၁၅ ဧပြီ ၂၀၂၁ - ၁၉:၀၀
ၾသစေၾတးလ် အနေနဲ့  မြန်မာ ဂိုဏ်း ခေါင်းဆောင်ကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှု တွေလုပ်သင့် ကြောင်း ကုလ ကျွမ်းကျင် ပညာရှင်ပြော

မြန်မာစစ်အစိုးရကို ဘယ်လိုကျယ်ကျယ်ပြန့်ပြန့်အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး ကုလကျွမ်းကျင်ပညာရှင်က သြစတြေးလျအစိုးရနဲ့ တိုက်ရိုက်စကားပြောဆိုခဲ့သလို မြန်မာစစ်တပ်က မျက်စိရှေ့တင် လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေကျူးလွန်နေတာနဲ့ ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



မြန်မာစစ်အစိုးရကို ဘယ်လိုကျယ်ကျယ်ပြန့်ပြန့်အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး ကုလကျွမ်းကျင်ပညာရှင်က သြစတြေးလျအစိုးရနဲ့ တိုက်ရိုက်စကားပြောဆိုခဲ့သလို မြန်မာစစ်တပ်က မျက်စိရှေ့တင် လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေကျူးလွန်နေတာနဲ့ ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။


အစုလိုက်အပြုံလိုက်ရက်စက်မှုတွေကျူးလွန်မှုအတွက် တာဝန်ရှိသူ ဂိုဏ်းခေါင်းဆောင်လို့ သူရည်ညွှန်းဖော်ပြတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်ကို သြစတြေးလျအစိုးရအနေနဲ့ ပစ်မှတ်ထားသင့်ကြောင်း ဒါ့အပြင် အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်ထားတဲ့ တစ်ခြားနိုင်ငံတွေနဲ့အတူ ချိတ်ဆက်ပြီး ထပ်တိုးအရေးယူ ပိတ်ဆို့မှုတွေလုပ်ဆောင်သင့်ကြောင်း  မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွန်အန်ဒရူးစ်က ဂါးဒီးယန်းသတင်းဌာနကိုပြောကြားခဲ့ပါတယ်။


သြစတြေးလျနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၃၃၀၀ ကျော်ကို သူတို့ရဲ့ဗီဇာသက်တမ်းကုန်ဆုံးချိန်မှာ မြန်မာနိုင်ငံကိုပြန်ပို့သွားဖို့ စီစဉ်ထားခြင်းမရှိကြောင်း သြစတြေးလျ အစိုးရက ဗုဒ္ဓဟူးနေ့က ထပ်လောင်းအာမခံပြောကြားခဲ့ပါတယ်။ မြန်မာစစ်အာဏာသိမ်းမှုနဲ့အရပ်သား၇၀၀ကျော်ကိုသတ်ဖြတ်မှုအတွက် သြစတြေးလျအစိုးရက ရှုတ်ချခဲ့ပေ မယ့် ၂၀၁၈ ခုနှစ်ကတည်းက စာရင်းထဲထည့်သွင်းခံထားရတဲ့ စစ်ခေါင်းဆောင် ၅ဦးထက်ကျော်လွန်ပြီး နောက်ထပ်အရေးယူပိတ်ဆိုမှုတွေလုပ်ဆောင်သွားဖို့ ကြေငြာခဲ့ခြင်း မရှိပါဘူး။ အရေးယူမှုတွေလုပ်ဆောင်သွားဖို့ အဓိကမဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေထက် နှေးကွေးနေတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက သြစတြေးလျ ကို ဝေဖန်ခဲ့ပါတယ်။


ကျယ်ကျယ်ပြန့်ပြန့်အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်သွားဖို့နဲ့ တစ်ခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်းအရေးယူမှုတွေလုပ်ဆောင်သွားဖို့ကိုပါ သြစတြေးလျအစိုးရကို အကြံပေးခဲ့ကြောင်း အန်ဒရူးစ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ဒီအရေးနဲ့ပတ်သက်ပြီးသူတို့ကျွန်တော်နဲ့ဆွေးနွေးပြောဆိုခဲ့ပါတယ်။ သြစတြေးလျအစိုးရအဖွဲ့ဝင်တွေနဲ့ ကျွန်တော်ဆွေးနွေးပြောဆိုမှုအများအပြားလုပ်ဆောင်ခဲ့ပါတယ်” လို့ အမေရိကန်အခြေစိုက် အထူးကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ်။


“ရွေးချယ်စရာတွေကိုသူတို့အလေးအနက်ထားလုပ်ဆောင်နေတယ်ဆိုတာ ကျွန်တော်ပြောနိုင်ပါတယ်။ ပြီးတော့ သြစတြေးလျနဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်အစိုးရတွေဟာ မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်ရုံတင်မကပဲ တစ်ခြားနိုင်ငံတွေနဲ့ပါချိတ်ဆက်ပြီး အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ “ပူးပေါင်းလုပ်ဆောင်ရွက်မှုတွေဟာအရေးကြီးပါတယ် အကြောင်းက သြစတြေးလျအပါအဝင် ကမ္ဘာတစ်ဝန်း အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်သွားမဲ့ အစိုးရ ၄၀ကျော်ရှိပါတယ်” လို့ အန်ဒရူးစ်ကဆိုပါတယ်။ “ဒီအရေးယူပိတ်ဆို့မှုတွေ အမှန်တကယ် အင်အားကောင်းအောင်လုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ အတူတကွချိတ်ဆက်ပြီးလုပ်ဆောင်သွားဖို့ပဲဖြစ်ပါတယ် ဒါမှသာ မြန်မာစစ်အစိုးရအပေါ် အပြင်းထန်ဆုံး ထိခိုက်သက်ရောက်မှုတွေ ဖြစ်စေမှာပါ” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


“အစကတည်းက ဒီဂိုဏ်းခေါင်းဆောင်(ဗိုလ်ချုပ်မှူုးကြီးမင်းအောင်လှိုင်)က ဒါတွေအားလုံးအတွက်တာဝန်ရှိတဲ့ပုဂ္ဂိုလ်ပါ ပစ်ခတ်သတ်ဖြတ်ဖို့ သူကအမိန့်ပေးစေခိုင်းနေတာပါ ဒါဟာအထက်အမိန့်ကနေလာတဲ့ ပုံစံပါပဲ” လို့ အန်ဒရူးစ်ကဆိုပါတယ်။ “ဒီလူကစစ်အစိုးရအဖွဲ့ကိုဦးဆောင်နေတာပါ ဒီစစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူလည်း ဟုတ်သလို ဖြစ်ပွားနေဆဲရက်စက်မှုတွေအတွက် တာဝန်ရှိသူလည်းဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ ၂၀၁၇ခုနှစ် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် အစုလိုက် အပြုံလိုက်ရာဇဝတ်ကျူးလွန်မှုတွေအတွက် အဓိကတာဝန်ရှိအကြီးအကဲလည်းဖြစ်ပါတယ်။” လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။


စစ်အစိုးရရဲ့ဝင်ငွေရလမ်းတွေကို တားဆီးဖို့ အန်ဒရူးစ်က ကမ္ဘာ့နိုင်ငံတွေကိုတိုက်တွန်းပြောကြားခဲ့ပြီး စစ်အစိုးရထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလို စီးပွားရေးလုပ်ငန်းတွေကိုပါ ပစ်မှတ်ထားတားဆီးသွားဖို့ကိုပါ တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံက ဆိုးရွားတဲ့ အခြေအနေတွေအတွက် ဖြေရှင်းဖို့မလွယ်ကူကြောင်း သြစတြေးလျအစိုးရတာဝန်ရှိသူတွေက ဒီတစ်ပတ်တုန်းက ပြောကြားခဲ့ပါတယ်။ မကြာခင်နောက်ထပ် အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း နိုင်ငံခြားရေးရုံးနဲ့ ကုန်သွယ်မှုဆိုင်ရာ အရှေ့တောင်အာရှဌာန တာဝန်ရှိသူ ရစ်ဒ်ဝမ်ဂျာဒ်ဝက်က ပြောကြားခဲ့ပါတယ်။


စစ်အစိုးရအပေါ် အဆိုးဆုံးထိခိုက်သက်ရောက်မှုတွေရှိတဲ့ အရေးယူမှုတွေလုပ်ဆောင်သွားဖို့နဲ့ မြန်မာပြည်သူလူထုအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ အန်ဒရူးစ်က တိုက်တွန်းပြောကြား ခဲ့ပါတယ်။ တရုတ်နဲ့ရုရှားတို့က သူတို့ရဲ့ဗီတိုအာဏာကိုအသုံးပြုနိုင်တာကြောင့် မြန်မာစစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီက ဘယ်လိုဆုံးဖြတ်မှချမှတ်နိုင်ခြင်းမရှိသေးပါဘူး။


The Guardian သတင်းဌာနပါ Daniel Hurst ရေးသားသည့် “Australia should target Myanmar ‘gang leader’ for sanctions, UN expert says” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


******************************************
END / 251