အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ရိုဟင်ဂျာမွတ်စလင်လူနည်းစုတွေ ဖိနှိပ်ခွဲခြားခံရမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်စော်ကားခံရမှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ထုတ်ဖော်ပြောဆိုကတိပြုမှုကို အမေရိကန်နိုင်ငံတော် အတွင်းရေးမှူး အန်တိုနီဘလင်ကန်က ကြိုဆိုလိုက်ပါတယ်။
NUG ရဲ့ကတိပြုမှုဟာ အားလုံးပါဝင်တဲ့ဒီမိုကရက်တစ်အနာဂတ်အတွက် ကြိုးပမ်းဆောင်ရွက်နေကြသူအားလုံးအတွက် အရေးပါတဲ့ အသိပေးချက်တစ်ခုဖြစ်တယ်လို့ ဘလင်ကန်က တနင်္ဂနွေနေ့က တွစ်တာမှာရေးသားခဲ့ပါတယ်။ ဖြုတ်ချခံထားရတဲ့ လွှတ်တော်အမတ်များဖွဲ့စည်းထူထောင်ထားတဲ့ NUG က စစ်အစိုးရကိုဖြုတ်ချရေးမှာပါဝင် ကူညီပေးဖို့ ပြီးခဲ့တဲ့အပတ်တုန်းက ရိုဟင်ဂျာတွေကိုဖိတ်ခေါ်ခဲ့ပြီး အနာဂတ်ဒီမိုကရက်တစ်နိုင်ငံမှာ ရိုဟင်ဂျာတွေအတွက် နိုင်ငံသားအာမခံချက်ရရှိဖို့ ကတိပြုစကားပြောကြားခဲ့ပါတယ်။
“စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ တစ်ခြားသူတွေနဲ့ကောကျွန်တော်တို့နဲ့ပါလက်ချင်းတွဲ ပါဝင်သွားဖို့ ရိုဟင်ဂျာတွေကိုဖိတ်ခေါ်ပါတယ်” လို့ အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။ ဒီမိုကရက်တစ်နည်းကျရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကိုဖြုတ်ချပြီး ဖေဖေါ်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာကစဥ့်ကလျားအခြေအနေထဲ ကျရောက်နေခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သား ၈၀၀ ထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း ပြည်တွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားထားပါတယ်။
ရိုဟင်ဂျာတွေကိုနိုင်ငံသားမဖြစ်အောင်ပယ်ချထားတဲ့ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို ပြန်ပယ်ဖျက်သွားမယ်လို့ NUG ကကတိပြုခဲ့ပြီး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ၇သိန်း၎သောင်းကို ပြန်လည်ပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတစ်ခုမှာနေထိုင်နေတဲ့ ရိုဟင်ဂျာကျောင်းဆရာတစ်ဦးဖြစ်သူ မိုဟာမက်တဟာရ်က NUG ရဲ့မှတ်ချက်တွေကိုကြိုဆိုခဲ့ပြီး ထုတ်ပြန်ချက်ထဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးသုံးနှုံးပြောဆိုခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း VOA သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း တဟာရ်က NUG အနေနဲ့ ရိုဟင်ဂျာတွေရဲ့နိုင်ငံသားအခွင့်အရေးပြန်လည်ရရှိအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့အပေါ်မှာ ယုံကြည်ချက်သိပ်မရှိကြောင်းနဲ့ NUG အစိုးရအဖွဲ့ထဲမှာ ရိုဟင်ဂျာကိုယ်စားလှယ်တွေမပါဝင်တာကို သူကထောက်ပြခဲ့ပါတယ်။
VOA သတင်းဌာနပါ “US welcomes pledge by Myanmar Shadow Government to help Rohingya” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251