အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
မြန်မာနိင်ငံလုံးဆိုင်ရာ မြန်မာမွတ်လင်လူငယ်များ(ဘာသာရေး)အဖွဲ့ ၏ ပဉ္စမအကြိမ်မြောက် ပြည်နယ်တိုင်းဒေသကြီးဆိုင်ရာ ဦးစီးကိုယ်စားလှယ်များအစည်းအဝေးဖြင့် အလုပ်အမှုဆောင် ၃၇ ဦးပြန်လည်ရွေးချယ်ပွဲတွင် အလုပ်အမှုဆောင်သစ် ၁၈ ဦးခန့် ရွေးချယ်ခံခဲ့ရသည်။
အစိုးရအသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတစ်ခုဖြစ်သည့် မမလအဖွဲ့သည်၂၀၁၂ခုနှစ်တွင် ညီလာခံဖြင့် အလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီးနောက် ၈ နှစ်အကြာတွင် ပြည်နယ်တိုင်းဦးစီး ၃၅၆ ဦးအနက် ၂၇၆ ဦးတက်ရောက် မဲပေးခဲ့သည့်ဦးစီးအစည်းအဝေး(ညီလာခံ)ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
“လေးနှစ်တစ်ကြိမ်လုပ်လာတာမှာ နိုင်ငံအခြေအနေအရ မလုပ်ဖြစ်ခဲ့လို့ အခုအချိန်မှာတော့ မဖြစ်မနေလုပ်လိုက်တာပေါ့။ငါးနှစ်တစ်ကြိမ်သက်တမ်းရှိတဲ့အတွက် ငါးနှစ်ပြည့်တာနဲ့ အေးဆေးပြီးတည်ငြိမ်တဲ့ အခြေအနေရှိတာနဲ့ ညီလာခံထပ်လုပ်မှာပဲ”ဟုအဖွဲ့ အတွင်းရေးမှူး (၁) ဒေါ်သန္တာလွင် က Myanmar Muslim Media သို့ပြောသည်။
မမလ ဖွဲ့စည်းပုံအရ အရွေးချယ်ခံ အလုပ်အမှုဆောင် ၁၁ ဦးအမည်စာရင်းတင်သွင်းခဲ့ပြီး
အမည်စာရင်းတင်သွင်းခံရသူများသည် တက်ရောက်လာသည့် ပြည်နယ်တိုင်း ဦးစီး ငါးဆယ်ရာခိုင်နှုန်းကျော်ထောက်ခံမှုရသည့် အတွက်ယင်း အရွေးချယ်ခံ အလုပ်အမှုဆောင်အဖွဲ့က ၃၇ ဦးပါဝင်သည့် အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။
အရွေးချယ်ခံ အလုပ်အမှုဆောင် ၁၁ ဦးစာရင်းတွင်လည်း ဥက္ကဌ၊ ဘာသာရေးမှူး၊အမျိုးသမီးရေးရာမှူး နေရာ ၃ ခုမှ အပ ကျန် ၉ နေရာအပြောင်းအလဲဖြစ်ခဲ့သည်။
“အဓိက ရည်ရွယ်ချက်က လူငယ်တွေနဲ့ ရှေ့ဆက်သွားချင်တယ်၊ပုခုံးပြောင်းတာဝန်လွှဲပေးခဲ့ချင်တဲ့ရည်ရွယ်ချက်လည်းပါတဲ့အတွက် လူငယ်တွေကို အဓိကထားရွေးခဲ့တာ၊နောက်ပိုင်းလူငယ်တွေပဲ ထိန်းလို့ရသွားရင် လူငယ်တွေကိုပဲ လွှဲပေးသွားမှာပါ၊…လက်ရှိအချိန်မှာ ချင်းပြည်နယ်ကလွဲလို့ ကျန်တဲ့တိုင်းနှင့်ပြည်နယ်အစုံမှာ အဖွဲ့ခွဲတွေရှိတယ်”ဟု ဒု ဥက္ကဌ (၁) အဖြစ် ရွေးချယ်ခံရသည့် အသက် ၄၃ နှစ်အရွယ်ရှိ ဦးထွန်းနိုင်ဦး က Myanmar Muslim Media သို့ပြောသည်။
မမလ အဖွဲ့၏ ရွေးချယ်ခံ အလုပ်အမှုဆောင် ၁၁ ဦးစာရင်းတွင် အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၅ ဦး ပါဝင်ပြီး ယင်းအဖွဲ့က ရွေးချယ်သည့် အလုပ်အမှုဆောင် ၃၇ ဦးစာရင်းတွင် အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးပါဝင်ကြောင်းတွေ့ရပြီး ယင်းအချက်သည် မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာရေးအဖွဲ့အစည်း များအတွင်းတွင် အမျိုးသမီးပါဝင်နိုင်မှုအများဆုံး အဖွဲ့ဖြစ်ကြောင်းအထက်ပါအချက်အလက်များက ညွန်ပြနေသည်။
မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်ကို ၁၉ ၄၅ ခုနှစ်တွင် ဗမာမွတ်စလင်လူငယ်များအစည်းအရုံး(ဗ.မ.လ)အမည်ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလတွင် အဖွဲ့ဝင်အင်အား ၇၀၀၀ (ခုနှစ်ထောင်)ကျော်ဖြင့် မြန်မာမွတ်စလင်မ်တို့အတွက် ဘာသာရေး၊လူမှုရေး၊ပညာရေး အခန်းဂဏ္ဍများကို အဓိက ဦးစားပေးလုပ်ကိုင်နေသည့် အစိုးရအသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ်သည်။
..........
END / 251