အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
သောကြာနေ့

၅ ဩဂုတ် ၂၀၁၆

၁၇:၂၁:၁၂
770213

အိုင်အက်စ်၏ အင်အား ယုတ်လျော့သွားပြီ ဖြစ်သော်လည်း လျှော့တွက်၍ မရဟု အိုဘားမားဆို

အိုင်အက်စ်တို့၏ အင်အားသည် သိသာစွာ ယုတ်လျော့ အားနည်းသွားပြီ ဖြစ်သော်လည်း ၎င်းတို့၏ ခြိမ်းခြောက်မှုကို လုံးဝ လျှော့မတွက်သင့်ကြောင်း အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။ ဆီးရီးယားနှင့် အီရတ်တို့တွင် နယ်မြေ အမြောက်အမြား လက်လွှတ်ခဲ့ရပြီ ဖြစ်သလို အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်များ၏ လပေါင်းများစွာ ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် အိုင်အက်စ်တို့အတွက် ကြီးကြီးမားမား အကျပ်ရိုက်စရာများ ကြုံခဲ့ရသည်။ သို့သော် ကမ္ဘာ့သမိုင်းတွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး စစ်သွေးကြွများ အနေဖြင့် အဆိုပါ အရှုံးများကို ခါးသီးစွာ တုံ့ပြန်ပြီး နိုင်ငံရပ်ခြား ဒေသများတွင် အကြမ်းဖက်မှုများ ကျူးလွန်ရန် ပိုမို ပစ်မှတ် ထားလာနိုင်ကြောင်း အိုဘားမားက သတိပေးခဲ့သည်။


အိုင်အက်စ်တို့၏ အင်အားသည် သိသာစွာ ယုတ်လျော့ အားနည်းသွားပြီ ဖြစ်သော်လည်း ၎င်းတို့၏ ခြိမ်းခြောက်မှုကို လုံးဝ လျှော့မတွက်သင့်ကြောင်း အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။

ဆီးရီးယားနှင့် အီရတ်တို့တွင် နယ်မြေ အမြောက်အမြား လက်လွှတ်ခဲ့ရပြီ ဖြစ်သလို အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်များ၏ လပေါင်းများစွာ ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် အိုင်အက်စ်တို့အတွက် ကြီးကြီးမားမား အကျပ်ရိုက်စရာများ ကြုံခဲ့ရသည်။ သို့သော် ကမ္ဘာ့သမိုင်းတွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး စစ်သွေးကြွများ အနေဖြင့် အဆိုပါ အရှုံးများကို ခါးသီးစွာ တုံ့ပြန်ပြီး နိုင်ငံရပ်ခြား ဒေသများတွင် အကြမ်းဖက်မှုများ ကျူးလွန်ရန် ပိုမို ပစ်မှတ် ထားလာနိုင်ကြောင်း အိုဘားမားက သတိပေးခဲ့သည်။

“ဒီအဖွဲ့အစည်းက တစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုငယ်လေးတွေနဲ့ဖြစ်စေ အကြမ်းဖက် တိုက်ခိုက်လာနိုင်တဲ့ ဖြစ်နိုင်ခြေမျိုးက တကယ့်ကို လက်တွေ့ကျကျ အားကောင်းနေဆဲပါ”ဟု အိုဘားမားက ဆိုသည်။ ၎င်းသည် ပင်တဂွန် စစ်ဌာနချုပ်တွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခု အပြီး၌ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က အလွန်အားကောင်းသည့် စစ်သွေးကြွ အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့သော်လည်း လက်ရှိ အခြေအနေအရ အိုင်အက်စ်တို့သည် ထိပါးထိုးနှက်၍ မရနိုင်သည့် အဆင့်မျိုး မဟုတ်တော့ဟု အိုဘားမားက သုံးသပ်ခဲ့သည်။ “တစ်ခုပြောနိုင်တာက သူတို့ဟာ အရှုံးနဲ့ မြေကြီးလက်ခတ်မလွဲ ကြုံလာရလိမ့်မယ်။ အိုင်အက်စ်အိုင်အယ်လ် (အိုင်အက်စ်၏ အမည်ဟောင်း) အဖွဲ့ဟာ ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး အီရတ်နဲ့ ဆီးရီးယားမှာ အောင်မြင်တဲ့ စစ်ဆင်ရေးမျိုး တစ်ခုမှ အထမမြောက်တော့ပါဘူး”ဟုလည်း အိုဘားမားက ဆိုသည်။

လတ်တလောတွင် အိုင်အက်စ်တို့သည် အဆိုပါ နှစ်နိုင်ငံတွင် အဓိက ခြေကုပ်စခန်းများအဖြစ် သတ်မှတ်ထားသည့် ရက္ကာနှင့် မိုဆူးလ်တို့ လက်အလွှတ်ရရေး အဓိကထား ခုခံနေရပြီ ဖြစ်သည်။ တစ်ဖက်တွင် အီရတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ အစရှိသော နိုင်ငံများ၌ ယခုနှစ်အတွင်း အိုင်အက်စ်တို့၏ အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ အိုဘားမားက ယင်းအခြေအနေများအပေါ် ကြောက်ရွံ့ပြီး တွန့်ဆုတ်သွားမှုမျိုး မရှိရန် အလွန်အရေးကြီးကြောင်း မှတ်ချက်ပြုခဲ့သည်။

“အိုင်အက်စ်အိုင်အယ်လ်ဟာ အမေရိကန် ပြည်ထောင်စုကိုဖြစ်စေ၊ ကျွန်တော်တို့ရဲ့ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကိုဖြစ်စေ အနိုင်မရနိုင်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော် အိုင်အက်စ်တို့၏ တိုက်ခိုက်မှုများကြောင့် အချို့သော နိုင်ငံအစိုးရများနှင့် ပြည်သူများက အစ္စလာမ် ဘာသာဝင်များအပေါ် လက်တုံ့ပြန်လိုသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ခြင်း မပြုရန် အလွန်အရေးကြီးကြောင်း အိုဘားမားက သတိပေးခဲ့သည်။

“အဲဒီအခြေအနေမျိုးတွေက ပြင်းထန်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်။ ကျွန်တော်တို့ဟာ ဒီစစ်ပွဲမှာ အလုံးစုံ အနိုင်ရအောင် တိုက်ခိုက်ဖို့ လိုတယ်။ ဒါပေမဲ့ ဒီစစ်ပွဲကို အနောက်နိုင်ငံတွေနဲ့ အစ္စလာမ် အသိုက်အဝန်းရဲ့ ပဋိပက္ခ တစ်ခုအဖြစ် ကျွန်တော်တို့ ပုံစံမသွင်းသင့်ဘူး။ အိုင်အက်စ်အိုင်အယ်လ် လိုချင်နေတာ ဒီအခြေအနေမျိုးပဲ။ အနောက်နိုင်ငံတွေက အစ္စလာမ် ဘာသာရေးကို နှိပ်ကွပ်နေပါတယ် ဆိုတာမျိုး ရုပ်လုံးဖော်နိုင်ရင် သူတို့ ရှေ့ဆက်လို့ ရသွားမှာပဲ ဖြစ်တယ်”ဟု အိုဘားမားက ထောက်ပြသွားသည်။
===================
251 / End