အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
နိုင်ငံကိုမုန်းတီးစိတ်က ကိုရိုနာဗိုင်းရပ်စ်ထက် ခြိမ်းခြောက်မှုပို၍ကြီးမားကြောင်း ထိုင်းစစ်ဦးစီးချုပ်က သြဂုတ် ၅ တွင် ဗိုလ်လောင်းများကို ပြောကြားခဲ့သည်။
ထိုင်းတွင် ဒီမိုကရေစီလှုပ်ရှားမှုများ ပို၍ရဲတင်းလာနေပြီး ဆန္ဒပြမှုများ နေ့စဉ်နီးပါး ဖြစ်နေသည်မှာ သီတင်းပတ်နှစ်ပတ်ခန့်ရှိ ပြီဖြစ်သည်။
စစ်ဦးစီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ ဦးဆောင်သော စစ်တပ်လိုလားသည့် အစိုးရကို ထိုင်းလူငယ်အများစုက ဒေါသထွက်နေကြသည်။
ထိုင်းအစိုးရကို မကျေနပ်မှုအား အထင်ရှားဆုံး ထုတ်ဖော်မှုမှာ သြဂုတ် ၃ က ဖြစ်ခဲ့သည်။ ယင်းဆန္ဒပြမှုတွင် ဟယ်ရီပေါ်တာ ဝတ်စုံဝတ်ဆင်ထားသော ကျောင်းသားများက ထိုင်းတွင် တော်ဝင်၏အခန်းကဏ္ဍကို ဦးဆောင်ဆွေးနွေးသော ရှေ့နေတစ်ဦးကို သြဘာပေးခဲ့ကြသည်။
သြဂုတ် ၅ က စစ်ဘက်ဆိုင်ရာ အကယ်ဒမီသို့ သွားရောက်ခဲ့သော စစ်ဦးစီးချုပ် အာပီရတ်ခေါင်ဆွန်ပေါင်က အစိုးရကို ဝေဖန်သော ရောဂါအကြောင်း စောင်းပါးရိပ်ခြည် ပြောခဲ့ခြင်းဖြစ်သည်။
“ကိုရိုနာဗိုင်းရပ်စ်က ကုစားလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ကုလို့မရနိုင်တဲ့ရောဂါက နိုင်ငံကို မုန်းတီးတဲ့ရောဂါပါ။ သူတို့နိုင်ငံကို မုန်းတီးနေတဲ့သူတွေကို ကျွန်တော်တို့ကုစားလို့မရနိုင်ပါဘူး” ဟု ဗိုလ်ချုပ်ကြီး အာပီရတ်ခေါင်ဆွန်ပေါင်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံရေးသည် အကြမ်းဖက်ဆန္ဒပြမှုများ၊ တော်ဝင်အသိုင်းအဝန်းကို ကာကွယ်လိုသည့် စစ်အာဏာသိမ်းမှုများ သံသရာလည်နေသည့် နိုင်ငံရေးဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။
အလွန်ကြွယ်ဝချမ်းသာသော ဘုရင်မဟာဝိဇယလောင်ကွန်းက ထိုင်းအာဏာ၏ အထွတ်အထိပ်ဖြစ်ပြီး ထိုင်းတော်ဝင်သည် အလွန်ပြင်းထန်သော အသရေဖျက်မှုဥပဒေ၏ အကာအကွယ်ပေးမှုကိုလည်း ရရှိထားသည်။ ထိုင်းတွင် အနီးကပ်ဆုံးအာဏာသိမ်းမှုကို ၂၀၁၄ ခုနှစ်က ဦးဆောင်ခဲ့သော ပရာယွတ်သည် နိုင်ငံရေးတွင် စစ်တပ်၏ အမွေအနှစ်ရလဒ်အဖြစ် ရှုမြင်ခံရသည်။
ပရာယွတ်၏အစိုးရအဖွဲ့ဝင် အများစုသည် ဗိုလ်ချုပ်များဖြစ်ပြီး တော်ဝင်သစ္စာခံ ရှေးရိုးစွဲ အထက်လွှာများဖြစ်ကြသည်။ ထိုင်းစီးပွားရေးကို ထိခိုက်စေခဲ့ပြီး သန်းပေါင်းများစွာကို အလုပ်လက်မဲ့ ဖြစ်စေခဲ့သော ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမှုအတွက် ပရာယွတ်၏အစိုးရအဖွဲ့ကို ဝေဖန်နေကြသည်။
လူမှုမီဒီယာကို ကြိုက်နှစ်သက်သော ကန့်ကွက်ဆန္ဒပြသူအများစုက ပရာယွတ်၏ အစိုးရကို ဆင်းပေးရန် တောင်းဆိုထားပြီး စစ်တပ်ကရေးဆွဲသော ၂၀၁၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုနေကြသည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်နှင့် ပေါင်းစည်းသော အာဏာရပါတီကို အာဏာရရန် ဘက်လိုက်မျက်နှာသာပေးနေသည်ဟု ဝေဖန်သူများက ပြောကြားထားသည်။
ပရာယွတ်သည် သြဂုတ် ၄ က လေသံပြောင်းလာခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးရန် ကော်မတီတစ်ရပ် ထူထောင်ထားကြောင်းပြောကြားခဲ့သည်။ မကျေနပ်မှုများကို ဆွေးနွေးရန် လူငယ်များအပါအဝင် ပြည်သူလူထုနှင့် ဆွေးနွေးပွဲများကျင်းပရန် စီစဉ်ထားကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။
######################################
END / 251