အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အစ္စရေးအာဏာပိုင်တွေက ပါလက်စတိုင်းမြေကိုကျူးကျော်တိုက်ခိုက်သိမ်းယူထားမှုကို ရှုတ်ချတဲ့ လွှတ်တော်အဆိုပြုချက်ကို အိုင်းရစ်ရှ်လွှတ်တော်မှာတင်သွင်းခဲ့ပါတယ်။ ဒီအဆိုပြုချက်ကို လွှတ်တော်တွင်းနိုင်ငံရေးပါတီတွေရဲ့ အားပေးထောက်ခံမှုရရှိခဲ့ပြီးနောက် အတိုက်အခံပါတီ Sinn Fein ပါတီက တင်သွင်းခဲ့တာဖြစ်ပါတယ်။ အိုင်ယာလန်ဟာ အသိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေတွေအတွင်း အစ္စရေးရဲ့လုပ်ရပ်တွေနဲ့ဆက်နွယ်ပြီး ဒီအသုံးအနှုံးသုံးလိုက်တဲ့ ပထမဆုံးဥရောပသမဂ္ဂနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ဒီအဆိုပြုတင်သွင်းချက်ဟာ အိုင်ယာလန်နိုင်ငံတစ်ဝန်း နက်ရှိုင်းတဲ့ သဘောထားခံစားချက်တွေကိုရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်တဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်တယ်လို့ အိုင်းရစ်ရှ်နိုင်ငံခြားရေးဝန်ကြီး စီမွန်ကိုဗန်နေးက အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။ “ကျူးကျော်အခြေချမှုတွေတိုးချဲ့မှုတွေပေါ်မှာ အစ္စရေးရဲ့လုပ်ရပ်တွေရဲ့ မဟာဗျူဟာသဘာဝ အတိုင်းအတာပမာဏ ခြေလှမ်းတွေနဲ့ ဒီနောက်ကွယ်ကရည်ရွယ်ထားချက်တွေကြောင့် လက်တွေ့ မြေပြင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရိုးရိုးသားသားထုတ်ဖော်သွားဖို့လိုအပ်ပါတယ်။ ဒါဟာ ကျူးကျော်သိမ်းပိုက်မှုပါပဲ” လို့ ကိုဗန်နေးက ပါလီမန်ကိုပြောကြားခဲ့ပါတယ်။
“ဒါဟာပေါ့ပေါ့လေးပြောရမဲ့အရာတစ်ခုမဟုတ်ပါဘူး။ကျွန်တော်တို့ဟာ ဒီလိုသုံးနှုံးပြောဆိုလိုက်တဲ့ ပထမဆုံးအီးယူနိုင်ငံပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ရပ်တွေရဲ့ရည်ရွယ်ချက်တွေနဲ့ ဒီလုပ်ရပ်တွေရဲ့အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကြီးနေတယ်ဆိုတာ ထင်ဟပ်ပြသနေတာလည်း ဖြစ်ပါတယ်။” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ ၁၉၆၇ခုနှစ်မှာ သိမ်းယူခဲ့တဲ့နယ်မြေတွေပေါ်မှာ အစ္စရေးရဲ့အခြေချမှုတွေကို တရားမဝင်ဘူးလို့ နိုင်ငံအများစုက သတ်မှတ်ထားကြတာဖြစ်ပြီး ဒါဟာပါလက်စတိုင်းနဲ့ငြိမ်းချမ်းရေးရယူဖို့ အခက်အခဲအတားအဆီးတစ်ခုအဖြစ် မြင်ထားကြတာဖြစ်ပါတယ်။
အစ္စရေးကိုအရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်သွားဖို့နဲ့ အစ္စရေးသံအမတ်ကိုနှင်ထုတ်ဖို့ ပြင်ဆင်ထားတဲ့အဆိုပြုချက်ကို လွှတ်တော်မှာတင်သွင်းနိုင်ခဲ့ခြင်းတော့မရှိပါဘူး။ အစ္စရေးနဲ့ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေကြား ၁၁ရက်ကြာအဆိုးရွားဆုံး တိုက်ပွဲအပြီးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီးနောက် ရက်ပိုင်းအကြာမှာ ဒီအဆိုပြုချက်တင်သွင်းလာခဲ့တာဖြစ်ပါတယ်။ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၆၆ဦးအပါအဝင် ပါလက်စတိုင်း ၂၅၄ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ၂၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ ၁၂ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။
အိုင်ယာလန်ရဲ့လုပ်ရပ်ကို လူမှုမီဒီယာအသုံးပြုသူတစ်ချို့က ကြိုဆိုခဲ့ကြပါတယ်။ “အိုင်ယာလန်ဟာ ပါလက်စတိုင်းမြေကိုအစ္စရေးက နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ပြီး ကျူးကျော်သိမ်းပိုက်ထားမှုကို ရှုတ်ချလိုက်တဲ့ ပထမဆုံးအီးယူနိုင်ငံဖြစ်လာခဲ့ပါတယ်။” လို့ ဗြိတိန် ဆိုရှယ်လစ်ထရီဗျူ့မဂ္ဂဇင်းရဲ့ အယ်ဒီတာ ရိုနန်ဘူတန်ရှောက တွစ်တာမှာရေးသားခဲ့ပါတယ်။ “လူမျိုးရေးခွဲခြားတဲ့စနစ်နိုင်ငံကိုသီးခြားဖယ်ကြဉ်ဖို့ သမိုင်းမှတ်တမ်းဝင် လမ်းကြောင်းပေါ်ရောက်လာပါပြီ။ နောက်တစ်ဆင့်ကတော့ အစ္စရေးထုတ်ကုန်တွေကိုသပိတ်မှောက်ဖို့ ရင်းနှီးမြုပ်နှံ့မှုတွေကိုပယ်ဖျက်သွားဖို့နဲ့ အရေးယူပိတ်ဆို့မှုတွေတင်သွင်းသွားဖို့ပဲဖြစ်ပါတယ်။” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Ireland recognizes Israel’s de facto annexation of Palestine” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251