၁၂ စက်တင်ဘာ ၂၀၂၀ - ၁၉:၁၇
ယူအေအီး-အစ္စရေးသဘောတူညီချက်ကို ရှုတ်ချဖို့ ပါလက်စတိုင်း ရဲ့အဆိုတင်သွင်းချက် အာရပ်အဖွဲ့ချုပ်ပယ်ချ

ပါလက်စတိုင်းခေါင်းဆောင်တွေဟာ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက်ဆော်ဒီရဲ့ အားပေးထောက်ခံမှုရခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့လတုန်းက အစ္စရေးနဲ့ယူအေအီးတို့ရဲ့ သံတမန်ဆက်ဆံရေးသဘောတူညီချက်ကို အာရပ်အဖွဲ့ချုပ်ကနေရှုတ်ချပေးသွားဖို့ တိုက်တွန်းမှုဟာ အောင်မြင်မှုရရှိခဲ့ခြင်းမရှိပါဘူး။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

                                                                                         

ပါလက်စတိုင်းခေါင်းဆောင်တွေဟာ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက်ဆော်ဒီရဲ့ အားပေးထောက်ခံမှုရခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့လတုန်းက အစ္စရေးနဲ့ယူအေအီးတို့ရဲ့ သံတမန်ဆက်ဆံရေးသဘောတူညီချက်ကို အာရပ်အဖွဲ့ချုပ်ကနေရှုတ်ချပေးသွားဖို့ တိုက်တွန်းမှုဟာ အောင်မြင်မှုရရှိခဲ့ခြင်းမရှိပါဘူး။
နိုင်ငံခြားရေးဝန်ကြီးများ ဗီဒီယိုညီလာခံမှာ ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက အာရပ်အဖွဲ့ချုပ်ရဲ့ထောက်ခံမှုတွေ ပိုမိုရရှိဖို့မျှော်လင့်ပြီး အစ္စရေးနဲ့သံတမန်ဆက်ဆံရေး ထူထောင်လိုက်တဲ့ ယူအေအီးကို ရှုတ်ချပေးသွားဖို့ တိုက်တွန်းခဲ့ပေမယ့် အရာမရောက်ဖြစ်ခဲ့ရပါတယ်။ “ဒီအချက်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အပြင်းအထန်ဆွေးနွေးခဲ့ပြီး အချိန်တစ်ချို့ကြာခဲ့ပါတယ်။ ဒါပေမယ့်နောက်ဆုံးမှာတော့ ပါလက်စတိုင်းဘက်ကနေ တင်သွင်းလာတဲ့အဆိုနဲ့ပတ်သက်ပြီး သဘောတူညီချက်မရရှိခဲ့ပါဘူး” လို့ အာရပ်အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးလက်ထောက် ဟူဆမ်ဇာကီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းသံတမန်သတင်းအရင်းအမြစ်တွေရဲ့ပြောကြားချက်အရ အာရပ်အဖွဲ့ချုပ်ဟာ အစ္စရေး-ယူအေအီး သဘောတူညီချက်ကို ရှုတ်ချတဲ့အဆိုမူကြမ်းကို ပယ်ချခဲ့ကြောင်းသိရှိရပါတယ်။ ဒါပေမယ့်လည်း ပါလက်စတိုင်းနဲ့အာရပ်နိုင်ငံတွေဟာ နှစ်နိုင်ငံဖြေရှင်းချက်နဲ့ ဒေသငြိမ်းချမ်းရေးစည်းမျဉ်းဖြစ်တဲ့ ၂၀၀၂ခုနှစ်အာရပ်ငြိမ်းချမ်းရေးပဏာမ လုပ်ငန်းစဉ်အတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားဖို့ နောက်ဆုံးထုတ်ပြန်ကြေငြာချက်ပေါ်မှာ သဘောတူညီမှုရရှိခဲ့တယ် လို့ပါလက်စတိုင်းသံအမတ် မိုဟာမက်အခ်လွတ်ခ်က ပြည်တွင်းသတင်းဌာန Maan ကိုပြောကြားခဲ့ပါတယ်။
သုံးနာရီကြာဆွေးနွေးညှိနှိုင်းပြီးနောက် ယူအေအီး-အစ္စရေးသဘောတူညီချက်ကို ရှုတ်ချခြင်းမပြုဖို့ ပါလက်စတိုင်းနဲ့အာရပ်နိုင်ငံများ သဘောတူခဲ့တယ် လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ “ယူအေအီး-အစ္စရေးသံတမန်ဆက်ဆံရေးထူထောင်မှုကို ရှုတ်ချတဲ့အဆိုမူကြမ်း ပါလက်စတိုင်းကတင်သွင်းခဲ့ပေမယ့် အာရပ်နိုင်ငံတွေက ကန့်ကွက်မဲပေးပြီးပယ်ချခဲ့ပါတယ်” လို့ အခ်လွတ်ခ်ကဆိုပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းတုန်းက ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရီယာဒ်အလ်မာလီကီက အာရပ်နိုင်ငံတွေ အနေနဲ့ ယူအေအီး-အစ္စရေးသဘောတူညီချက်ကို ကန့်ကွက်ကြဖို့တောင်းဆိုခဲ့ပါတယ်။
“ယူအေအီး-အစ္စရေးသဘောတူညီချက်နဲ့ပတ်သက်ပြီး ဒီလုပ်ရပ်ကိုငြင်းဆန်ပယ်ချသွားဖို့ ကျွန်တော်တို့အတွက်လိုအပ်ပါတယ်။ မဟုတ်ရင် ကျွန်တော်တို့စည်းဝေးပွဲက ဒီသဘောတူညီချက်ကို ကောင်းချီးပေးသလို အားပေးထောက်ခံသလိုသဘောသက်ရောက်သွားပါလိမ့်မယ်” လို့သူကပြောကြားခဲ့ပါတယ်။ အာရပ်အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး အာမက်အဘူလ်ဂိုက်ဟ်ကတော့ ပါလက်စတိုင်းအရေးနဲ့ပတ်သက်ပြီး ၂၀၀၂ခုနှစ်အာရပ်ငြိမ်းချမ်းရေးပဏာမလုပ်ငန်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“အာရပ်နိုင်ငံများကြိုးပမ်းနေတဲ့ရည်မှန်းချက်ကတော့ အစ္စရေးသိမ်းပိုက်ထားမှုအဆုံးသတ်ရေး ၁၉၆၇ခုနှစ်နယ်စပ်စည်းမျဉ်းနဲ့အညီ အရှေ့ဂျေရုဆလင်ကိုမြို့တော်အဖြစ်သတ်မှတ်ပြီး လွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံထူထောင်နိုင်ရေးဆိုတာ ချွင်းချက်မရှိရှင်းလင်းပါတယ်” လို့ အာရပ်အဖွဲ့ချုပ်ရဲ့ ၁၅၄ကြိမ်မြောက်စည်းဝေးပွဲမိန့်ခွန်းမှာ အဘူလ်ဂိုက်ဟ်က ပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Arab League: Ministers agree not to condemn UAE-Israel deal” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

******************************

END / 251