အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၂၀၀ကျော်က စစ်အာဏာသိမ်းမှုကိုငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ မြန်မာနိုင်ငံအပေါ် လက်နက်တင်သွင်းရောင်းချမှုကို တားမြစ်ပိတ်ပင်ပေးဖို့ ကုလလုံခြုံရေးကောင်စီကို ဗုဒ္ဓဟူးနေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာနေ့စဉ်ဆန္ဒပြမှုတွေထွက်ပေါ်လာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်း ဖက်သတ်ဖြတ်မှုတွေကြောင့် အရပ်သားရာနဲ့ချီသေဆုံးခဲ့ရပါတယ်။
“မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချမှုတွေကို ပိတ်ပင်မှုဟာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေ အရှိန်မြင့်လာတဲ့အပေါ် လုံခြုံရေးကောင်စီကတုံ့ပြန်တဲ့အနေနဲ့ အနည်းဆုံးလုပ်ဆောင်သွားရမဲ့ ခြေလှမ်းတစ်ရပ်ဖြစ်သင့်ပါတယ်” လို့ကမ္ဘာတစ်ဝန်းအရပ်ဘက်လူမှုအဖွဲ့ပေါင်းစုံရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း ဒီလိုအရေးယူသွားရမဲ့အရေးကိစ္စဟာ ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ တရုတ်နဲ့ရုရှားကြောင့် ဖြစ်လာနိုင်ဖို့ အခြေအနေအလွန်နည်းပါးနေတယ်လို့ သံတမန်တွေကပြောပါတယ်။ ဒီနှစ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့အရေးယူမှုတွေ မလုပ်နိုင်အောင် ပုံမှန်လိုကာကွယ်ပေးနေခဲ့ တာဖြစ်ပါတယ်။
“အရေးယူပိတ်ဆို့မှုတွေကိုကျွန်တော်တို့ အားပေးထောက်ခံခြင်းမရှိပါဘူး။ ဒါဟာ ပဋိပက္ခတွေကိုကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ နောက်ဆုံးအခြေအနေမှလုပ်ဆောင်ရမယ်လို့ပဲ ကျွန်တော်တို့သတ်မှတ်ပါတယ်။” လို့ မြန်မာနိုင်ငံအပေါ် ကုလလုံခြုံရေးကောင်စီရဲ့ပြင်းထန်တဲ့အရေးယူမှုတွေကို ထောက်ခံသွားမလားလို့ မေးမြန်းတဲ့အပေါ် ကုလဆိုင်ရာတရုတ်သံအမတ်ကြီး ကျန်းကျူံက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ကုလလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး တံခါးပိတ်ဆွေးနွေးမှုတွေအများအပြားလုပ်ဆောင်ခဲ့ပြီး အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကိုရှုတ်ချကြောင်း နဲ့ မြန်မာအရေးစိုးရိမ်ပူပန်ကြောင်းသာ ထုတ်ပြန်ကြေငြာနေခဲ့တာဖြစ်ပါတယ်။
“ထုတ်ပြန်ကြေငြာချက်တွေပဲ ထုတ်နေရမဲ့အချိန်ကိုကျော်လွန်သွားပါပြီ။ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် ဘုံသဘောတူညီချက်တွေနဲ့ နောက်တစ်ဆင့်တက်အရေးယူမှုတွေလုပ်ဆောင်သင့်ပါပြီ လုံခြုံရေးကောင်စီက အရေးယူမှုတွေလုပ်ဆောင်သွားဖို့ မြန်မာပြည်သူလူထုအနေနဲ့ နောက်ထပ်အချိန်ကြာကြာစောင့်ဆိုင်းဖို့မတတ်နိုင်တဲ့ အခြေအနေရောက်နေပါတယ်” လို့ လူမှုအဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။
WHBL သတင်းဌာနပါ Michelle Nichols ရေးသားသည့် “Some 200 rights groups push for U.N. arms embargo on Myanmar” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251