အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
အင်္ဂါနေ့

၄ အောက်တိုဘာ ၂၀၁၆

၁၈:၄၄:၃၃
783416

ငြိမ်းချမ်းရေး ဆွေးနွေးမှုကိစ္စ အထမြောက်ရေး ကိုလံဘီယာသမ္မတ လက်မလျှော့သေး

Farc သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ရလဒ် မပျက်ပြယ်စေရန်အတွက် ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူရယ်လ် ဆန်းတို့စ်က အစွမ်းကုန် ကြိုးစားနေကြောင်း သိရသည်။


Farc သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ရလဒ် မပျက်ပြယ်စေရန်အတွက် ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူရယ်လ် ဆန်းတို့စ်က အစွမ်းကုန် ကြိုးစားနေကြောင်း သိရသည်။

ကိုလံဘီယာ အစိုးရနှင့် Farc သူပုန်များကြား ပြည်တွင်းစစ် ရပ်စဲရန် သဘောတူ လက်မှတ် ရေးထိုးထားသော်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင်မူ ယင်းကိစ္စကို သဘောမတူသည့်ဘက်က ရလဒ် ကျဉ်းမြောင်းစွာဖြင့် အနိုင်ရခဲ့သည်။

Farcတို့နှင့် ငြိမ်းချမ်းရေး စာချုပ်ပါ အချက်အလက်များကို လက်မခံနိုင်သဖြင့် အတိုက်အခံပြု ဆန့်ကျင်သည့် လှုပ်ရှားမှုကို သမ္မတဟောင်း အယ်လ်ဗာရို အူရိုက်ဘ်က ဦးဆောင်ခဲ့သည်။ Farcတို့သည် အကြမ်းဖက်မှု၊ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့်အတွက် အပြစ်ဒဏ် မခံရဘဲ လွှတ်တော် နိုင်ငံရေးတွင် အလွယ်တကူ ပါဝင်ခွင့် ရလာခြင်းမှာ လက်ခံရမည့်ကိစ္စ မဟုတ်ဟု အူရိုက်ဘ်က ဆိုသည်။

ကျူးဘားနိုင်ငံ၊ ဟာဗားနားတွင် ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲပါ သဘောတူညီမှုများအရ Farcတို့သည် နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်ထိ အတောအတွင်းတွင် လွှတ်တော်ထဲ၌ အမတ် ၁၀ နေရာစာ အလိုအလျောက် ရရှိထားမည် ဖြစ်သည်။ အူရိုက်ဘ်က Farcတို့သည် အမေရိကန်နှင့် ကိုလံဘီယာ အစိုးရများ ပူးပေါင်း ချေမှုန်းမှုများကြောင့် အင်အားထက်ဝက်မျှ ယုတ်လျော့သွားချိန်မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် လက်ခံခဲ့ခြင်းမှာလည်း မရိုးသားဟု စွပ်စွဲခဲ့သည်။

ယခုအခါ သမ္မတ ဆန်းတို့စ်သည် နိုင်ငံရေးပါတီ ခေါင်းဆောင်များကို ခေါ်ယူဆွေးနွေးကာ အတိုက်အခံများနှင့် ညှိနှိုင်းရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့တစ်ခုကို စေလွှတ်သွားမည်ဟု အတည်ပြုခဲ့သည်။ ၎င်းက ၅၂ နှစ်တာ ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန် အားထုတ်မှုကို လုံးဝ ရပ်ဆိုင်းမည် မဟုတ်ဟု ဆိုသည်။ ဆန်းတို့စ်သည် ဆန္ဒခံယူပွဲရလဒ် ထွက်ပေါ်လာပြီး ကတည်းက ၎င်း၏ သမ္မတ သက်တမ်း မကုန်ဆုံးမီ ပြည်တွင်းစစ်ကို အဆုံးသတ်ရန် အစွမ်းကုန် ဆက်လက် လုပ်ဆောင်နေဦးမည်ဟု တစ်နိုင်ငံလုံးသို့ မိန့်ခွန်းပြောကြားထားသည်။

လက်ရှိတွင် ကိုလံဘီယာ လွှတ်တော်အမတ် တစ်ဦးအဖြစ် ရှိနေပြီး ဒီမိုကရက်တစ် ဗဟိုပါတီကို ဦးဆောင်နေသည့် အူရိုက်ဘ်က “ဒီသူပုန်တွေဟာ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်။ ဒီအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံယူသင့်တယ်။ Farc ခေါင်းဆောင်တွေကို နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်ခွင့် ပိတ်ပင်ထားဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ရလဒ်သည် အစိုးရအတွက် မထင်မှတ်သည့် အရှိုက်ထိုးမှု တစ်ခုလည်း ဖြစ်ခဲ့သည်။ ယင်းမတိုင်မီ ပြည်သူ့အမြင် စစ်တမ်းအားလုံးက ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ထောက်ခံသည့်ဘက်မှ အနိုင်ရလိမ့်မည်ဟု ဖော်ပြခဲ့ကြသည်။ သို့သော်လည်း လက်တွေ့တွင်မူ မထောက်ခံသည့်ဘက်က ၅၀.၂ ရာခိုင်နှုန်း မဲရရှိပြီး ရလဒ်ကျဉ်းမြောင်းစွာ အသာရသွားခဲ့ခြင်း ဖြစ်သည်။
===================
251 / End