အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ရန်ကုန်မြို့က LNG(သဘာဝဓာတ်ငွေ့ အရည်ပြောင်း)သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကြီးနှစ်ခုဟာ ဘဏ္ဍာရေးပိုင်းမတည်ငြိမ်မှုတွေဖြစ်လာတာကြောင့် ဇူလိုင်လကတည်းက သူတို့ရဲ့အော်ပရေးရှင်းလုပ်ငန်းတွေကိုရပ်ဆိုင်းထားရတာကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ကြီးမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ မကြာခဏဖြစ်လာနိုင်ပါတယ်။
စက်ရုံကြီးတွေကြားနောက်ကွယ်ကဖြစ်ရပ်ဟာ LNG ဈေးနှုန်းတွေနိုင်ငံတကာဈေးကွက်ထဲမှာ မြင့်တက်လာတာကြောင့်ဖြစ်သလို ဒေါ်လာနဲ့ယှဉ်ရင်မြန်မာကျပ်တန်ဖိုးကျဆင်းနေခြင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကျဆင်းသွားခြင်း အဏာသိမ်းစစ်ကောင်စီက လျှပ်စစ်ဓာတ်အားခများ မပေးဆောင်နိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။
ရန်ကုန်သာကေတမြို့နယ်ထဲက ၄၀၀ မဂ္ဂါဝပ် LNG လျှပ်စစ်စွမ်းအင်ထုတ်စက်ရုံကြီးဟာ သူတို့ရဲ့အော်ပရေးရှင်းလုပ်ငန်းတွေကို ရပ်ဆိုင်းထားရသလို ရန်ကုန်မြို့ဆင်ခြေဖုံး သန်လျင်မြို့နယ်ထဲက သီလဝါအထူးစီးပွားရေးဇုန်ထဲက ၃၅၀ မဂ္ဂါဝပ်ထုတ် လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးဟာ LNG စတော့တွေနည်းပါးနေပြီး ၅၀ မဂ္ဂါဝပ်သာထုတ်နိုင်တယ်လို့ ဝန်ကြီးဌာနကသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ သီလဝါလျှပ်စစ်ဓာတ်အားထုတ်စက်ရုံကို ဟောင်ကောင် VPower Co ကလည်ပတ်လုပ်ဆောင်နေပြီး သာကေတကစက်ရုံကို VPower နဲ့ တရုတ်အမျိုးသားသွင်းကုန်ထုတ်ကုန်ကော်ပိုရေးရှင်း(CNTIC) တို့ကြား အကျိုးပူးပေါင်းလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူညီချက်အရ ဝန်ကြီးဌာနဟာ အမေရိကန်ဒေါ်လာနဲ့ ရာခိုင်နှုန်းပမာဏတစ်ခုထိ ဝယ်ယူသွားဖို့သဘောတူလက်မှတ်ရေးထိုးထားခဲ့တာဖြစ်ပေမယ့် ယခုအခါမှာတော့ မြန်မာငွေကြေးနဲ့သာပေးနိုင်ကြောင်း သတင်းအရင်းအမြစ်ကပြောပါတယ်။ “အဓိကကတော့ဘဏ္ဍာရေးပြဿနာတစ်ခုပါပဲ။ ကုမ္ပဏီတွေက LNG ကိုဒေါ်လာတွေနဲ့ ပေးဝယ်ရပါတယ်။ ဒါပေမယ့်ဒီမှာသူတို့ရောင်းတဲ့လျှပ်စစ်ဓာတ်အားခကိုကျတော့ မြန်မာကျပ်ငွေပဲရရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေမရှိတော့ပါဘူး။ ဒါကြောင့်ပဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွေကိုရပ်ဆိုင်းဖို့ သူတို့နဲ့ဝန်ကြီးဌာနတို့ သဘောတူခဲ့ပါတယ်” လို့ သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေကြုံတွေ့ခဲ့ရပြီးနောက် ၂၀၁၉ခုနှစ်မှာ NLD အစိုးရက အရေးပေါ်ပရောဂျက် ၅ခုကိုခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အကြီးဆုံးပရောက်ဂျက် ၃ခုကတော့ ရန်ကုန်မြို့က သံလျင်နဲ့သာကေတမှာရှိတဲ့ LNG ပရောဂျက်တွေနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူက လျှပ်စစ်ဓာတ်အား ၁၅၀ မဂ္ဂါဝပ်ထုတ်စက်ရုံပဲဖြစ်ပါတယ်။ ဒီပရောဂျက်၃ခုကို VPower နဲ့ CNTIC တို့က ၂၀၁၉ခုနှစ် စက်တင်ဘာမှာစီးပွားရေးအကျိုးတူပူးတွဲလုပ်ဆောင်ခဲ့တာဖြစ်ပြီး ၉၀၀ မဂ္ဂါဝပ်ပမာဏာထုတ်လုပ်နိုင်ပြီး ဒီပရောဂျက်၃ခုအတွက် စုစုပေါင်းကုန်ကျစရိတ်က ဒေါ်လာသန်း၈၀၀ကျော်ရှိပါတယ်။
“LNG ဈေးနှုန်းတွေလည်းတက်လာတယ်။ ကျပ်ငွေတန်ဖိုးကလည်းကျနေတယ်။ ဒါကြောင့် LNG တင်သွင်းဖို့ခက်လာတာတွေကြောင့် ကုမ္ပဏီတွေကသူတို့ရဲ့အော်ပရေးရှင်းလုပ်ငန်းတွေကိုရပ်ပစ်လိုက်ဖို့ ဆန္ဒရှိနေတယ်လို့ သူတို့ကပြောပါတယ်။ ဒီဘက်မှာလည်း အာဏာသိမ်းစစ်ကောင်စီက ပိုက်ဆံလုံးဝမပေးချင်ဘူး။ ဒါကြောင့်ဒီသဘောတူညီချက်သူတို့လုပ်ခဲ့တာ” လို့ ပြည်တွင်းလျှပ်စစ်ဝန်ဆောင်မှုပြုသူတစ်ဦးက ဧရာဝတီသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
VPower က ရခိုင်ပြည်နယ်ကျောက်ဖြူနဲ့ မန္တလေးတိုင်း မြင်းခြံက တစ်ခုကို မဂ္ဂါဝပ် ၂၀၀ထုတ်စက်ရုံပရောဂျက်နှစ်ခုကို ကိုမလုပ်တော့ဘူးလို့ ပြီးခဲ့တဲ့စက်တင်ဘာကကြေငြာခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်ဒီစက်ရုံနှစ်ရုံအတွက် စာချုပ်တွေဟာ ပြီးခဲ့တဲ့မတ်လနဲ့ ဇွန်လတို့မှာသက်တမ်းကုန်ခဲ့ပြီဖြစ်ကြောင်း ဖေဖေါ်ဝါရီစစ်အာဏာသိမ်းပြီးကတည်းက အခက်အခဲတွေစိန်ခေါ်မှုတွေမြင့်တက်လာတာကြောင့် စာချုပ်သက်တမ်းတိုးတော့မှာမဟုတ်ကြောင်း ဟောင်ကောင်ကုမ္ပဏီကပြောကြားခဲ့ပါတယ်။ ရန်ကုန်မြို့က LNG လျှပ်စစ်ဓာတ်အားထုတ်စက်ရုံနှစ်ရုံကို ရပ်ဆိုင်းမှုကြောင့် လာမဲ့နွေရာသီကာလမှာ မကြာခဏလျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေဖြစ်လာမယ်လို့ မျှော်မှန်းထားပါတယ်။
Irrawady သတင်းဌာနပါ “Two Power Plants in Myanmar’s Biggest city Shut Amid Coup’s Financial Fallout.” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
****************************************************************
END / 251