အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၅ ဒီဇင်ဘာ ၂၀၁၆

၁၆:၀၀:၂၄
796251

ရာထူးမှ နုတ်ထွက်တော့မည်ဟု နယူးဇီလန် ဝန်ကြီးချုပ် အံ့အားသင့်ဖွယ် ကြေညာ

မကြာမီ ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးက ရုတ်တရက် အံ့အားသင့်ဖွယ် သတင်းထုတ်ပြန် ကြေညာခဲ့သည်။


မကြာမီ ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးက ရုတ်တရက် အံ့အားသင့်ဖွယ် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ဒီဇင်ဘာ ၅ ရက်တွင် ကီးက မိမိသည် တိုတောင်းသော အချိန်ကာလ တစ်ခုအတွင်း ဝန်ကြီးချုပ် တာဝန်များကို စွန့်ခွာတော့မည်ဟု ပြောကြားသွားသည်။ “ကျွန်တော့်အပေါ် အကောင်းဆုံး ထောက်ပံ့ ကူညီခဲ့တဲ့ ပါတီကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လက်တွဲပြီး အံ့ဩစရာ အခြေအနေတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပါတီခေါင်းဆောင်ပိုင်းက လိုတာထက်ပိုပြီး အချိန်မယူသင့်ဘူးလို့ ထင်ပါတယ်”ဟု ကီးက ဆိုသည်။

၎င်းက အဆိုပါ ဆုံးဖြတ်ချက်အတွက် တစ်နှစ်မျှ အချိန်ယူ စဉ်းစားခဲ့ကြောင်းလည်း ဖွင့်ဟခဲ့သည်။ “ကျွန်တော့်ဘဝမှာ အခက်ခဲဆုံး ဆုံးဖြတ်ချက် တစ်ခုလို့ ဆိုရပါမယ်။ ပြောရမယ်ဆိုရင် ဝန်ကြီးချုပ် တာဝန်တွေက နားလိုက် တဲ့နောက် ဘာဆက်လုပ်ရမယ်ဆိုတာ ကျွန်တော်လည်း မသိသေးဘူး”ဟု ကီးက ပြောကြားခဲ့သည်။

၎င်း၏ ဗဟိုလက်ယာယိမ်း အမျိုးသားပါတီသည် ဒီဇင်ဘာ ၁၂ ရက်တွင် အစည်းအဝေး ကျင်းပပြီး ဝန်ကြီးချုပ်သစ် မည်သူမည်ဝါကို ရွေးချယ် ခန့်အပ်မည် ဆိုခြင်းကို ဆုံးဖြတ်ဖွယ် ရှိနေသည်။ “ကျွန်တော် စတုတ္ထ သက်တမ်း အတွက် အပြည့်အဝ တာဝန်ထမ်းဆောင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော့်မှာ မိသားစု အရေးကိစ္စတွေလည်း ရှိနေသေးတာကြောင့်ပါ”ဟု အသက် ၅၅ နှစ်ရှိ ကီးက ၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အရိပ်အမြွက် မှတ်ချက်ပေးခဲ့သည်။

ကီးသည် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခဲ့သည့်တိုင် ကြားဖြတ် ရွေးကောက်ပွဲတစ်ခု ကျင်းပရမည့် အခြေအနေမှ ရှောင်လွှဲနိုင်ရန် လွှတ်တော် အမတ် တစ်ဦးအဖြစ် သက်တမ်းပြည့်မြောက်သည်အထိ ဆက်ရှိနေမည်ဟု သိရသည်။ ၎င်းက ဝန်ကြီးချုပ်သစ် နေရာအတွက် ၎င်း၏ လက်ထောက်ဖြစ်သူ ဘီလ်အင်္ဂလစ်ရှ်ကို ထောက်ခံမဲပေးမည်ဟုလည်း ဆိုသည်။

“ကျွန်တော်နဲ့ သူနဲ့ ၁၀ နှစ်လောက် နီးနီးစပ်စပ် လက်တွဲ အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ ခေါင်းဆောင်မှု ပုံစံကို ကျွန်တော် အနီးကပ် တွေ့မြင်ထားပြီးသားပါ။ သူ့အလုပ်လုပ်နိုင်စွမ်းကိုလည်း သေချာ သိထားပါတယ်။ သူဟာ မိသားစုအတွက် ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက် ဖြစ်ရုံမကဘဲ အလုပ်အတွက် ဆိုရင်လည်း လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်၊ နိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်ပါတယ်”ဟု ကီးက အင်္ဂလစ်ရှ်ကို အလေးအနက် ချီးကျူး ပြောကြားသွားသည်။

===================    
251 / End