၁၉ ဧပြီ ၂၀၂၀ - ၁၈:၂၀

ရန်ကုန်မှထပ်တိုးလူနာရှစ်ဦးတွင် လူနာအမှတ် (၃၄)မှ(၃၇)တို့ နှင့်ဆက်နွယ်သူငါးဦး၊ ပိုးတွေ့ ဟိုတယ်ဝန်ထမ်းနှင့်ထိတွေ့သူ နှစ်ဦးပါဝင်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၁၇ရက်တွင် စစ်ဆေးသူများထဲမှ COVID-19 ရောဂါပိုးကူးစက်ခံရသော အတည်ပြု လူနာကိုးဦးရှိကြောင်းထုတ်ပြန်ရာ ၊ရန်ကုန်မြို့မှရှစ်ဦးပါဝင်ပြီး လူနာအမှတ် (၃၄)မှ (၃၇)တို့ဖြင့် အတူတက်ရောက်ခဲ့သော ဘာသာရေးပွဲနှင့်ဆက်စပ်သူ ငါးဦး ပါဝင်ကာ ၊ပိုးတွေ့ဟိုတယ်ဝန်ထမ်းနှင့် ထိတွေ့သူ နှစ်ဦးပါဝင်နေသည်။

သို့သော်ကျန်ပိုးတွေ့လူနာတစ်ဦးမှာ ရောဂါကူးစက်သူနှင့်ထိတွေ့ခြင်းမရှိသလို၊ ခရီးသွားရာဇဝင်လည်း မရှိသဖြင့် ကူးစက်မှုဇာစ်မြစ်ကို မသိရသေးပေ ။

ဝန်ကြီးဌာနသည် ဧပြီ ၁၇ ရက်က စစ်ဆေးခဲ့သော စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း ၃၇၈ ဦး၏ ဓာတ်ခွဲအဖြေများကို ယမန်နေ့(ဧပြီ ၁၇)ည ၈ နာရီနှင့် ယနေ့ (ဧပြီ ၁၈ ရက်) နံနက် ၁၀ နာရီတို့တွင် သတင်းထုတ်ပြန်ရာတွင် အထက်ပါလူနာကိုဦး၌ COVID-19 ပိုးတွေ့ရှိရကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။ သို့သော် ထပ်တိုးလူနာများထဲမှတစ်ဦးသည် ယနေ့နံနက်တွင် ကွယ်လွန်ခဲ့သည်။

လူနာအမှတ် (၈၆)၊ (၉၄)
--------------------------
မရမ်ကုန်းမြို့နယ်တွင်နေထိုင်သော အသက် ၇၈ နှစ်အရွယ် လူနာအမှတ် (၈၆) သည် ယနေ့နံနက် ၂ နာရီ ၅၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်သည်။

၎င်းသည် COVID-19 ရောဂါပိုးတွေ့ရှိသော အတည်ပြုလူနာ ၉၄ ဦးအနက် ငါးဦးမြောက်သေဆုံးသူ လည်းဖြစ်သည်။

၎င်းသည် တရားဟောဆရာဒေးဗစ်လားနှင့်အဖွဲ့ ဦးဆောင်ပြုလုပ်သော ဘာသာရေးအခမ်းအနား တက်ရောက်သူများနှင့် ထိတွေ့ခဲ့ခြင်းဖြစ်သည်ဟု မရမ်းကုန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးအေးမျိုးက အတည်ပြုသည်။

ပိုးတွေ့လူနာများနှင့် အထက်ပါ အတိုင်းထိတွေ့ခဲ့ပြီးနောက် ဧပြီ ၁၃ရက်တွင် ရောဂါလက္ခဏာများ ခံစားခဲ့ရကာ ဧပြီ ၁၅ ရက်၌ အင်းစိန်ဆေးရုံကြီးသို့တက်ရောက်ကုသခဲ့ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့ကုသနေစဉ် ဧပြီ ၁၇ရက်ရောဂါပိုးတွေ့ရှိရကြောင်း အတည်ပြုပြီးနောက် ည ၁၀ နာရီ ၅၀ တွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ရာ ယနေ့နံနက်အစောပိုင်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် ပြင်းထန်အဆုပ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှုလမ်းကြောင်းပျက်စီးခြင်း၊ သွေးတိုးရောဂါနှင့် အမျိုးအစား(၂)ဆီးချိုရောဂါ အခံတို့ကြောင့်ဖြစ် ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေဆုံးလူနာအမှတ် (၈၆) နေထိုင်ခဲ့သော မရမ်းကုန်းမြို့နယ် ခဝဲခြံမှတ်တိုင်အနီးမှ နေအိမ်ကို အသွားအလာကန့်သတ်ထားသည့်အပြင် အတူနေမိသားစုဝင်သုံးဦး ကိုလည်း ဆေးရုံတွင် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုပေး (Hospital Quarantine) ထားကြောင်း ဒေါက်တာအေးအေးမျိုးက ဆိုသည်။

ဘာသာရေးအခမ်းအနားနှင့်ဆက်စပ်မှုရှိသူ နောက်တစ်ဦးမှာ အင်းစိန်မြို့နယ်မှ အတည်ပြု လူနာအမှတ် (၉၄) ဖြစ်သည်။

၎င်းသည် အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး အင်းစိန်မြို့ က+ခ ရပ်ကွက် (က)၅ လမ်းတွင်နေထိုင်သူဖြစ်ပြီး ဒေးဗစ်လားတို့အဖွဲ့ဦးဆောင်သော ဘာသာရေးအခမ်းအနားတွင် အသံဖမ်းအင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်ဟု ယင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။

ယခုအခါ လူနာအမှတ် (၉၄) နေထိုင်သောလမ်းနှင့်အိမ်တို့ကို အသွားအလာကန့်သတ်ထားပြီး အတူနေမိသားစုဝင်လေးဦးကိုလည်း Quarantine ထားရှိသည်ဟု ဦဝေဖြိုးဟန်က ဆိုသည်။

လူနာအမှတ် (၈၉)၊ (၉၀)၊ (၉၁)
------------------------------
တောင်ဥက္ကလာပမြို့နယ် ဇီဇဝါဥယျာဉ်အိမ်ရာတွင်နေထိုင်သော လူနာအမှတ် (၈၉)၊ (၉၀)၊ (၉၁) တို့သည် လူနာအမှတ် (၂၄)၊ (၆၃) တို့နှင့် ဆက်စပ်နေသူများဖြစ်သည်။

၎င်းတို့ သုံးဦးသည် ယခင်အတည်ပြုလူနာခြောက်ဦး၏အဆက်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က အတည်ပြုသည်။

အဆိုပါ ဇီဇဝါအိမ်ရာတွင်နေထိုင်သူခြောက်ဦးအား COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း အတည်ပြုပြီးနောက် ၎င်းတို့နှင့်ထိတွေ့သူများကို ဧပြီ ၁၄ ရက်၌ အသွားအလာကန့်သတ်၍ Quarantine ထားရှိခဲ့ခြင်းဖြစ်သည်။

ယခုထပ်တိုးလူနာသုံးဦးမှာ အသွားအလာကန့်သတ်၍ ကျန်းမာရေးစာင့်ကြပ်ကြည့်ရှူထားသူများထဲမှ ဖြစ်ပြီး ဧပြီ ၁၆ရက်တွင် မြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ခြင်းဖြစ်သည်။

ဧပြီ ၁၈ ရက်မနက်ပိုင်းအထိ အထက်ပါလူနာအမှတ် (၈၉)၊ (၉၀) နှင့် (၉၁) တို့သုံးဦးအပါအဝင် လူနာအမှတ် (၂၄) နှင့်( ၆၃) တို့နှင့်ဆက်စပ်၍ ရောဂါကူးစက်ခံ ရသောအတည်ပြုလူနာ၄၀ ဦးရှိကျော် ရှိပြီဖြစ်သည်။

လူနာအမှတ် (၉၂)၊ (၉၃)
--------------------------
စမ်းချောင်းနှင့်အင်းစိန်မြို့နယ်တို့တွင်နေထိုင်သောလူနာအမှတ် (၉၂) နှင့် (၉၃) တို့မှာ အတည်ပြု လူနာအမှတ် (၇၉) နှင့် ထိတွေ့ခဲ့သူများဖြစ်ကြောင်း ယင်းမြို့နယ်များရှိ လွှတ်တော်ကိုယ်စားလှယ် များက အတည်ပြုသည်။

ဗဟန်းမြို့နယ် တွင်နေထိုင်သော အသက် ၄၃ နှစ်အရွယ် လူနာအမှတ် (၇၉) သည် Pan Pacific ဟိုတယ်မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၊ ဟိုတယ်ကလည်း အတည်ပြု ထုတ်ပြန်ထားကာ ယခုအခါဟိုတယ်ကို ယာယီပိတ်ထားပြီး ဧည်သည်နှင့်ဝန်ထမ်းများကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးအတွက် ကမ္ဘာကျန်းမာရေးအဖွဲ့နှင့်ဒေသ အာဏာပိုင်များ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျဆောင်ရွက်နေကြောင်း ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

အသက် ၂၄ နှစ်အရွယ် လူနာအမှတ် (၉၂) သည် စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက်၊ သရက်တောလမ်းတွင်နေထိုင်သူဖြစ်ကြောင်း ယင်းမြို့နယ် ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောသည်။

၎င်းလူနာသည် ဗဟန်းမြို့နယ်တွင်နေထိုင်သော အတည်ပြုလူနာအမှတ် (၇၉) နှင့် ဟိုတယ်တစ်ခု တွင်အတူတာဝန်ထမ်းဆောင်ခဲ့သော ဟိုတယ်ဝန်ထမ်းတစ်ဦးကြောင်း ဦးဘိုဘိုဦးက အတည်ပြုသည်။

ထို့ပြင် လူနာအမှတ် (၉၂) နေထိုင်သော စမ်းချောင်းမြို့နယ် သရက်တောလမ်းအပါအဝင် လူနာ၏ အခန်း ရှိရာတိုက်တန်းမှ မိသားစုရှစ်စုကိုလည်း အသွားအလာကန့် သတ်၍ Quarantine ထားရှိ သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဟိုတယ်ဝန်ထမ်းအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူနောက်တစ်ဦးမှာ အင်းစိန်မြို့နယ်မှ လူနာအမှတ် (၉၃) ဖြစ်သည်။
၎င်းသည် အသက် ၃၆ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး အင်းစိန်မြို့နယ် ကွက်သစ် ရပ်ကွက်(၁)လမ်းတွင်နေထိုင်သူဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အတည်ပြုသည်။

လူနာအမှတ် (၉၃) သည် ဟိုတယ်၌ Quarantine ထားရှိစဉ် လူနာအမှတ် (၇၉) နှင့် တစ်ခန်းထဲ နေထိုင်ရသူဖြစ်ပြီး ၇၉ အား အတည်ပြုလူနာအဖြစ်ကြေညာပြီးနောက် အင်းစိန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ခြင်းဖြစ်သည်ဟု ဦးဝေဖြိုးဟန်က ရှင်းပြသည်။

လက်ရှိအခြေအနေတွင် လူနာအမှတ် (၉၃) နှင့်ထိတွေ့ခဲ့သူ ၁၀ ဦးခန့်ကို Quarantine ထားရှိမည်ဖြစ်ရာ ယင်းတို့အနက် လူနာ၏ဇနီးနှင့် ကလေးတစ်ဦးကို သီးခြားခွဲ၍ Facility Quarantine ထားရှိမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

လူနာအမှတ် (၈၇)
-----------------
တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ကျိုက္ကဆံလမ်းတွင်နေထိုင်သောလူနာအမှတ် ၈၇ သည် အသက် ၆၂ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ပိုးတွေ့အ တည်ပြုလူနာတစ်ဦးဦးနှင့် ထိတွေ့ခဲ့ခြင်း မရှိသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိဟု ဝန်ကြီးဌာနထုတ်ပြန်ချက်က ဖော်ပြသည်။

၎င်းသည် ရောဂါလက္ခဏာများခံစားခဲ့ရသဖြင့် ဧပြီ ၁၅ ရက်တွင် ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ကြောင်း အထက်ပါထုတ်ပြန်ချက်တွင် ပါရှိသည်။

"သူက(လူနာအမှတ် ၈၇)ပိုးတွေ့လူနာနဲ့လည်းမထိတွေ့ဘူး၊ ပြီးတော့ ပြည်ပခရီးသွားတာ လည်းမရှိဘူး။ လောလောဆယ်သူနဲ့ဆက်စပ်တဲ့သူတွေကို စုံစမ်းနေတယ်"ဟု တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောသည်။

ထို့ပြင် ၎င်းနေထိုင်လျက်ရှိသော တိုက်ခန်းနှင့် တိုက်အား အသွားအလာကန့်သတ်ထားပြီး အတူနေ မိသားစုဝင်ခုနစ်ဦးအား လှိုင်မြို့နယ်ရှိ Quarantine စင်တာသို့ ပြောင်းရွှေ့ ရန်စီစဉ်ထား သည်ဟု ဦးသိန်းမြင့်က ဆိုသည်။

ကလေး မြို့နယ်မှ လူနာအမှတ် (၈၈)
-----------------------------------------
ကလေးမြို့နယ်မှ အသက် ၄၇ နှစ်အရွယ်လူနာအမှတ် (၈၈) အမျိုးသမီး သည် ပိုးတွေ့လူနာအမှတ် (၁)နှင့် လူနာအမှတ် (၇၄)တို့နှင့် ထိ့တွေ့ခဲ့သူဖြစ်ကြောင်း ကလေးမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ အေးအေးမူ က ပြောသည်။ ၎င်းကို အသွားအလာကန့်သတ်စောင့်ကြည့်ထားစဉ် ဓါတ်ခွဲနမူနာရယူစစ်ဆေးရာ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၁၈ ရက်နံနက်အထိ COVID-19 ပိုးတွေ့ရှိသောအတည်ပြုလူနာ ၉၄ ဦးရှိပြီး ယင်းတို့အနက် ၆၈ ဦးမှာ ရန်ကုန်မြို့မှဖြစ်သည်။

=======================

END / 251