အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
သောကြာနေ့

၁၉ ဩဂုတ် ၂၀၁၆

၁၆:၁၇:၀၃
773017

တောင်ပိုင်းဆူဒန် စစ်တပ်က ကလေးစစ်သားများ ခေါ်ယူစုဆောင်းနေဟု စွပ်စွဲမှုများ ထွက်ပေါ်လာ

တောင်ပိုင်းဆူဒန် အစိုးရ အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ကလေးစစ်သားများကို ခေါ်ယူစုဆောင်းနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာသည်။ နိုင်ငံထူထောင်မှု သက်တမ်း နုနယ်လွန်းသေးသော်လည်း ပြည်တွင်း ပဋိပက္ခများ ဆိုးရွားစွာ ပေါ်ပေါက်နေသည့် အာဖရိက နိုင်ငံတွင် အစိုးရက နောက်ထပ် စစ်ပွဲတစ်ခု စတင်ရန် ပြင်ဆင်နေပြီဟု ကုလသမဂ္ဂ၏ လျှို့ဝှက် မှတ်တမ်းတစ်ခုကို ဖော်ထုတ်ရယူနိုင်ခဲ့ပြီးနောက် AP သတင်းဌာနက ဖော်ပြခဲ့သည်။


တောင်ပိုင်းဆူဒန် အစိုးရ အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ကလေးစစ်သားများကို ခေါ်ယူစုဆောင်းနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာသည်။

နိုင်ငံထူထောင်မှု သက်တမ်း နုနယ်လွန်းသေးသော်လည်း ပြည်တွင်း ပဋိပက္ခများ ဆိုးရွားစွာ ပေါ်ပေါက်နေသည့် အာဖရိက နိုင်ငံတွင် အစိုးရက နောက်ထပ် စစ်ပွဲတစ်ခု စတင်ရန် ပြင်ဆင်နေပြီဟု ကုလသမဂ္ဂ၏ လျှို့ဝှက် မှတ်တမ်းတစ်ခုကို ဖော်ထုတ်ရယူနိုင်ခဲ့ပြီးနောက် AP သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ မှတ်တမ်းအရ တောင်ပိုင်းဆူဒန် သမ္မတ ဆယ်လ်ဗာကာရ်က အထူးခန့်အပ်ထားသည့် အရာရှိ တစ်ဦးသည် ခြိမ်းခြောက် အကျပ်ကိုင်မှုများ ပြုလုပ်ကာ ကျေးရွာတစ်ခုမှ ယောက်ျားလေး အားလုံးကို စစ်မှုထမ်းရန် ခေါ်ယူခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် ကလေးအချို့သည် (၁၂)နှစ်မျှသာ ရှိသေးသည်။ အဆိုပါ ကလေးများကို စစ်တပ်အတွင်း မည်သည့်အပိုင်းတွင် အသုံးချမည် ဆိုခြင်းကိုမူ မှတ်တမ်း၌ ရှင်းရှင်းလင်းလင်း ဖော်ပြမထားချေ။

တောင်ပိုင်းဆူဒန်တွင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကြား အကြီးအကျယ် သဘောကွဲလွဲမှုများ ရှိနေသလို သမ္မတကာရ်ကို ထောက်ခံသည့် အစိုးရ တပ်ဖွဲ့များနှင့် ဒုတိယ သမ္မတဟောင်း ရိခ်မေချာကို သစ္စာခံသည့် တပ်ဖွဲ့များကြား အပြင်းအထန် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ဖူးသည်။

ကုလသမဂ္ဂက တောင်ပိုင်းဆူဒန်၏ တည်ငြိမ်အေးချမ်းရေးတွင် ပါဝင်ထိန်းသိမ်း ဆောင်ရွက်ရန် ကုလ ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ကို စေလွှတ်ရန် ဆုံးဖြတ်ပြီး မကြာမီမှာပင် ယခုလို ကလေးစစ်သားများ စုဆောင်းမှု ပေါ်ပေါက်လာခြင်းဟု မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအတောအတွင်း ယူနီဆက်ဖ် အဖွဲ့ကြီးကလည်း ယခုနှစ် တစ်နှစ်တည်းတွင်ပင် တောင်ပိုင်းဆူဒန်၌ ကလေးငယ် ၆၅၀ ထက်မနည်း စစ်မှုထမ်းဘဝ ရောက်ခဲ့ကြောင်း ဩဂုတ် ၁၉ ရက်တွင် သီးခြားကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ တောင်ပိုင်းဆူဒန် အစိုးရစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ လူလ်ရိုင်ကောင်က စစ်တပ်တွင် ကလေးများကို အတင်းအဓမ္မ ခိုင်းစေ အမှုထမ်းစေခြင်း မရှိဟု ငြင်းဆန်ခဲ့သည်။ ယခုထွက်ပေါ်လာသည့် သတင်းများနှင့် ပတ်သက်၍လည်း အတိအကျ အတည်မပြုနိုင်သေးဟု ၎င်းက ဆိုသည်။

တောင်ပိုင်းဆူဒန် စစ်တပ်နှင့် အတိုက်အခံ အင်အားစုများက ပြည်တွင်းစစ်တွင် ကလေးစစ်သားများကို အသုံးပြုမည် မဟုတ်ဟု အခိုင်အမာ ကတိအထပ်ထပ် ပေးခဲ့သော်လည်း ဇူလိုင်လအတွင်း မြို့တော်ဂျူဘား၌ နောက်ဆုံး ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အပြီးတွင် နှစ်ဖက်စလုံးက ကလေးစစ်သားများကို စုဆောင်းလာနေကြောင်း ယူနီဆက်ဖ်၏ လက်ထောက် အမှုဆောင် ဒါရိုက်တာ ဂျက်စတင် ဖောဆစ်သ်က စွပ်စွဲ ပြောကြားသွားသည်။
===================    
251 / End