၂၄ မေ ၂၀၂၁ - ၁၉:၂၈
မြန်မာပြည်တွင်း စစ် ဆီးရီးယား ပြည်တွင်း စစ်လို မျိုး ဘာကြောင့် မဖြစ်နိုင် သလဲ

သောကြာနေ့က စစ်တပ်ရဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးလေးလုံးပေါက်ကွဲမှုကြောင့် ရဲနှစ်ဦးသေဆုံးခဲ့ရပါတယ်။ ဒါဟာ ကာလရှည်ကြာနေပြီဖြစ်တဲ့ နိုင်ငံရဲ့လက်နက်ကိုင်ပဋိပက္ခတွေဟာ နယ်စပ်ဒေသတွေကနေ မြို့ပြတွေဆီကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်နှံ့လာနေပြီဆိုတဲ့ အမှတ်လက္ခဏာပဲ ဖြစ်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



သောကြာနေ့က စစ်တပ်ရဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးလေးလုံးပေါက်ကွဲမှုကြောင့် ရဲနှစ်ဦးသေဆုံးခဲ့ရပါတယ်။ ဒါဟာ ကာလရှည်ကြာနေပြီဖြစ်တဲ့ နိုင်ငံရဲ့လက်နက်ကိုင်ပဋိပက္ခတွေဟာ နယ်စပ်ဒေသတွေကနေ မြို့ပြတွေဆီကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်နှံ့လာနေပြီဆိုတဲ့ အမှတ်လက္ခဏာပဲ ဖြစ်ပါတယ်။


ဗုံးပေါက်ကွဲမှုတွေနဲ့ စစ်တပ်ရဲ့လက်ဝေခံပစ်မှတ်တွေအပေါ် တစ်ခြားသောတိုက်ခိုက်မှုတွေဟာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူ ၈၀၀ကျော်ကို စစ်တပ်ရဲ့သတ်ဖြတ်မှုတွေနဲ့ ဆက်စပ်နေပြီး မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေဟာ ထိန်းချုပ်လို့မရနိုင်အောင်အရှိန်မြင့်လာနေတာတွေကြောင့် နိုင်ငံကိုကျရှုံးနိုင်ငံဖြစ်လာနိုင်တဲ့အလားအလာတွေရှိ နေတယ်လို့ ယူဆမှုတွေထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကအခြေအနေတွေဟာ အကြမ်းဖက်မှုတွေ သွေးချောင်းစီးမှုတွေနဲ့ ဒုက္ခသည်အများအပြားဖြစ်ပေါ်လာစေခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်လိုဖြစ်လာနိုင်တယ်လို့ သုတေသီတွေနဲ့ သုံးသပ်လေ့လာသူအများအပြားက ယုံကြည်ကြပါတယ်။


ပြည်တွင်းစစ်ကြောင့် ကာလရှည်ကြာဒုက္ခခံစားနေရေတဲ့ တိုင်းရင်းသားလူမျိုးစုဒေသတွေက အကြမ်းဖက်မှုတွေဟာ  မြို့ပြဒေသတွေမှာ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေတိုးမြင့်လာနေတဲ့အပေါ် စစ်အစိုးရကအင်အားအလွန်အကျွံသုံးနှိပ်ကွပ်မှုတွေနဲ့အတူ အရှိန်မြင့်ဖြစ်ပေါ်လာနေခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ အတိုင်းအတာတစ်ခုထိတည်ငြိမ်နေတဲ့ကာလဟာ ကချင်လွတ်မြောက်ရေးတပ်(KIA) က မြန်မာစစ်တပ်ရဲ့ဗျူဟာစခန်းဖြစ်တဲ့ အလောဘွမ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့တဲ့အချိန် မတ်လ ၂၅ရက်နေ့မှာ စတင်ကျိုးပျက်သွားခဲ့ပါတယ်။ ကချင်ပြည်နယ်တစ်ဝန်းနဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတို့မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒီစခန်းသိမ်းတိုက်ပွဲထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်စခန်းအများအပြားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)ရဲ့ တပ်မဟာ ၅က ကရင်ပြည်နယ် သံလွင်မြစ်ပေါ်က တပ်မတော်ရဲ့အရေးပါတဲ့စခန်းကိုသိမ်းယူခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာဒီတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ KNLA ဟာ သူတို့တပ်ဖွဲ့လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက တစ်ခြားဒေသတွေမှာ ကြိုကြား ကြိုကြားတိုက်ပွဲတွေရှိပေမယ့်လည်း ဖာပွန်မြို့နယ်ထဲက သံလွင်မြစ်တစ်လျှောက် နောက်ထပ် တပ်စခန်းနှစ်ခုထက်မနည်းကို သိမ်းယူနိုင်ခဲ့ပါတယ်။


တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(TNLA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့(MDDAA) တို့ကလည်း ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့စခန်းတွေကို တိုက်ခိုက်မှုတွေလုပ်လာခဲ့ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) သာ လက်ရှိအချိန်ထိငြိမ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေယ့် စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေရဲ့ မြို့ပြအခြေစိုက်တိုက်ခိုက်မှုတွေဟာ ဆီးရီးယားဇာတ်လမ်းလိုဖြစ်လာလိမ့်မယ်လို့ ထင်မြင်ချက်တွေရှိလာခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမြို့ကြီးတွေမှာ အစကနဦးတုန်းကအကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒပြသူတွေဟာ စတင်စုစည်းမှုတွေလုပ်ဆောင်လာကြပြီး လောက်လွှဲတွေ လက်လုပ်လေသေနတ်ရိုင်ဖယ်တွေ မိုလိုတော့ဗ်ကော့တေးစ်တွေနဲ့ ကျပန်းဖန်တီထားတဲ့လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေ(IEDs) တွေကိုင်ဆောင်လာကြပါတယ်။


နောက်တစ်ဆင့်အနေနဲ့ ဆန္ဒပြသူတွေဟာ နောက်ပိုင်းစစ်ကောင်စီခန့်အစိုးရတာဝန်ရှိသူတွေနဲ့ စစ်ကောင်စီသတင်းပေး(ဒလံ)တွေကို လုပ်ကြံသုတ်သင်မှုတွေစတင်လုပ်ဆောင်လာကြပါတယ်။ ခုခံရေးကနေ ထိုးစစ်တွေအဖြစ်ပြောင်းလဲသွားမှုဟာ ရန်ကုန်နဲ့မန္တလေးလို မြို့ကြီးတွေမှာတင်မကပါဘူး။ နိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသမှာလည်း စစ်တွင်းစစ်ရဲ့အဆိုးဆုံးနှစ်တွေအတွင်းမှာတောင် တစ်ခါမှဒီလောက်ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့တဲ့ တော်လှန်တိုက်ခိုက်မှုတွေဟာ ယခုအခါမှာတော့ ရွာသားတွေဟာ အမဲလိုက်ရာမှာသုံးတဲ့ တူမီးသေနတ်တွေနဲ့ ကိုယ်တိုင်ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းထူထောင်ပြီး တပ်မတော်တပ်ဖွဲ့တွေကို ခြုံခိုတိုက်ခိုက်မှုတွေစတင်လုပ်ဆောင်လာကြပါတယ်။


အရပ်သားကာကွယ်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ(EAOs) တွေကြားချိတ်ဆက်မှုတွေအားကောင်းလာတဲ့ အမှတ်လက္ခဏာတစ်ရပ်အနေဲ့ မကွေးနဲ့မတ္ထီလာက စစ်တပ်ရဲ့လေတပ်စခန်းနှစ်ခု ရောကတ်ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ ဆယ်စုနှစ်တွေအတွင်း ဒီမြို့တွေမှာ တော်လှန်ရေးလှုပ်ရှားမှုတွေမြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ ဒီရောကတ်ဒုံးကျည်တွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက သေချာပေါက်ပံ့ပိုးပေးခဲ့တာဖြစ်ပေမယ့် အရပ်သားတွေကပဲပစ်ခတ်တာလား EAO တိုက်ခိုက်ရေးသမားတွေကပဲ ပစ်ခတ်တာလားဆိုတာ သေချာခြင်းတော့မရှိပါဘူး။ မေလ ၁၅ရက်နေ့မှာလည်း တောင်ငူက နောက်ထပ်လေတပ်စခန်းတစ်ခု ရောကတ်ဒုံးကျည်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။


စင်ပြိုင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG) ဟာ လုံခြုံရေးတပ်ဖွဲ့တွေရန်ကနေ အရပ်သားတွေကို ကာကွယ်သွားဖို့ ရည်ရွယ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ကို မေလ ၅ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကတည်းက နေ့စဉ်နီးပါး မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်ဒေသအခြေစိုက် PDFs အဖွဲ့အသစ်တွေရဲ့ ကြေငြာမှုတွေကိုမြင်တွေ့လာခဲ့ရပါတယ်။ အများအပြားဟာ ဗမာလူမျိုးစုများပြားတဲ့ဒေသတွေမှာဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် တစ်ချို့အဖွဲ့တွေဟာ တိုင်းရင်းသားလူမျိုးစုပြည်နယ်တွေမှာပါ ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ ဒ့ါအပြင် စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူအများအပြားဟာ မြန်မာနယ်စပ်နယ်မြေတွေဆီ သွားရောက်ပြီး EAOs တွေဆီကနေ စစ်ဘက်လေ့ကျင့်ရေးတွေသင်ယူနေကြပါတယ်။


ဒီအခြေအနေအစီအစဉ်တွေဟာ တစ်နိုင်ငံလုံးဆိုင်ရာပြည်တွင်းစစ်အတွက် ပြင်ဆင်နေတာကိုမြင်တွေ့ခဲ့ရပြီး စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေနဲ့ အတူတကွ ဆယ်စုနှစ်ပေါင်းများကြာရှည်နေပြီဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်စေရေးနဲ့ တပ်မတော်ကိုတစ်ခါတည်းအပြီးအပိုင်ဖြုတ်ချရှင်းလင်းပစ်ဖို့ ရည်ရွယ်ပြင်ဆင်နေပြီဖြစ်ပါတယ်။ သံလွင်မြစ်တစ်လျှောက် သူတို့ရဲ့စခန်းတွေကိုတိုက်ခိုက်နေတဲ့ KNLA တပ်မဟာ ၅ ကိုတုံ့ပြန်မှုတွေလုပ်ရမဲ့အစား တပ်မတော်ဟာ သူတို့ရဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရှင်းလင်းရေးစစ်ဆင်ရေးတွေနဲ့ ဖာပွန်မြို့နယ်ထဲက အရပ်သားပစ်မှတ်တွေကိုလေကြောင်း တိုက်ခိုက်မှုတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်က အလောဘွမ်စခန်းကိုပြန်လည်ရယူဖို့ မြေပြင်ကရော ဝေဟင်ထိုးစစ်တွေနဲ့ပါ ပိုမိုအာရုံစိုက်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။


မြန်မာနိုင်ငံအလယ်ပိုင်းမြို့ပြဒေသတွေမှာလည်း တပ်မတော်က ဒရုန်းအသုံးပြုမှုတွေတိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။ တပ်မတော်ဘက်ကပိုမိုအင်အားကောင်းတဲ့ စစ်ဆင်ရေးတွေလုပ်ဆောင်လာရင် EAOs တွေနဲ့ PDFs အဖွဲ့တွေဆီကနေပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်တွေ့နိုင်မှာဖြစ်ပါတယ်။ EAOs တွေကော NUG ရဲ့ PDF တပ်ဖွဲ့တို့မှာ လက်နက်နဲ့ကျည်ဆံအလုံအလောက်မရှိနိုင်သလို ပိုမိုကောင်းမွန်တဲ့ထောက်ပံ့မှုတွေနဲ့ ပစ္စည်းကိရိယာတွေစုံစုံလင်လင်ရထားတဲ့ တပ်မတော်ကို ထိုးစစ်နဲ့ ခုခံစစ်တွေလုပ်ဆောင်ရာမှာ ထောက်ပံ့မှုတွေရရှိဖို့ လုံခြုံမှုရှိတဲ့နယ်စပ်ဖြတ်ကျော်ခွင့်တွေနဲ့အတူ နိုင်ငံရပ်ခြားအားပေးထောက်ပံ့မှုတွေ အလုံအလောက်ရဖွယ်မရှိသေးပါဘူး။


ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း EAOs တွေဟာ နိုင်ငံရေး ပထဝီအရေး နဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေအတွက် မြန်မာရဲ့အိမ်နီးချင်းတွေကိုမှီခိုခဲ့ရတာဖြစ်ပါတယ်။ ထိုင်းနဲ့တရုတ်တို့က အိမ်နီးချင်းမြန်မာနိုင်ငံတွင်း မတည်မငြိမ်မှုတွေပိုဖြစ်စေဖို့ မီးထိုးပေးတဲ့နေရာမှာ အကျိုးစီးပွားအနည်းငယ်ရှိပါတယ်။ အထူးသဖြင့်တရုတ်ဟာ ပိုးလမ်းမရပ်ဝန်းသစ်စီမံကိန်း(BRI) စီစဉ်ထားရှိမှုနဲ့အတူ ပိုမိုကျယ်ပြန့်တဲ့မဟာဗျူဟာအကျိုးစီးပွားရှိနေသလို မဟာဗျူဟာကျတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေရှိထားပါတယ်။


ဒီအရေးပါတဲ့အိမ်နီးချင်းနှစ်နိုင်ငံအကူအညီမပါပဲ EAOs နဲ့ NUG-PDF တို့ဟာ ပိုမိုဝေးလံတဲ့နေရာတွေဆီကနေ အထူးသဖြင့်အနောက်နိုင်ငံအင်အားစုတွေဆီကနေ ပစ္စည်းကိရိယာတွေအထောက်အပံ့ရယူဖို့ မဖြစ်နိုင်သလောပဲ။ လုံခြုံဘေးကင်းတဲ့နယ်စပ်ဖြတ်ကျော်မှုတွေမရှိပဲ လက်နက်ခဲယမ်းအနည်းငယ်သာရှိနေမယ်ဆိုရင် ထိရောက်တဲ့တော်လှန်ရေးဟာ ဖယ်ရှားခံရမှာပဲဖြစ်ပါတယ်။ မြန်မာရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ထိုင်းနဲ့တရုတ်က မှောင်ခိုဈေးကွက်တွေကနေ တစ်ဆင့် လက်နက်ခဲယမ်းကို အရမ်းမှီခိုအားထားနေရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘန်ကောက်နဲ့ဘေဂျင်းကနေ သဘောတူညီချက်မရဘူးဆိုရင် ဒီလက်နက်အရောင်းအဝယ်တွေဟာ အရမ်းကိုခက်ခဲမှာဖြစ်ပါတယ်။


ဒေသတွင်းမှောင်ခိုဈေးကွက်ဟာ နှစ်နဲ့ချီအဆင့်နိမ့်တော်လှန်ရေးလှုပ်ရှားမှုတွေအတွက် လိုအပ်ချက်ကျေနပ်လုံလောက်စေမှာဖြစ်ပေမယ့် ဆီးရီးယား အလက်ပို သို့မဟုတ် ဆိုမာလီယာက မိုဂါဒစ်ရှုးလို ပြည်တွင်းစစ်ဒဏ်ကြီးကြီးမားမားထိခိုက်ပျက်ဆီးခဲ့ရတဲ့ အခြေအနေထိ ကြီးမားတဲ့အတိုင်းအတာပမာဏာထိတော့ရှိမှာမဟုတ်ပါဘူးသူတို့ရဲ့ကိုယ်ပိုင်ကွန်ရက်တွေမရှိဘူးဆိုရင် NUG နဲ့ PDFs အဖွဲ့တွေဟာ လက်နက်ခဲယမ်းအတွက် EAOs တွေအပေါ်လုံးလုံးလျားလျားမှီခိုနေရတော့မှာဖြစ်သလို တပ်မတော်ဆီကနေ သိမ်းယူရရှိတဲ့လက်နက်ခဲယမ်းတွေသာရှိတော့မှာဖြစ်ပါတယ်။ EAOs အများအပြားမှာ ပြီးခဲ့တဲ့၁၀နှစ်ကျော်အတွင်း လက်နက်သိုမှီးထားမှုအမြောက်အများရှိပေမယ့် နိုင်ငံရပ်ခြားမိတ်ဆွေတွေမရှိဘူးဆိုရင် သိုလှောင်ထားမှုတွေဟာ လက်ရှိထိုးစစ်အရှိမြင့်လာမှုအနေအထားတွေအရ လျော့ နည်းသွားနိုင်ချေတွေရှိနေ ပါတယ်။


မြန်မာပဋိပက္ခအခြေအနေဟာ ပိုမိုရက်စက်တဲ့အဆင့်ထဲဝင်ရောက်ာပေမယ့်လည်း မြန်မာရဲ့ပြည်တွင်းစစ်တွေဟာ တစ်ခြားနေရာတွေမှာမြင်တွေ့ခဲ့ရတဲ့ မင်းမဲ့စရိုက်အခြေအနေမျိုးဖြစ်လာဖို့ ခက်ပါတယ်။ တပ်မတော်ကလည်းနှစ်ခြမ်းကွဲမဲ့ပုံမျိုးမရှိသလို EAOs တွေနဲ့ NUG-PDF တို့ရဲ့ လက်နက်ခဲယမ်းထောက်ပံ့မှုတွေ အကန့်အသတ်ရှိနေမှုတွေကြောင့် မြန်မာပြည်တွင်းစစ်ဟာ ပျံ့နှံ့ပြီးလောင်ကျွမ်းနေမှာဖြစ်ပေမယ့် အကန့်အသတ်တွင်းမှာပဲရှိနေမှာဖြစ်ပါတယ် ။


Asia Times သတင်းဌာနပါ Brian Mccartan ရေးသားသည့် “Why Myanmar’s civil war won’t be like Syria’s” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

*****************************************************************
END / 251