အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၉ နိုဝင်ဘာ ၂၀၁၆

၁၆:၂၇:၄၃
790888

အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ထရမ့် အနိုင်ရ

စိတ်လှုပ်ရှားစရာ အချိန်နာရီများကို ဖြတ်ကျော်ခဲ့ပြီးနောက် ဒေါ်နယ်လ်ထရမ့်သည် အမေရိကန် ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။



စိတ်လှုပ်ရှားစရာ အချိန်နာရီများကို ဖြတ်ကျော်ခဲ့ပြီးနောက် ဒေါ်နယ်လ်ထရမ့်သည် အမေရိကန် ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။

ရီပတ်ဘလစ်ကန် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် ဘီလီယံနာ သူဌေးကြီးသည် ပြိုင်ဘက် ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန်ကို ရွေးကောက်ပွဲ မဲရေတွက်မှု အခြေအနေများတွင် တောက်လျှောက် ဦးဆောင်သွားနိုင်ခဲ့ပြီး နောက်ဆုံးပိုင်း ထွက်ပေါ်လာသည့် ပင်ဆယ်လ်ဗေးနီးယားနှင့် ဝစ္စကွန်ဆင် အနိုင်ရလဒ်များကြောင့် လိုအပ်သော ကိုယ်စားလှယ်မဲ အရေအတွက် ၂၇၀ ကို ကျော်လွန် ရရှိသွားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ မတိုင်မီက ထရမ့်သည် ကလင်တန်လောက် လူကြိုက် မများခဲ့သော်လည်း အမှန်တကယ် မဲပေးကြချိန်တွင် ကလင်တန် အသာရမည်ဟု ကြိုတွက်ထားသည့် ပြည်နယ် အတော်များများတွင် ရလဒ် ကျဉ်းမြောင်းစွာဖြင့် အနိုင်ရခဲ့သည်။ အထူးသဖြင့် ဒီမိုကရက်ဘက် သေချာပေါက် ယိမ်းလိမ့်မည်ဟု တွက်ဆထားသည့် ပင်ဆယ်လ်ဗေးနီးယား၊ ဖလော်ရီဒါ အစရှိသည့် မဟာဗျူဟာ မဲဆန္ဒ နယ်မြေများတွင် အနိုင်ရလိုက်ခြင်းက ထရမ့်အတွက် ရွေးကောက်ပွဲ ကိုယ်စားလှယ်မဲများကို တိုးပွားလာစေခဲ့သည်။

ကလင်တန်ကမူ ဒီမိုကရက် အမာခံ နယ်မြေများဖြစ်သည့် နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်း ဒေသများအနက် အရှေ့ပိုင်း ပြည်နယ်များမှ မဲများကို ထိန်းသိမ်း ရယူနိုင်ခဲ့သော်လည်း အနောက်ဘက်ခြမ်း ပြည်နယ်များစွာကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ ဖလော်ရီဒါတွင် ထရမ့်ကို ကပ်ရှုံးခဲ့သလို ပင်ဆယ်လ်ဗေးနီးယားတွင်လည်း ဆက်တိုက် ဦးဆောင်နေပြီးမှ ထရမ့်က ကျော်တက်သွားခြင်းကြောင့် အကြီးအကျယ် အထိနာခဲ့ရသည်။

ရီပတ်ဘလစ်ကန် ပါတီတွင်း ပြိုင်ဆိုင်မှုများ စတင်ချိန်ကတည်းက လူအများ၏ အလေးထား တွက်ချက်ခြင်းကို မခံခဲ့ရသော်လည်း ထရမ့်သည် နောက်ပိုင်းတွင် တောက်လျှောက် အခြေအနေ ကောင်းလာပြီး ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ပြိုင်ဘက်အားလုံးကို ဖယ်ရှားနိုင်ခဲ့သည်။

၎င်းသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူဖူးသလို လက်ရှိ အမေရိကန် အစိုးရ၏ အစွမ်းကုန် ထောက်ခံအားပေးမှုကို ရထားသည့် ဟီလာရီကိုလည်း ကျော်တက်ကာ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

စစ်တမ်းများအရ ထရမ့်ကို နှစ်သက်သူ အများစုသည် အမျိုးသား ဝါဒီများ၊ တက္ကသိုလ် ပညာရေး သင်ယူမှု မရှိခဲ့သည့် လူဖြူ အမျိုးသားများနှင့် ကျေးလက်ဆန်သည့် အလယ်ပိုင်း ဒေသတွင် နေထိုင်သူများ ဖြစ်ကြောင်းလည်း သိရှိရသည်။

===================    
251 / End