အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
တနင်္ဂနွေနေ့

၁၆ အောက်တိုဘာ ၂၀၁၆

၁၄:၅၄:၃၅
785889

အမေရိကန်တွင် ပစ်ခတ်မှုဖြစ် လူ ၃ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ဝက်စ်အဒမ်စ်ခရိုင်၊ လော့စ်အိန်ဂျယ်လိ့စ်မြို့မှာ အောက်တိုဘာလ ၁၅ ရက်နေ့က အုပ်စု ၂ စု အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး လူ ၃ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ လော့စ်အိန်ဂျယ်လိစ်ရဲက ပြောပါတယ်။ ဒီပစ်ခတ်မှုဟာ ဝက်စ်အဒမ်စ်က အိမ်တွေနားမှာ ဖြစ်ခဲ့ပြီးနောက် ယာယီစားသောက်ဆိုင်တွေဘက်မှာ ပစ်ခတ်မှု ထပ်ဖြစ်တာပါ။ ရဲတွေကတော့ အခင်းဖြစ်တဲ့နေရာကို ညသန်းခေါင် ၁၂ နာရီခွဲလောက်မှာ ရောက်လာကြတာပါ။


အမေရိကန်နိုင်ငံ ဝက်စ်အဒမ်စ်ခရိုင်၊ လော့စ်အိန်ဂျယ်လိ့စ်မြို့မှာ အောက်တိုဘာလ ၁၅ ရက်နေ့က အုပ်စု ၂ စု အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး လူ ၃ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ လော့စ်အိန်ဂျယ်လိစ်ရဲက ပြောပါတယ်။

ဒီပစ်ခတ်မှုဟာ ဝက်စ်အဒမ်စ်က အိမ်တွေနားမှာ ဖြစ်ခဲ့ပြီးနောက် ယာယီစားသောက်ဆိုင်တွေဘက်မှာ ပစ်ခတ်မှု ထပ်ဖြစ်တာပါ။ ရဲတွေကတော့ အခင်းဖြစ်တဲ့နေရာကို ညသန်းခေါင် ၁၂ နာရီခွဲလောက်မှာ ရောက်လာကြတာပါ။

“သွေးသံရဲရဲ မြင်ကွင်းတွေကတော့ နေရာအနှံ့ပဲ။ အတွင်းထဲမှာလည်း လူ ၅၀ လောက် ရှိတယ်”လို့ လော့စ်အိန်ဂျယ်လိ့စ်ရဲဌာနက အရာရှိတဦးဖြစ်သူ ဖရန်က်ပရီစီရာဒိုက ပြောလိုက်ပါတယ်။

“စားသောက်ဆိုင်ထဲကနေ အမျိုးသား ၃ ဦးက ထွက်လာတယ်။ ပြီးတော့ သေနတ်တွေနဲ့ ပြန်သွားပြီးနောက် အုပ်စုတစုကို စပစ်ခတ်တယ်။ စားသောက်ဆိုင်ထဲက အုပ်စုကလည်း ပြန်ပစ်ခတ်တယ်။ ဒီအဖြစ်အပျက်က တဖက်နဲ့တဖက် သေနတ်နဲ့ စစ်တိုက်ကြသလို ဖြစ်သွားတယ်” လို့ ရဲအရာရှိ ပရာစီရာဒိုက ဒေသခံသတင်းဌာနကို ပြောပါတယ်။

“ကျနော်တို့လည်း အဲ့ဒီနေရာကိုရောက်သွားရော လူ ၃ ယောက်က သေနေပြီ။ အခြားလူတွေကလည်း ဟိုနေရာ ဒီနေရာတွေ ပြေးလွှားနေကြတယ်။ လူတော်တော်များများလည်း သေနတ်ဒဏ်ရာတွေ ရလို့ပေါ့”လို့ ရဲအရာရှိပရာစီရာဒိုက ဆိုပါတယ်။

ဒေသခံအမျိုးသမီးတဦးကတော့ “သေနတ်ကျည်ဆန်တွေက ဖောက် ဖောက် ဖောက်နဲ့ တရစပ်ကို ပစ်နေတာ။ လုံးဝကို မရပ်တာ။ ဆက်တိုက်ပဲ အသံတွေကလည်း အကျယ်ကြီးပဲ”လို့ ဒေသခံသတင်းဌာနကို ပြောပါတယ်။

“ပထမပိုင်းမှာ ဆက်တိုက်ပစ်တယ်။ အရမ်းလည်း မြန်တယ်။ ပြီးတော့ ခဏနားတယ်။ ကျည်ဆန် ပြန်ဖြည့်နေပုံပဲ။ ဒီပစ်ခတ်ပုံက ပစ်ချင်တဲ့တဦးဦးကို သေချာချိန်ရွယ်ပြီးပစ်တဲ့ပုံစံမျိုး”လို့ သူမက ဆက်ပြောပါတယ်။

ဒေသခံအမျိုးသမီး ခန့်မှန်းတာက သေနတ်ပစ်ချက် စုစုပေါင်း အချက် ၂၀ လောက် ရှိမယ်လို့လည်း ဆိုပါတယ်။

လော့စ်အိန်ဂျယ်လိ့စ်မြို့အနှံ့က ရဲတော်တော်များများကို အခင်းဖြစ်တဲ့နေရာကို ပို့ထားပြီး ထွက်ပြေးနေတဲ့ သံသယရှိသူတွေကိုလည်း ရှာဖွေနေဆဲပါ။ ဖြစ်တဲ့နေရာက သက်သေတွေကို လည်း ရဲတွေက ရှာဖွေနေတယ် ဆိုတာလည်း သိရပါတယ်။

“ကျနော်တို့က ဒီလို လက်နက် အလွယ်တကူသုံးတဲ့ကိစ္စနဲ့ အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် အရေးယူရပါမယ်”လို့ လော့စ်အိန်ဂျယ်လိစ်ရဲ့ မြို့ဝန် အီရစ်က်ဂါစက်တီက ပြောလိုက်ပါတယ်။

“အမေရိကန်နိုင်ငံအနှံ့ လူမှုအသိုင်းအဝိုင်းတွေထဲမှာ ဒီလို ဝမ်းနည်းစရာ အဖြစ်တွေက သည်းခံနိုင်စရာ မရှိဘူးလို့လည်း” ဆက်ပြောခဲ့တာပါ။

ဘာလို့ ဒီလို ပစ်ခတ်ခဲ့တယ် ဆိုတာကို ခုထိ မသိရသေးသလို သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ယောက်ျားလေး ဘယ်နှဦး၊ မိန်းကလေး ဘယ်နှဦး ဆိုတာနဲ့ အသက်အရွယ် ဘယ်လောက် ဆိုတာတွေကိုလည်း ရဲက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ အမျိုးသားတဦးကို ဖမ်းမိထားပြီး နောက်ဆက်စပ်နိုင်မယ့် ဒုတိယတဦးကတော့ လွတ်မြောက်နေဆဲပါ။ သံသယရှိသူ ဘယ်သူ ဆိုတာကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရပါတယ်။


===================    
251 / End