အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
မြန်မာ့အရေးနှင့်ပတ်သက်သည့် အဆိုပြုဆုံးဖြတ်ချက်ကို ဇွန် ၁၈ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲခဲ့ကြစဉ်က ထိုင်းနိုင်ငံကကြားနေခဲ့ခြင်းသည် အဆိုပြုချက်ထဲတွင် အရေးပါသည့်အကြောင်းအရာ အချို့ မပါဝင်ခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက ရှင်းလင်း ပြောကြားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Tanee Sangrat (ထန်နီဆန်ဂရတ်)က အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်မတိုင်မီအခြေအနေနှင့် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း အခြေအနေတို့၏ ရှုပ်ထွေးနက်နဲမှုများကို ထည့်မတွက်ထားကြောင်း၊ မြန်မာ့အရေးပဋိပက္ခတွင် အဖွဲ့ အစည်းအချို့ ပါဝင်ပတ်သက်နေခြင်းဖြစ်သဖြင့် အပြစ်ဖို့မနေဘဲ ယုံကြည်မှုပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အကြမ်းဖက်မှု မလုံခြုံမှုများကိုသာ ပိုဖြစ်လာစေမည့် အမုန်း တရားများ ပိုနက်လာစေမည့် အခြေအနေမျိုးမဟုတ်ဘဲ ယုံကြည်မှုများနှင့် တည်ဆောက်သည့်အခြေအနေတစ်ရပ်ကို ကူညီဖန်တီးပေးရန် အရေးကြီးကြောင်း ပြော ကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် မြန်မြန်ဆန်ဆန်ဖြင့်ရေရှည်ငြိမ်းချမ်းရေးရရန် ဆောင်ရွက်ရာ၌ အာဆီယံ က အသင့်တော်ဆုံးနေရာတွင်ရှိသော်လည်း ကုလအထွေထွေညီလာခံဆုံးဖြတ်ချက်သည် ဧပြီ ၂၄ ရက်က ဂျာကာတာတွင်ပြုလုပ်သော မြန်မာ့အရေးဆိုင်ရာအာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးက ရရှိထားသည့် ဘုံသဘောတူညီချက်များကို လုံးဝထင်ဟပ်မနေကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာ့ အကျပ် အတည်းနှင့် သက်ဆိုင်သူဘက်အားလုံးကို ဆွေးနွေးရေးစားပွဲဝိုင်းဆီရောက်လာအောင် တွန်းပို့ရမည့်အရေးကြီးကဏ္ဍတွင်ပါနေသည်ဟု ထိုင်းနိုင်ငံကယူဆကြောင်း ၊ ပဋိပက္ခများဖြစ်ပေါ်မှု ကြာလေလေ မြန်မာ ပြည်သူများ၏လူနေမှုဘဝသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ အားကုန်လာလေလေဖြစ်မည်ကို ထိုင်းနိုင်ငံ က စိုးရိမ်ကြောင်း၊ အထွေထွေညီလာခံဆုံးဖြတ်ချက်သည် မြန်မာပြည်သူများနှင့်ထိုက်တန်သည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဦးတည်ရာလမ်းကြောင်းအဖြစ် ကိုယ်စားမပြုဟု ထိုင်းနိုင်ငံကယူဆကြောင်း ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု တားဆီးရေးတောင်းဆိုချက်ပါဝင်သည့် မြန်မာ့အရေးအဆိုပြုချက်မူကြမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း မဲခွဲမှုတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် ထိုင်း ၊ အိန္ဒိယ ၊ ရုရှား ၊ တရုတ် ၊ နီပေါ ၊ သီရိလင်္ကာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နှင့်ပါကစ္စတန်အပါအဝင် ၃၆ နိုင်ငံက ကြားနေခဲ့သည်။
သို့သော် အမေရိကန်၊ ပြင်သစ် ၊ ဗြိတိန် ၊ ဂျာမနီနှင့် ဥရောပနိုင်ငံအများစုအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၁၉ နိုင်ငံ၏ ထောက်ခံမှုနှင့်အတည်ပြုနိုင်ခဲ့ပြီး ဘယ်လာရုစ်နိုင်ငံသည် ကန့်ကွက်မဲပေးသည် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။
အဆိုပြုချက်ကို တညီတညွတ်တည်းဆန္ဒနှင့် အတည်ပြုရန် မျှော်လင့်ခဲ့ကြသော်လည်း ဘယ်လာရုစ်၏တောင်းဆိုမှုနှင့် မဲခွဲခဲ့ကြခြင်း ဖြစ်သည်။
*****************************************************************
END / 251
မြန်မာ့ အရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံဆုံးဖြတ်ချက် အပေါ် မထောက်ခံ ခဲ့ခြင်းက အရေးပါသည့် အကြောင်းအရာများ မပါဝင်ခြင်းကြောင့်ဖြစ်ဟု ထိုင်းဘက်က ရှင်းလင်း
၂၃ ဇွန် ၂၀၂၁ - ၁၈:၅၂
News ID: 1153267
မြန်မာ့အရေးနှင့်ပတ်သက်သည့် အဆိုပြုဆုံးဖြတ်ချက်ကို ဇွန် ၁၈ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲခဲ့ကြစဉ်က ထိုင်းနိုင်ငံကကြားနေခဲ့ခြင်းသည် အဆိုပြုချက်ထဲတွင် အရေးပါသည့်အကြောင်းအရာ အချို့ မပါဝင်ခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက ရှင်းလင်း ပြောကြားသည်။