အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာဖရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀၀၀၀၀ ကျော်သွားစဉ် အာဖရိကနိုင်ငံများအနေဖြင့် ရောဂါစမ်းသပ်စစ်ဆေးမှုကို တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်ကာ နှာခေါင်းစည်းတပ်ဆင်ခြင်းကို ပြည်သူများ အလေ့အကျင့်ဖြစ်စေရန် တိုက်တွန်းရမည်ဖြစ်ကြောင်း အာဖရိက ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဗဟိုဌာန CDC က ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် အာဖရိက၌ ဗိုင်းရပ်စ်ကူးစက်မှုသစ်သည် ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အာဖရိကနိုင်ငံများ၏ အစိုးရအဖွဲ့များမှ ထုတ်ပြန်သည့် အချက်အလက်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များအရ အာဖရိကတိုက်တွင် COVID-19 အတည်ပြုလူနာ ၅၁၂၄၉၉ ဦးရှိသည့်အနက် သေဆုံးသူ ၁၁၉၃၀ ဦးရှိသည်။
ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် အရှိန်မသေသေးကြောင်း၊ အချက်အလက် တိကျသေချာမှုမရှိသည့် အာဖရိကနိုင်ငံအများစုအနေဖြင့် ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ရန် တိုက်တွန်းရမည်ဖြစ်ကာ ရောဂါစမ်းသပ်စစ်ဆေးမှုနှင့် ခြေရာခံခြင်းလုပ်ငန်းကို တိုးမြှင့်လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း CDC အဖွဲ့ခေါင်းဆောင် ဂျွန်နကင်ဂါဆောင်က အာဒစ်အာ ဘာဘာမြို့မှနေ၍ ဗီဒီယိုဖြင့် အသေးစိတ် ရှင်းလင်းမှုအတွင်း ပြောကြားခဲ့သည်။
တောင်အာဖရိကနိုင်ငံ Ekurhuleni မြို့တွင် Meals on Wheels Volunteers အဖွဲ့က ဇူလိုင် ၆ ၌ စားစရာများ ဝေပေးနေစဉ်
“နှာခေါင်းစည်းတပ်ဖို့ တိုက်တွန်းတာ၊ ရောဂါစမ်းသပ်စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်တာက ကျွန်တော်တို့ရဲ့ အသက်နဲ့ စီးပွားရေးလုပ်ငန်းတွေကို ကယ်တင်ပေးပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
အီဂျစ်၊ နိုင်ဂျီးရီယား၊ တောင်အာဖရိက၊ ဂါနာ၊ အယ်ဂျီးရီးယားသည် အာဖရိကတိုက်အတွင်း ကူးစက်မှုစုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းကို ကိုယ်စားပြုနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကပ်ရောဂါကို တုံ့ပြန်လုပ်ဆောင်ရန် သို့မဟုတ် ယိုယွင်းနေသော ကျန်းမာရေးစနစ်များကို ပြည်ပမှစူးစမ်းလေ့လာသူများထံ ချပြရမည်ကို အစိုးရအဖွဲ့အချို့က ဝန်လေးနေကြချိန်တွင် အခြားသောအစိုးရအဖွဲ့များမှာ ငွေကြေးလိုအပ်မှုကြောင့်သော်လည်းကောင်း၊ နိုင်ငံတွင်း၌ ပဋိပက္ခ ဖိစီးနေခြင်းကြောင့်သော်လည်းကောင်း လူတစ်ဦးချင်းစီကို ရောဂါစမ်းသပ်စစ်ဆေးမှု မလုပ်ဆောင်နိုင်ကြပေ။
အာဖရိကနိုင်ငံအများအပြားတွင် အထိနာနေသော စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန်အတွက် Lockdown စီမံချက်များကို တဖြည်းဖြည်းဖြေလျှော့ပေးနေကြသော်လည်း စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်ခြင်းကြောင့် ကူးစက်မှုနှုန်းအလျင်အမြန် မြင့်တက်လာမည်ကို အစိုးရအဖွဲ့များက စိုးရိမ်နေကြသည်။
Africa CDC အဖွဲ့က ဦးဆောင်ပါဝင်သော ကာကွယ်ဆေးဖြင့်စမ်းသပ်ကုသမှု လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားကြောင်း အာဖရိကသမဂ္ဂကော်မရှင်က ဇူလိုင် ၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။ နောက်ဆုံးအဆင့် စမ်းသပ်ထားသော ကာကွယ်ဆေး ၁၀ မျိုးကျော်အထိ တတ်နိုင်သမျှ မြန်မြန်ရရှိလာစေရန် ရည်ရွယ်၍ ထိုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။