အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
သောကြာနေ့

၁၁ နိုဝင်ဘာ ၂၀၁၆

၁၅:၄၅:၃၀
791281

အိမ်ဖြူတော်တွင် ထရမ့်နှင့် အိုဘားမားတို့ တွေ့ဆုံ

အမေရိကန် ရွေးကောက်ပွဲ အပြီးတွင် ဒေါ်နယ်လ်ထရမ့်နှင့် ဘာရတ်အိုဘားမားတို့ အိမ်ဖြူတော်၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။



အမေရိကန် ရွေးကောက်ပွဲ အပြီးတွင် ဒေါ်နယ်လ်ထရမ့်နှင့် ဘာရတ်အိုဘားမားတို့ အိမ်ဖြူတော်၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။

နိုဝင်ဘာ ၁၀ ရက်က လက်ရှိ သမ္မတ အိုဘားမားနှင့် ရွေးကောက်ပွဲတွင် အနိုင်ရပြီး သမ္မတသစ် ဖြစ်လာမည့် ထရမ့်တို့သည် အမြင်ကွဲပြားမှုများကို ဘေးဖယ်ကာ အာဏာလွှဲပြောင်းရေး ကိစ္စများ ဆွေးနွေးရန် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ နှစ်ဦးကြားတွင် နေရထိုင်ရ ခက်နေဟန် အခိုက်အတန့်များ ရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

အိုဘားမားသည် ရီပတ်ဘလစ်ကန် ပါတီမှ ထရမ့်ကို ရွေးကောက်ပွဲ ကာလတလျှောက် ဆန့်ကျင်ပြီး ပြိုင်ဘက်ဖြစ်သူ ဟီလာရီ ကလင်တန်အတွက် မဲဆွယ်ကူညီခဲ့သူ ဖြစ်သည်။ သို့သော် အသက် ၇၀ အရွယ် ဘီလီယံနာ သူဌေးကြီးနှင့် ဆွေးနွေးမှုများမှာ အဆင်ပြေ ချောမောကြောင်း အိုဘားမားက ဆိုသည်။

“ဒါက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ပါတီစွဲနဲ့ နိုင်ငံရေး အယူဝါဒတွေ ကွဲပြားမှု ရှိခဲ့ပေမယ့် အခုအချိန်မှာ အတူတကွ ရပ်တည်ဖို့၊ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့ ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုတွေ အများကြီးအတွက် ညှိနှိုင်းရပါမယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

ထရမ့်သည်လည်း သာမန် တွေ့မြင်နေကျ အခြေအနေထက် ပိုမို၍ ရွှင်ရွှင်လန်းလန်း ရှိနေပြီး “သမ္မတကြီး။ ခင်ဗျားနဲ့ တွေ့ခွင့်ရတာကို ဂုဏ်ယူပါတယ်”ဟု အိုဘားမားကို နှုတ်ဆက်စကား ပြောကြားခဲ့သည်။ ၎င်းက အိုဘားမားသည် လူတော်လူကောင်း တစ်ဦးဟုလည်း မီဒီယာများထံ မှတ်ချက်ပေးခဲ့သေးသည်။

အမေရိကန် ရွေးကောက်ပွဲတွင် ထရမ့် အနိုင်ရကြောင်း ရလဒ်ထွက်ပေါ်ပြီး ၃၆ နာရီ မပြည့်မီ ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထရမ့်သည် ရွေးကောက်ပွဲကြို ကာလတွင် အိုဘားမား အနေဖြင့် အမေရိကန်တွင် မွေးဖွားခဲ့ကြောင်း ခိုင်မာစွာ အထောက်အထား ပြသနိုင်ခြင်း မရှိဟု ဝေဖန်ခဲ့ဖူးသလို အိုဘားမားကလည်း ထရမ့်သည် ၎င်း၏နေရာတွင် ဆက်ခံ၍ သမ္မတ ဖြစ်လာစရာ အကြောင်းမရှိဟု ပြောဆိုဖူးရာ ၎င်းတို့နှစ်ဦး မျက်နှာချင်းဆိုင် ဆွေးနွေးမှုသည် အတန်ငယ် မျက်နှာနာစရာ ဖြစ်နေခဲ့ကြသည်။

===================    
251 / End