အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၁၉ စက်တင်ဘာ ၂၀၁၆

၁၈:၃၀:၁၃
780144

နယူးယောက် ဗုံးခွဲမှုတွင် ဖိအားသုံးမီးဖိုကို ဖောက်ခွဲရေး ကိရိယာအဖြစ် အသုံးချထား

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ဖြစ်ပွားသော ဗုံးကွဲမှုတွင် ဖိအားသုံး မီးဖိုကို ဖောက်ခွဲရေး ပစ္စည်းအဖြစ် အသုံးချထားကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိများက အတည်ပြုခဲ့သည်။


အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ဖြစ်ပွားသော ဗုံးကွဲမှုတွင် ဖိအားသုံး မီးဖိုကို ဖောက်ခွဲရေး ပစ္စည်းအဖြစ် အသုံးချထားကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိများက အတည်ပြုခဲ့သည်။

စက်တင်ဘာ ၁၇ ရက်က မက်ဟမ်တန် ရပ်ကွက်မှ ချယ်လ်ဆီးအရပ်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၉ ဦး ဒဏ်ရာရခဲ့သည်။ ဗုံးပေါက်ကွဲသည့် နေရာအနီးတွင် အခြားသော ဗုံးတစ်လုံးကိုလည်း တွေ့ရှိခဲ့သည်။ အဆိုပါ ဗုံးနှစ်လုံးစလုံးမှာ ဖိအားသုံး မီးဖိုတွင် သတ္တုအစအနများ ဖြည့်သွင်းကာ ပတ်ဝန်းကျင်ရှိ လူအများကို ထိခိုက်စေရန် စီစဉ်ထားကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

သတင်းအချို့ကမူ သက်ဆိုင်ရာ အာဏာပိုင်များ၏ အဆိုကို ကိုးကားပြီး ဗုံးနှစ်လုံးစလုံးတွင် မိုဘိုင်းဖုန်းများ ချိတ်ဆက်ထားပြီး ခရစ္စမတ် မီးရှူးမီးပန်းများကို စနက်တံသဖွယ် အသုံးပြုထားကြောင်း ဖော်ပြခဲ့သည်။ အက်ဖ်ဘီအိုင်က ဘရွတ်ကလင်းတွင် စက်တင်ဘာ ၁၈ ရက်၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထားမှု မရှိသေးဟု ဆိုသည်။ အစောပိုင်းတွင် ထောက်လှမ်းရေးများက လူ ၅ ဦးကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်း ခေါ်ယူသွားကြောင်း သတင်းထွက်ခဲ့သေးသည်။

ဗုံးပေါက်မှု အပြီးတွင် အခင်းဖြစ်သည့် နေရာနှင့် လေးဘလောက်မျှ အကွာ၌ နောက်ထပ် ဗုံးတစ်လုံးကို ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ယင်းကို ပိတ်ဆို့ထိန်းသိမ်းကာ ဖောက်ခွဲပစ်ခဲ့ရသည်။ နယူးယောက် အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက ဗုံးနှစ်လုံးသည် တည်ဆောက်ပုံဒီဇိုင်း ဆင်တူကြောင်း မှတ်ချက်ပေးခဲ့သည်။

ထိုဗုံးများသည် စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းက နယူးဂျာစီရှိ ရန်ပုံငွေ အားကစားပွဲ တစ်ခုတွင် ပေါက်ကွဲသည့် ပိုက်ဗုံးနှင့် တည်ဆောက်ပုံ လုံးဝခြားနားကြောင်း ကူအိုမိုက ဆိုသည်။ ထိုဖြစ်စဉ်တွင်မူ အထိအခိုက် မရှိခဲ့ချေ။

ဗုံးခွဲမှု၏ နောက်ကွယ်မှ ရည်မှန်းချက်ကို အတိအကျ မသိရသေးသော်လည်း အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုအဖြစ် လုံခြုံရေး တပ်ဖွဲ့များက ယူဆထားသည်။ လတ်တလောတွင်မူ နယူးယောက်ရှိ လူစည်ကားရာ ရထားဘူတာများ၊ ကားဂိတ်များတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀၀ ကျော်မျှကို ဖြန့်ကျက်ထားကြောင်း သိရှိရသည်။

==================
251/End