ တစ်ခါတစ်ရံဒဏ်ရာ ရသူဦးရေ ပိုများတတ်သည်။

သို့သော်မက္ကဆီကိုနိုင်ငံတွင် သေဆုံးမှုနှုန်းမှာ ပြောင်းပြန်ဖြစ်သည်။ ဒဏ်ရာရရှိသူတစ်ဦးတိုင်းတွင် မက္ကဆီကိုစစ်တပ်က သတ်ဖြတ်ခဲ့သူ ရှစ်ဦးရှိသည်။ နိုင်ငံ၏ မရိမ်းအထူးတပ်ဖွဲ့များဆိုပါက အရေအတွက်ပိုများသည်။ ဒဏ်ရာရသူတစ်ဦးရှိလျှင် ၎င်းတို့အား တိုက်ခိုက်သူ ၃၀ ကို သတ်ဖြတ်သည်။

၂၀၁၄ အစောပိုင်းတွင် မက္ကစီကိုအစိုးရထုတ်ပြန်မှုရပ်ဆိုင်းခဲ့သော ကိန်းဂဏန်းများမှနေ၍ အဖွဲ့လိုက်ကျူးလွန်သော ပြစ်မှု ကိစ္စတွင် မက္ကဆီကိုစစ်တပ်က ရယူခဲ့သော အခန်းကဏ္ဍ၏ အထိန်းအကွပ်မဲ့မှုကို လှစ်ဟပြခဲ့သည်။ မူးယစ်တိုက်ပွဲတွင် ရှေ့တန်းရောက်လာခဲ့ပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာခဲ့သည်။ သမ္မတဟောင်း ဖိလစ်ကယ်လ်ဒါရွန်က လွန်ခဲ့သော ၁၀ နှစ်က မူးယစ်စစ်ပွဲ စတင်ခဲ့ချိန်မှစ၍ တိုးပွားလာခဲ့သော ညှဉ်းပန်းနှိပ်စက်မှု၊ လူပျောက်ဆုံးမှုနှင့် ဥပဒေမဲ့သတ် ဖြတ်ခြင်းစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမှုမရှိသလောက်ပင်ဖြစ်သည်။ ယင်းတိုက်ပွဲအား တိုက်ခိုက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းကို နှိပ်ကွပ်ရန် အစိုးရ၏ စိတ်အားထက်သန်မှုလျော့နည်းခြင်းကြောင့်လည်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းရန် တောင်းဆိုမှုများကို မက္ကဆီကိုစစ်ဘက်က မတုံ့ပြန်ခဲ့ပေ။ သို့သော်ကာကွယ်ရေးဝန်ကြီး ဆယ်လ်ဗာဒါဇီပီဒါကမူ လူသိရှင်ကြားစစ်ဘက်ကို ကာကွယ်ပြောကြားခဲ့သည်။ စစ်ဘက်မှာ မူးယစ်ဂိုဏ်းများကို ထိပ်တိုက်ရင် ဆိုင်ကိုင်တွယ်နေသော တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ကာ အောင်ပွဲရနေသည်ဟု ဇီပီဒါက ပြောကြားသည်။

‘‘လူ့အဖွဲ့အစည်းက တောင်းဆိုလို့ သူတို့ဟာ လမ်းတွေပေါ်ရောက်နေတာဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်ကြီး ဇီပီဒါက မက္ကဆီကို သတင်းစာတစ်စောင်အား ယခုလအတွင်း ပြောကြားခဲ့သည်။

၂၀၀၇ နှင့် ၂၀၁၂ ကြား စစ်ဘက်ကြောင့် သေဆုံးခဲ့သူ ၃,၀၀၀ ရှိပြီး ထိုကာလအတွင်း တပ်ဖွဲ့ဝင် ၁၅ ဦးကျဆုံးခဲ့သည်။ ဝေဖန်ရေးသမားအချို့ကလည်း ယင်းမှာ လက်တွေ့ကျသော ပုံစံတစ်ခုဟု ဆိုကြသည်။ မက္ကဆီကိုတွင် လူသတ်မှုများအား အောင်မြင်စွာ ဖမ်းဆီးအရေးယူနိုင်မှု ၂ ရာခိုင်နှုန်းအောက်သာရှိသည်။ စစ်ဘက်က ၎င်းတို့၏ ရန်သူများအား သတ်ပစ်သည်။ အဘယ်ကြောင့်ဆိုသော် ခိုင်မာမှုမရှိသော တရားရေးစနစ်ကို အားမကိုးနိုင်သောကြောင့်ဟု ဆိုသည်။

အစိုးရအဖွဲ့မှာမူ ဖိအားများ ရင်ဆိုင်နေရသည်။ မတ်လအတွင်းက အမေရိကန်တစ်ဝန်းလူ့ အခွင့်အရေးကော်မရှင်က တရားရေးစနစ်ပြင်ပသတ်ဖြတ်မှုများ အပါအ၀င် မက္ကဆီကိုနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းကို ရှုတ်ချပြောဆိုခဲ့သည်။။ မက္ကဆီကိုနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသည်ဆိုသော အစောပိုင်းကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အား ထပ်မံဖြည့်စွက်ခဲ့သည်။

မကြာသေးမီသီတင်းပတ်များအတွင်းက ရဲတစ်ဦးက အမျိုးသမီးတစ်ဦး၏ ဦးခေါင်းအား ပလတ်စတစ်အိတ်စွပ်၍ ဆွဲထားပြီး စစ်သားတစ်ဦးက ရိုက်နှက်နေသောပုံ အင်တာနက်ပေါ်ရောက်ရှိသွားခဲ့ရာ ရှားရှားပါးပါးလူထုအား တောင်းပန်မှုထွက်ပေါ်ခဲ့သည်။

လူ့အခွင့်အရေးကိစ္စကို အလေးအနက်ထားကြောင်း အစိုးရက ပြောကြားပါသည်။ အခွင့်အရေးချိုးဖောက်မှုတန်ပြန်ရန်နှင့် အခွင့်အရေးချိုးဖောက်ခံရသူများအား ကာကွယ်ရန် ဥပဒေပြဋ္ဌာန်းခဲ့သည်။ စစ်သားများအား အရပ်ဘက်တရားရုံး၌ တရားစီရင်ခွင့်ပြုခဲ့သည်။ စစ်တပ်အတွင်းမှာပင် လူ့အခွင့်အရေးပညာပေးရေးအစီအစဉ်သစ်တစ်ခုစတင်ခဲ့ပြီး လက်ရှိသမ္မတလက်ထက်တွင် စစ်ဘက်နှင့်ပတ်သက်၍ တိုင်တန်းပြောကြားမှုများ သိသာစွာ လျော့ကျသွားခဲ့သည်ဟု အစိုးရက ပြောပါသည်။

‘‘လူ့အခွင့်အရေးချိုးဖောက်ခြင်း တိုင်တန်းမှုမှန်သမျှဟာ ပူပန်စရာကောင်းပါတယ်။ ဒါပေမဲ့လည်း အဲဒီသီးခြားဖြစ်စဉ်တွေက နိုင်ငံအတွင်း လူ့အခွင့်အရေးယေဘုယျအခြေအနေကို ရောင်ပြန်မဟပ်ပါဘူး’’ဟု အစိုးရကပြောသည်။

စစ်ဘက်က ညှဉ်းပန်းနှိပ်စက်မှုတိုင်တန်းမှုများမှာ ၂၀၁၁ နောက်ပိုင်းကျဆင်းသွားသော်လည်း ရန်သူများနှင့် တွေ့ဆုံချိန် သေဆုံးမှုများမှာ ကျဆင်းမသွားကြောင်း ၂၀၁၄ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများက ပြသနေခဲ့သည်။

မက္ကဆီကိုစစ်ဘက်နှင့် စစ်တပ်၏ ဆက်ဆံရေးမှာ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကာလအထိ ရှည်လျားပါသည်။ ယင်းမှာ မက္ကဆီကိုနိုင်ငံ၌ ပြည်တွင်းစစ်ပြီးဆုံးချိန်လည်းဖြစ်သည်။ ထိုကာလကတည်ငြိမ်မှု ထိန်းသိမ်းနိုင်ရန် အာဏာရအဖွဲ့အစည်းများဆိုင်ရာ တော်လှန်ရေးပါတီက လက်နက်ကိုင်အဖွဲ့နှင့် သဘောတူညီချက်တစ်ရပ်ရယူခဲ့သည်ဟု သမိုင်းပညာရှင်များက ပြောကြားသည်။ ယင်းစစ်ဘက်အား လုံးဝနီးပါးလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေး၍ နိုင်ငံရေးတွင် စစ်ဘက်က ၀င်ရောက်မစွက်ဖက်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

မက္ကဆီကိုနိုင်ငံမှာလည်း အခြားလက်တင်အမေရိကနိုင်ငံများနှင့်မတူဘဲ မည်သည့်အချိန်ကမျှ အာဏာသိမ်းမှု မခံစားခဲ့ရပေ။ အစိုးရက စစ်ဘက်အတွက် ရန်ပုံငွေအလုံအလောက်မပေးခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဝေဖန်စောကြောမှုလည်း မလုပ်ခဲ့ပေ။ အကာအကွယ်ပင်ပေးခဲ့သည်။

ယင်းသို့အကာအကွယ်ပေးမှုမှာ ၂၀၀၆ တွင် အလွန်အရေးပါလာခဲ့သည်။ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဂိုဏ်းများအား စစ်တပ်က မြို့ရွာရပ်ကွက်များအတွင်း ၀င်ရောက်ဖြေရှင်းရင်း သွေးထွက်သံယိုမှုများလည်း မြင့်တက်လာခဲ့ချိန်ဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်မှု တိုင်တန်းခြင်းများ စံချိန်တင်များပြားခဲ့သော်လည်း အစိုးရက စစ်တပ်ကို အရေးမယူသလောက်ဖြစ်ခဲ့သည်။

အမေရိကန်စစ်ဘက်နှင့် လေ့ကျင့်ခြင်း၊ သင်တန်းပေးခြင်းနှင့် စစ်အသုံးအဆောင်များ ရောင်းချပေးခြင်းတို့ဖြင့် ဆက်ဆံမှုများပြားလာသည့်ကြားမှာပင် မက္ကဆီကို စစ်တပ်က ပြစ်ဒဏ်ကင်းလွတ်မှု ရရှိနေခြင်းဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်က ဘလက်ဟော့တိုက်ခိုက်ရေးရဟတ်ယာဉ်များအား မက္ကဆီကိုနိုင်ငံသို့ ရောင်းချရန် အမေရိကန်က သဘောတူညီခဲ့သည်။ ယင်းမှာ ၂၅ နှစ်အတွင်း ကန်ဒေါ်လာတစ်ဘီလီယံ ကျော်သုံးစွဲမည့် အစီအစဉ်ဖြစ်ကာ မက္ကဆီကိုစစ်တပ်၏ အဆင့်အတန်းကိုလည်း အမေရိကန်စစ်တပ် အဆင့်နီးပါးရှိလာစေမည်ဟု စစ်တပ်အရာရှိများက ပြောကြားကြ သည်။

‘‘ကျွန်တော်တို့က သူတို့ကို ရဟတ်ယာဉ်တွေပဲရောင်းကာ မဟုတ်ပါဘူး။ ၁၅ နှစ်အတူတကွ အနီးကပ်အလုပ်လုပ်ခဲ့တာကြောင့် ရောင်းချပေးခဲ့တာပါ။ မဟုတ်ရင် ရောင်းမှာမဟုတ်ပါဘူး’’ဟု မက္ကဆီကိုမူဝါဒဆိုင်ရာ ပင်တဂွန်ထိပ်တန်းအရာရှိ တော့ဒ်အမ်ရိုဆင်ဘလမ်က ပြောကြားပါသည်။

နှစ်နိုင်ငံကြား ရင်းနှီးလာသော ဆက်ဆံရေးမှာ အမေရိကန်လွှတ်တော်မှ ဝေဖန်သူများကို စိတ်သက်သာမှုမပေးခဲ့ပေ။

‘‘ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေရဲ့ အရေးကြီးပုံကို ယုံကြည်တဲ့ လူတွေထိပ်ပိုင်းမှာ မရှိဘူးဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လေ့ကျင့်သင်ကြားပေးမှုတွေ အကုန်လုံးအလုပ်မဖြစ်ပါဘူး’’ဟု ဗားမောင့်ပြည်နယ်မှ ဒီမိုကရက် အထက်လွှတ်တော်အမတ်ပက်ထ ရစ်ဂျေလီဟီက ဆိုပါသည်။

Ref:Ny Times

--------------------------------

251/End