အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
အင်္ဂါနေ့

၂၄ ဇန်နဝါရီ ၂၀၁၇

၁၈:၂၂:၀၄
807056

ထရန်စ်-ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီမှုမှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

ထရန်စ်-ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီမှုမှ အမေရိကန် နုတ်ထွက်ရန် အထူးအမိန့်ကို ဒေါ်နယ်လ်ထရမ့်က လက်မှတ် ရေးထိုးခဲ့သည်။



ထရန်စ်-ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီမှုမှ အမေရိကန် နုတ်ထွက်ရန်  အထူးအမိန့်ကို ဒေါ်နယ်လ်ထရမ့်က လက်မှတ် ရေးထိုးခဲ့သည်။

နိုင်ငံ ၁၂ ခု စီးပွားရေးအရ ပူးပေါင်းကြမည့် အဆိုပါ စာချုပ်သည် အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမား၏ အာရှဗဟိုပြု မိတ်ဖက် စီးပွားရေး ဝါဒတွင် အထူးအရေးပါခဲ့သည်။ ထရမ့်က အဆိုပါ စာချုပ်သည် အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်စေကြောင်း ဝေဖန်ခဲ့သလို မဲဆွယ်စည်းရုံးမှု ကာလများ အတွင်းကတည်းက ၎င်းသမ္မတဖြစ်လာလျှင် ထရန်စ်-ပစိဖိတ် သဘောတူညီချက်မှ နုတ်ထွက်မည်ဟု ကတိပြုခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်တွင်မူ အဆိုပါ နုတ်ထွက်မှု အမိန့်ကို ထရမ့်က လက်မှတ်ရေးထိုးကာ ရွေးကောက်ပွဲကြို ကတိကို အကောင်အထည် ဖော်ခဲ့သည်။ “ဒီဆုံးဖြတ်ချက်ဟာ အမေရိကန် အလုပ်သမားတွေအတွက် ကောင်းကျိုး ဖြစ်စေပါလိမ့်မယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။ ထရမ့်သည် အိုဘားမား လက်ထက်က အကောင်အထည် ဖော်ခဲ့သည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် Obamacareကို ရပ်ဆိုင်းသည့် အမိန့်ကိုလည်း ထုတ်ပြန်ပြီး ဖြစ်သည်။

ထရန်စ်-ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီမှု စာချုပ်နှင့် ပတ်သက်၍ အမေရိကန် လွှတ်တော်တွင် သဘောထား ကွဲလွဲမှုများကြောင့် အတည်ပြု လက်မှတ်ရေးထိုးရန် တရားဝင် မဆောင်ရွက်နိုင်သေးချေ။ ထိုအခြေအနေတွင် ထရမ့်၏ အထူးအမိန့်ဖြင့် နုတ်ထွက်ခြင်းက သက်ရောက်မှု ကြီးမားသော ကြားဝင်မှုတစ်ခု ဖြစ်လာခဲ့သည်။

ထရမ့်က အဆိုပါ သဘောတူညီမှုသည် အနာဂတ်တွင် အမေရိကန်အတွက် ကပ်ဆိုက်စေမည့် အလားအလာများ ရှိနေသော လုပ်ငန်းစဉ် တစ်ရပ်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသည်။ ထရန်စ်-ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီမှုမှ နုတ်ထွက်ရန် လုပ်ဆောင်ခဲ့ခြင်းကို လက်ဝဲယိမ်း အမြင်ရှိသူများက ထောက်ခံကြသလို လက်ယာဘက်တော်သား အချို့ကလည်း အသိအမှတ် ပြုခဲ့ကြသည်။

အတိုက်အခံ ဒီမိုကရက် ပါတီဘက်မှ ဩဇာကြီးမားသည့် လွှတ်တော်အမတ် ဘာနေဆန်းဒါးစ်က ထရမ့်၏ လုပ်ရပ်ကို ထောက်ခံကြောင်း အတည်ပြု ပြောကြားခဲ့ပြီး ထိုကဲ့သို့သော ကုန်သွယ်ရေး သဘောတူညီမှုမျိုးသည် အမေရိကန်၏ အလုပ်အကိုင်နေရာ သန်းနှင့်ချီ ထိခိုက် ဆုံးရှုံးသွားစေနိုင်ကြောင်း မှတ်ချက်ပေးခဲ့သည်။

ထရန်စ်-ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီချက်ကို အမေရိကန်၊ ဂျပန်၊ မလေးရှား၊ ဩစတြေးလျ၊ နယူးဇီလန် အစရှိသည့် နိုင်ငံများ စုပေါင်းဆွေးနွေး အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံများကြား အလုပ်သမားရေးရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ညှိနှိုင်းသတ်မှတ်ပြီး ဥရောပနှင့် ပိုမိုချိတ်ဆက်နိုင်သည့် ဈေးကွက်ကြီး တစ်ခုအသွင် ပေါင်းစည်း ရပ်တည်ရန် ရည်ရွယ်ထားသည်။ ထိုကိစ္စကို အမေရိကန် စီးပွားရေး လုပ်ငန်းစုကြီးများက ထောက်ခံကြသော်လည်း သဘောတူညီမှုတွင် မပါရှိသည့် တရုတ်အပေါ် အားသာချက် မရနိုင်ကြောင်း ထောက်ပြမှုများလည်း ရှိခဲ့သည်။

လတ်တလောတွင် ထရမ့်အနေဖြင့် မက္ကဆီကိုနှင့် အမေရိကန်တို့ကြား တံတိုင်းကာရေး ကိစ္စနှင့် ပတ်သက်၍ မည်သို့မည်ပုံ ဆက်လက် ဆောင်ရွက်မည် ဆိုခြင်းက စိတ်ဝင်စားစရာ ဖြစ်လာသည်။ ၎င်းသည် မဲဆွယ်မှု ကတိများအတွင်း ထိုကိစ္စကို အလေးအနက် ပြောကြားခဲ့သည်။

ထရမ့်သည် အစိုးရအဖွဲ့တွင် နိုင်ငံခြားရေး ဝန်ကြီးနေရာအတွက် ရက်စ်တိုင်လာဆန်ကို ခန့်အပ်ခဲ့ပြီ ဖြစ်သလို ၎င်း၏ ထောက်ခံချက်ဖြင့် မိုက်ခ် ပွမ်ပီယိုမှာ စီအိုင်အေ ထောက်လှမ်းရေးဌာန အကြီးအကဲ ရာထူးကို ရယူခဲ့သည်။

===================  
251 / End