အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၂၂ ဩဂုတ် ၂၀၁၆

၁၉:၂၅:၃၆
773786

ကောလိပ်ကျောင်းထဲ မိကျောင်းများ လာလွှတ်သွားသူများကို ဩစတြေးလျ ရဲတပ်ဖွဲ့ ရှာဖွေနေ

ဩစတြေးလျတွင် ကောလိပ်ကျောင်းထဲ မိကျောင်းများ လာလွှတ်သွားသည့် လူငယ်အချို့ကို ရဲများက လိုက်လံ ရှာဖွေနေကြောင်း သိရသည်။ ဒါဝင်မြို့အနီး ဟမ်တီဒူးရှိ တာမင်မင် ကောလိပ်ထဲသို့ လူငယ်လေးဦးက ခိုးဝင်လာကာ ရေငန်မိကျောင်း သုံးကောင်ကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲများက လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ပြန်လည်စစ်ဆေးပြီးနောက် ဖော်ထုတ် တွေ့ရှိခဲ့သည်။



ဩစတြေးလျတွင် ကောလိပ်ကျောင်းထဲ မိကျောင်းများ လာလွှတ်သွားသည့် လူငယ်အချို့ကို ရဲများက လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

ဒါဝင်မြို့အနီး ဟမ်တီဒူးရှိ တာမင်မင် ကောလိပ်ထဲသို့ လူငယ်လေးဦးက ခိုးဝင်လာကာ ရေငန်မိကျောင်း သုံးကောင်ကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲများက လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ပြန်လည်စစ်ဆေးပြီးနောက် ဖော်ထုတ် တွေ့ရှိခဲ့သည်။

အဆိုပါ မိကျောင်းအမများအနက် အကြီးဆုံး အကောင်သည် ၆ မီတာမျှ ရှည်လျားသည်။ လူငယ်များက မိကျောင်းများကို ကျောင်း အဆောက်အအုံရှေ့တွင် ထားရှိခဲ့ခြင်း ဖြစ်သည်။

ဩဂုတ် ၂၁ ရက် ဖြစ်ရပ်တွင် ကောလိပ်ကျောင်းထဲ ရောက်လာသည့် မိကျောင်း သုံးကောင်စလုံးမှာ ကျန်းမာရေး အလွန်ဆိုးရွားနေပြီ ဖြစ်သောကြောင့် ၎င်းတို့ကို ကယ်ဆယ်ရန် မဖြစ်နိုင်တော့ဘဲ အညင်သာဆုံး နည်းလမ်းဖြင့် ဇီဝိန်ခြွေ ပေးခဲ့ရကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့ အရာရှိ ဒေးဗစ် ဂရီဂေါ်ရီက ပြောကြားခဲ့သည်။

“သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ကျွမ်းကျင်သူတွေက မိကျောင်းတွေရဲ့ အခြေအနေကို သေချာစစ်ဆေးခဲ့တယ်။ မိကျောင်းတွေရဲ့ ပါးစပ်တွေကို တိပ်နဲ့ ကပ်ထားတယ်။ မိကျောင်းတွေက ရေနဲ့ မထိတွေ့ရတာ အရမ်းကြာနေပုံပေါ်တယ်။ အာဟာရလည်း ပြတ်နေတယ်”ဟု ၎င်းက ဆိုသည်။ တိရစ္ဆာန် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် တောခေါင်း လုခ်မက္ကလာရင်က မိကျောင်းများ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် ကြံ့ခိုင်မှု အလွန်အားနည်း ပျက်စီးနေပြီဟု ရှင်းပြခဲ့သည်။

“အရိုးရှင်းဆုံး ပြောရရင် အရိုးပေါ် အရေတင် ဖြစ်နေကြရှာပါတယ်။ သူတို့ကို ခပ်လွယ်လွယ်ပဲ ဖမ်းလို့ရခဲ့တယ်။ သူတို့ သားရေတွေက အတော် အခြေအနေဆိုးနေပြီ။ ရေနဲ့ မထိရဘဲ အချိန်ကြာကြာ နေထားရပုံပဲ။ အစာလည်း ကျွေးပုံမပေါ်ဘူး။ တစ်ကောင်ဆိုရင် ဖြစ်ကတတ်ဆန်း ထားထားလို့ မျက်စိပါ ကန်းနေပုံရတယ်”ဟုလည်း ၎င်းက ဆိုသည်။

ယင်းတွားသွားသတ္တဝါကြီးများကို မိကျောင်းမွေးမြူရေး စခန်းတစ်ခုခုမှ ခေါ်ဆောင်လာခြင်းဟု တာဝန်ရှိသူများက ယုံကြည်နေသည်။ ကောလိပ်ကျောင်းထဲ ခိုးဝင်ကာ မိကျောင်းများကို လွှတ်သွားသူများသည် မျက်နှာများကို ကာကွယ်ထားသော်လည်း ၎င်းတို့ မည်သူမည်ဝါ ဖြစ်သည်ကို နယ်မြေခံ ရဲတပ်ဖွဲ့က ကြိုစားလျက်ရှိသည်။

ဩစတြေးလျတွင် ရေငန်မိကျောင်းများသည် ဥပဒေဖြင့် အကာအကွယ် ပေးထားသည့် တိရစ္ဆာန် မျိုးစိတ်များဖြစ်ပြီး ၎င်းတို့ကို နှိပ်စက်သတ်ဖြတ်ပါက ရာဇဝတ်မှုမြောက်သလို ဩစတြေးလျဒေါ်လာ ၇၇၀၀၀ ထိ ဒဏ်ကြေးဖြစ်စေ၊ ၅ နှစ်အထိ ထောင်ဒဏ်ပြစ်ဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရှိရသည်။

--------------------------------
251/End