အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
သောကြာနေ့

၃၀ စက်တင်ဘာ ၂၀၁၆

၂၀:၁၃:၂၄
782451

အမေရိကန်တွင် ဘူတာရုံကို ရထားဝင်တိုက်ရာ ၁ ဦးသေပြီး ၁၀၀ ကျော် ဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ နယူးဂျာစီ ပြည်နယ်တွင် ရထားတစ်စီးက ဘူတာရုံကို ဝင်တိုက်ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။


အမေရိကန်နိုင်ငံ၊ နယူးဂျာစီ ပြည်နယ်တွင် ရထားတစ်စီးက ဘူတာရုံကို ဝင်တိုက်ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ရထားသည် အရှိန်ဖြင့် လမ်းချော်ထွက်လာကာ ဟိုဘိုကန်ဘူတာ၏ လက်မှတ်တန်းစီ အတားအဆီးများကို ကျော်ဖြတ်ပြီး လက်မှတ်အရောင်းဌာန ဧရိယာထဲထိ ဝင်ရောက်သွားခဲ့သည်။ ကယ်ဆယ်ရေးများက လူပေါင်း ၁၀၈ ဦးထက်မနည်း ဒဏ်ရာများ ရခဲ့ပြီး အချို့မှာ အခြေအနေ ဆိုးရွားကြောင်း ပြောကြားခဲ့သည်။

သတင်းဌာနများက ဖော်ပြခဲ့သည့် ဓာတ်ပုံများ၌ ရထားဝင်တိုက်သည့် အရှိန်ကြောင့် တွဲဆိုင်းများရော၊ ဘူတာ၏ နံရံနှင့် အမိုးများတွင်ပါ အကြီးအကျယ် ပျက်စီးနေသည်ကို တွေ့မြင်ရသည်။ မျက်မြင်များက ဖြစ်ရပ်မှာ အလွန်တုန်လှုပ် ချောက်ချားစရာ ကောင်းကြောင်း မှတ်ချက်ပေးခဲ့ကြသည်။

ရထားမတော်တဆမှု အပြီးတွင် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို အကြီးအကျယ် ဖြန့်ကျက် ဆောင်ရွက်နေပြီး မီးသတ်ဌာနမှ ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ တွဲများထဲတွင် ပိတ်မိနေသူများကို ကူညီ ဖယ်ထုတ်ပေးကြသည်။

အဆိုပါ ရထားဘူတာသည် နယူးယောက်ရှိ မက်ဟမ်တန် ရပ်ကွက်သို့ သွားရောက်သူများ အသုံးများလေ့ ရှိကြောင်းလည်း သိရသည်။ နယူးဂျာစီ အုပ်ချုပ်ရေးမှူး ခရစ် ခရစ္စတီးက သေဆုံးသူမှာ ဟိုဘိုကန်တွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် ဖာဘီယိုလာ ဘစ်တာဒီ ကရွန်းဆိုသည့် အမျိုးသမီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သူမသည် ဘူတာပလက်ဖောင်းပေါ် ရပ်နေစဉ် လွင့်စင်လာသည့် အစအနတစ်ခု ထိမှန် သေဆုံးခဲ့ခြင်းဟု သိရသည်။

အမေရိကန်၏ ရထားပို့ဆောင်ရေး ဝန်ဆောင်မှုသည် လုံခြုံရေး နာမည်ကောင်းများ ရှိနေခဲ့ရာ ယခုမတော်တဆမှုက တုန်လှုပ်စရာ ဖြစ်ခဲ့သည်။ ရထားမတော်တဆမှုနှင့် ပတ်သက်၍ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ကနဦး စစ်ဆေးမှုများအရ ရထားသည် ဘူတာသို့ အဝင်တွင် သတ်မှတ်ထားသည့် တစ်နာရီ ၁၀ မိုင်နှုန်းထက် ပိုမိုမြန်ဆန်စွာ မောင်းနှင်နေခဲ့ပြီး ယင်းနှင့်ပတ်သက်၍လည်း ကွဲကွဲပြားပြား မသိရသေးဟု သတင်းများက ဖော်ပြသွားသည်။

==================
251/End