အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
အင်္ဂါနေ့

၁၅ နိုဝင်ဘာ ၂၀၁၆

၁၈:၄၁:၁၆
792181

ငလျင်ဘေးသင့် ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် နယူးဇီလန်စစ်တပ် ကူညီ

နယူးဇီလန်တွင် ငလျင်ဘေးသင့် ဧရိယာများမှ ဒေသခံများကို စစ်တပ်နှင့် ကယ်ဆယ်ရေးများက ပူးပေါင်း၍ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမှုများ အစပြုနေပြီ ဖြစ်သည်။



နယူးဇီလန်တွင် ငလျင်ဘေးသင့် ဧရိယာများမှ ဒေသခံများကို စစ်တပ်နှင့် ကယ်ဆယ်ရေးများက ပူးပေါင်း၍ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမှုများ အစပြုနေပြီ ဖြစ်သည်။

ဆောက်သ်အိုင်းလန်းရှိ ကိုင်ကူရာ ဒေသသည် အင်အားပြင်း ငလျင်ကြီး နှစ်ခုအပြင် နောက်ဆက်တွဲ မြေလွှာတုန်ခါမှုများ၏ ဒဏ်ကိုပါ သက်ရောက် ခံစားခဲ့ရသည့် နေရာဖြစ်သည်။ ထို့အပြင် လတ်တလောတွင် မိုးသည်းထန်ကာ လေပြင်းများ တိုက်ခတ်ပြီး ရာသီဥတု ဆိုးရွားလျက် ရှိသည်။

စစ်တပ်သည် ကိုင်ကူရာတွင် ပိတ်မိနေသည့် ဒေသခံများကို ရဟတ်ယာဉ် လေးစီး အသုံးပြုပြီး ခေါက်တုံ့ခေါက်ပြန် ပျံသန်းကာ သယ်ယူပို့ဆောင်မှုများ ပြုလုပ်ပေးနေသည်။ ငလျင်ကြောင့် ခရစ္စချတ်ခ်ျမြို့တွင်လည်း ကုန်းလမ်းပို့ဆောင်ရေး ကွန်ရက်များ ပြတ်တောက်လျက် ရှိသည်။ ငလျင်ကြီးများ လှုပ်ခတ်ခဲ့ရာ ဧရိယာတွင် နောက်ဆက်တွဲ မြေလွှာတုန်ခါမှုများ အကြိမ်ပေါင်း ရာနှင့်ချီ ဆက်လက် ဖြစ်ပွားနေဆဲဟု သိရသည်။

နိုဝင်ဘာ ၁၃ ရက် သန်းခေါင်ကျော် အချိန်တွင် ရစ်ခ်ျတာစကေး ၇.၅ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ၂ ဦးသေဆုံးခဲ့သည်။ ထို့အပြင် နယူးဇီလန် ကမ်းခြေသို့ အမြင့် ၆ ပေကျော်သော ဆူနာမီ ရေလှိုင်းအချို့လည်း လာရောက် ရိုက်ခတ်ခဲ့သေးသည်။ ထိုငလျင်ကြီးအပြီး နာရီအနည်းငယ်ခြားက နောက်ထပ် အင်အားပြင်း ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့သည်။

ငလျင်ဘေးသင့် ဒေသခံများကို ရွှေ့ပြောင်းပေးသည့် လုပ်ငန်းစဉ်များကို လေတပ် စစ်ဦးစီး ဒါရင်းဝက်ဘ် ကိုယ်တိုင်က ကြီးကြပ် ညွှန်ကြားလျက် ရှိနေကြောင်း သိရသည်။ နယူးဇီလန် စစ်တပ်သည် နိုဝင်ဘာ ၁၅ ရက်တွင် ကိုင်ကူရာမှ လူပေါင်း ၂၀၀ မျှကို ရွှေ့ပြောင်းပေးနိုင်ရန် မျှော်လင့်ထားသည်။ ကိုင်ကူရာသည် ဝေလငါးများ သဘာဝအတိုင်း သွားလာကျက်စားသည်ကို စောင့်ကြည့်ရန် အသင့်တော်ဆုံး နေရာတစ်ခုဖြစ်ရာ ကမ္ဘာလှည့် ခရီးသွားများကြားတွင် နာမည်ကြီးလျက် ရှိသည်။

ကိုင်ကူရာတွင် လူ ၂၀၀၀ မျှသာ နေထိုင်ပြီး ကမ္ဘာလှည့် ခရီးသွား အရေအတွက် ၁၂၀၀ ဝန်းကျင်မျှ ရှိနေမည်ဟုလည်း ခန့်မှန်းရသည်။ နေရာရွှေ့ပြောင်းမှုကို နယူးဇီလန် သင်္ဘောနှစ်စီးနှင့် လေယာဉ်ပျံ တစ်စီးကလည်း ထောက်ပံ့ ကူညီနေကြောင်း နယူးဇီလန် စစ်တပ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဂျွန်ကီးက အရေးကြီးအဆင့် ဆောင်ရွက်ရန် ကိစ္စမှာ ကိုင်ကူရာ၌ လိုအပ်နေသည့် ထောက်ပံ့ရေး ပစ္စည်းများကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်ရန်ဖြစ်ကြောင်း ညွှန်ကြားထားသည်။ လတ်တလောတွင် လျှပ်စစ်ဓာတ်အားနှင့် သောက်သုံးရေ ပြတ်တောက်မှုများအတွက် စိုးရိမ်ရကြောင်း ရဲများက ပြောကြားခဲ့ပြီး သဘာဝ ဘေးအန္တရာယ် တိမ်းရှောင် ခိုလှုံရေး စင်တာများတွင် လူပေါင်း ထောင်နှင့်ချီ သွားရောက် နေထိုင်လျက်ရှိသည်။

 သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆိုင်မွန်ဘရစ်ဂ်ျစ်က ကိုင်ကူရာသို့ ကားလမ်း၊ ရထားလမ်းများ ပြန်လည် သွယ်တန်း ဖောက်လုပ်ရန် လပေါင်းအတန်ကြာမျှ အချိန်ယူရလိမ့်မည်ဟု သုံးသပ်ခဲ့သည်။ လတ်တလောတွင် နယူးဇီလန် အာဏာပိုင်များသည် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ခန့်မှန်းတွက်ချက်မှုများ စတင်နေပြီဟုလည်း သိရှိရသည်။

===================    
251 / End