အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၁၂ အောက်တိုဘာ ၂၀၁၆

၁၉:၅၉:၃၆
785079

ဒေါ်နယ်လ်ထရမ့်ကို မထောက်ခံကြရန် ရီပတ်ဘလစ်ကန် အမတ်များကို အိုဘားမား တိုက်တွန်း

ဒေါ်နယ်လ်ထရမ့်ကို မထောက်ခံကြရန် ရီပတ်ဘလစ်ကန်အမတ်များကို အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက တိုက်တွန်း ပြောကြားလိုက်သည်။ ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး သမ္မတ ဖြစ်လာသည့် အိုဘားမားက ပြိုင်ဘက် နိုင်ငံရေးပါတီမှ ဝါရင့်နိုင်ငံရေးသမားများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် ကိုယ်စားပြုသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မည့် ဘီလီယံနာ သူဌေးကြီးအပေါ် ထောက်ခံမှုမပြုသင့်ကြောင်း ဆိုသည်။


ဒေါ်နယ်လ်ထရမ့်ကို မထောက်ခံကြရန် ရီပတ်ဘလစ်ကန်အမတ်များကို အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက တိုက်တွန်း ပြောကြားလိုက်သည်။

ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး သမ္မတ ဖြစ်လာသည့် အိုဘားမားက ပြိုင်ဘက် နိုင်ငံရေးပါတီမှ ဝါရင့်နိုင်ငံရေးသမားများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် ကိုယ်စားပြုသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မည့် ဘီလီယံနာ သူဌေးကြီးအပေါ် ထောက်ခံမှုမပြုသင့်ကြောင်း ဆိုသည်။

ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်ကို ထောက်ခံသည့် လူထုစည်းဝေးပွဲတစ်ရပ်၌ အိုဘားမားက ထရမ့်ပြောဆိုခဲ့သည့် အငြင်းပွားဖွယ် မှတ်ချက်စကားများသည် အိမ်ဖြူတော်၏ ပုံရိပ်ကို ထိခိုက်စေမည့် သွင်ပြင်လက္ခဏာများ ဖြစ်သောကြောင့် အမေရိကန် နိုင်ငံရေးသမားတိုင်း ပါတီစွဲ မထားဘဲ ၎င်းကို ဆန့်ကျင်သင့်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် အမျိုးသမီးများအပေါ် မဖွယ်မရာတိုက်ခိုက် ပြောဆိုမှုများနှင့် ပတ်သက်ပြီး ဂုဏ်ယူမော်ကြွားနေသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီးနောက် ရီပတ်ဘလစ်ကန်အမတ်အများအပြားက ထရမ့်နှင့် ကင်းကင်းရှင်းရှင်း နေမည်ဟု သဘောထားထုတ်ပြန်ခဲ့သည်။ ထရမ့်ကမူ ထိုကြေညာချက်သည် ပါတီဝင်အချင်းချင်း သစ္စာဖောက်မှုအဖြစ် စွပ်စွဲခဲ့သည်။

အိုဘားမားက “အခု အရေးကြီးတာက လူတွေအနေနဲ့ ကိုယ်ဟာ ဘာကို အပြင်းအထန်သဘောမတူဘူး၊ လက်မခံလိုဘူးဆိုတာကို ပြသလာကြပါပြီ။ ဒါပေမဲ့ ထရမ့်ကိုတော့ ဆက်ပြီး ထောက်ခံနေကြတာမျိုး ရှိနိုင်တယ်။ ဥပမာ သူဟာ သမ္မတ ဖြစ်ထိုက်တယ်လို့ တွေးနေမိတာမျိုးပေါ့။ ဒါက ကျွန်တော့်အတွက်တော့ ဘယ်လိုမှ အဓိပ္ပါယ်မရှိပါဘူး”ဟု ဆိုသည်။

၎င်းက “အခု ဒီလူပြောဆိုနေတဲ့ စကားမျိုးက ဘယ်သူမှသည်းခံနိုင်မှာ မဟုတ်ဘူး။ ဒီလိုလူမျိုးကို အမေရိကန်ရဲ့ အရေးအကြီးဆုံး ရာထူးနေရာမှာ ၂၄ နာရီပတ်လုံး တာဝန်ပေးထားသင့်သလားဆိုတာကို ပြန်စဉ်းစားဖို့ လိုပါတယ်”ဟုလည်း ထောက်ပြခဲ့သည်။

မြောက်ပိုင်းကာရိုလိုင်းနားတွင် ပြုလုပ်သည့် လူထုစည်းဝေးပွဲ၌ ထရမ့်ထောက်ခံသူ အချို့က အိုဘားမား မိန့်ခွန်းပြောနေစဉ် အော်ဟစ်နှောင့်ယှက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ အိုဘားမားကမူ ယင်းအတွက် တုန်လှုပ်ဟန် မရှိဘဲ “ဒါဟာ ဒီမိုကရေစီရဲ့ အခွင့်အရေးပဲလေ။ အဆင်ပြေပါတယ်”ဟု ပြောကြားခဲ့သည်။

၂၀၀၅ ခုနှစ်က ရိုက်ကူးထားသည့် ဗီဒီယိုဟောင်းတစ်ခု ထွက်ပေါ်လာရာ၌ ထရမ့်က ၎င်းသည် အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးနှင့် လိင်ဆက်ဆံခဲ့ကြောင်း အားပါးတရ ဖောက်သည်ချနေပြီး အမျိုးသမီးများနှင့် ပတ်သက်၍ ကြမ်းတမ်းစော်ကားသော မှတ်ချက်စကားများ ပြောကြားနေသည်ကို တွေ့ရှိခဲ့ရသည်။

ထိုကိစ္စကို ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ၃၃၁ ဦးအနက် ထက်ဝက်နီးပါးက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြပြီး ၁၀ ရာခိုင်နှုန်းက ရွေးကောက်ပွဲတွင် ထရမ့်ကို ထောက်ခံမည် မဟုတ်ဟု ကြေညာခဲ့သည်။ ထိုအခြေအနေတွင် အိုဘားမားက ရီပတ်ဘလစ်ကန် အမတ်အားလုံး ထရမ့်ကို ကျောခိုင်းရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

===================    
251 / End