အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရုတ်နိုင်ငံ ဇင်ကျန်းဒေသမှာအာဏာပိုင်တွေက ဘူဒိုဇာထိုးပြီးဖျက်ဆီးဖြိုချခဲ့တဲ့ ဝီဂါဗလီတစ်လုံးနေရာမှာ ဟိုတယ်တစ်ခုတည်ဆောက်သွားဖို့ စီစဉ်နေတဲ့ ကမ္ဘာတစ်ဝန်းဟီလ်တန်ဟိုတယ်လုပ်ငန်းစု ကော်ပိုရေးရှင်းကို သပိတ်မှောက်ရေး ကမ်းပိန်းကို အမေရိကန်နိုင်ငံတွင်းက မွတ်စလင်အမေရိကန်လူထု အခွင့်အရေးဆိုင်ရာအဖွဲ့အစည်း ၄၀ကျော်က ကြာသာပတေးနေ့က ကြေငြာလိုက်ပါတယ်။
ဝီဂါဗလီနေရာမှာ ဟိုတယ်ဆောက်လုပ်ရေးအစီအစဉ်ကိုဖျက်သိမ်းပေးဖို့ ဟိုတယ်လုပ်ငန်းစုကော်ပိုရေးရှင်းထံ မေတ္တာရပ်ခံပြီးတစ်ဆင့်ခံဆွေးနွေးညှိနှိုင်းမှုတွေ ကနဦးလုပ်ဆောင်ခဲ့ပေမယ့် ဆွေးနွေးမှုတွေဟာအရာမရောက်ခဲ့ကြောင်း အမေရိကန်-အစ္စလာမ်မစ် ဆက်ဆံရေးကောင်စီ (CAIR) က ဗာဂျီးနီယားက ဟီလ်တန်ဌာနချုပ်ရှေ့သတင်းစာ ရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
‘ဟီလ်တန်ဟိုတယ်လုပ်ငန်းစုကို ကမ္ဘာတစ်ဝန်းသပိတ်မှောက်ရေးကမ်းပိန်းကို ဒီကနေ့ကျွန်တော်တို့ကြေငြာပါတယ်” လို့ CAIR ရဲ့ တာဝန်ခံဒါရိုက်တာ နီဟဒ်အာဝဒ်ကပြောကြားခဲ့ပါတယ်။ “ကိုယ့်ခရီးစဉ်နဲ့ပတ်သက်ပြီး ဘယ်ကိုသွားဖို့ စီးပွားရေးလုပ်ငန်းအစည်းအဝေးတွေအတွက် မင်္ဂလာပွဲတွေနဲ့ ဂုဏ်ပြုညစာစားပွဲတွေဘယ်မှာကျင်းပပြုလုပ်မယ်ဆိုတာ ရွေးချယ်ဖို့ ခင်ဗျားတို့ကျွန်တော်တို့မှာ အခွင့်အရေးရှိပါတယ်။” လို့ အာဝဒ်ကဆိုပါတယ်။ ဟီလ်တန်ဟိုတယ်လုပ်ငန်းစုရဲ့ ပရောဂျက်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ဝီဂါယဉ်ကျေးမှုယုံကြည်မှုတွေအပေါ် ဖျက်ဆီးရေးလုပ်ဆောင်ခြင်းဖြစ်ကြောင်း သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
ဒီမြေနေရာဟာ ၂၀၁၈ခုနှစ်ကဖျက်ဆီးခံခဲ့ရတဲ့ ဝီဂါဗလီတစ်လုံးရဲ့နေရာဖြစ်ခဲ့ပြီး ဟီလ်တန်က အဲဒီနေရာကို ဟမ်ပ်တန်ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီပရောဂျက်နဲ့ပတ်သက်ပြီး ဇွန်လအစောပိုင်းမှာသူတို့သိရှိခဲ့ကြောင်း အာဝဒ်ကပြောပါတယ်။ ၂၀၁၇ခုနှစ်နဲ့ ၂၀၂၀ခုနှစ်ကြား ဇင်ကျန်းပြည်နယ်ထဲကနေရာ ၉၀၀ခန့်လောက်က ဗလီအလုံးပေါင်း ၁၆၀၀၀ ခန့် တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း အလုံးစုံသော်လည်းကောင်း ဖျက်ဆီးဖြိုချခံခဲ့ရကြောင်း သြစတြေးလျမဟာဗျူဟာပေါ်လစီအင်စတီကျူ့က ဖော်ပြထားပါတယ်။
ဇင်ကျန်းပြည်နယ်ထဲက ထိန်းသိမ်းရေးစခန်းတွေထဲမှာ ဝီဂါမွတ်စလင်တစ်သန်းနဲ့တစ်ခြားလူနည်းစုတွေ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကုလနဲ့လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။ ဒီထိန်းသိမ်းရေးစခန်းတွေနဲ့ပတ်သက်ပြီး တရုတ်ကအစောပိုင်းတုန်း ကငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ဒီထိန်းသိမ်းရေးစခန်းတွေဟာ အစွန်းရောက်ဝါဒကိုတိုက်ဖျက်ဖို့ ဖန်တီးထားတဲ့ အသက်မွေးဝမ်းကျောင်းပညာလေ့ကျင့်သင်ကြားပေးတဲ့စင်တာတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Muslim groups boycott Hilton over planned hotel on Uighur mosque” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။
****************************************************************
END / 251