အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန်နိုင်ငံတွင် စားသောက်ကုန်ဈေးနှုန်းများသည် ၂၀၁၈ ခုနှစ်က စပြီး တလိပ်လိပ်တက်လာနေခဲ့ပြီး ယခုနှစ် ၂၀၂၁ တွင်လည်း ဆက်လက်ပြီး ထပ်မံထိုးတက်လျက် ရှိကြောင်း သိရသည်။
ဟင်းသီးဟင်းရွက်အဆီမှ ထုတ်လုပ်သည့် ထောပတ်ဆီ တစ်ကီလို ဈေးနှုန်းသည် ပြီးခဲ့သည့် သုံးနှစ်တွင် ဆက်တိုက်ဆိုသလို ၂၇ ရာခိုင်နှုန်း တက်ထားခဲ့သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ဟင်းချက်ဆီ ဈေးနှုန်းသည် ၂၃ ရာခိုင်နှုန်း တက်ထားခဲ့သလို သကြား ဈေးနှုန်းက ၂၂ ရာခိုင်နှုန်း နှင့် ပဲအမျိုးမျိုး ဈေးနှုန်းသည်
၂၁ ရာခိုင်နှုန်းဖြင့် တက်ထားခဲ့သည်။ ဂျုံမှုန့် ဈေးနှုန်းသည် ၂၀၁၈ ခုနှစ်နောက်ပိုင်း နှစ်စဉ် ၁၅ ရာခိုင်နှုန်း တက်ထားခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။
ပါကစ္စတန်၏ အစားအစာ ကုန်ဈေးနှုန်းတက်မှုက ပြီးခဲ့သည့် နောက်ဆုံး နှစ်နှစ်အတွင်း လတချို့မှလွဲပြီး အများအားဖြင့် ကိန်းဂဏန်းနှစ်လုံးတွင် ဆက်ရှိနေခဲ့သည်ဟု အဆိုပါ သတင်းစာက ဖော်ပြသည်။
နိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်မှုက နိုင်ငံတကာဈေးကွက်ထဲရှိ လောင်စာဆီများ တင်သွင်းမှု စရိတ်စက မြင့်တက်မှုနှင့် သက်ဆိုင်ကြောင်း ရေရှည်ဖွံ့ဖြိုးမှု မူဝါဒ အင်စတီကျူ့မှ အမှုဆောင်ညွှန်ကြားရေးမှူး အဘစ်ဒ် ကွေယမ် ဆူလာရီက ပြောသည်။
"ရေနံ ထုတ်ကုန်တွေရဲ့ ဈေးနှုန်းတွေ မြင့်တက်တာနဲ့တပြိုင်နက် စားသောက်ကုန်ဈေးနှုန်းတွေလည်း လိုက်တက်လေ့ ရှိပါတယ်" ဟု ဆူလာရီက ပြောကြားကြောင်း Dawn သတင်းစာက ကိုးကား ဖော်ပြသည်။
ပြီးခဲ့သည့် နောက်ဆုံး သုံးနှစ်တွင် ဓာတ်ဆီနှင့် ဒီဇယ် ဈေးနှုန်းများသည် ၁၄ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်းစီ အသီးသီး တက်ထားခဲ့သည်။ ယခုကာလအတွင်း လျှပ်စစ် တစ်ယူနစ် နှုန်းထားကလည်း နှစ်စဉ် ၁၆ ရာခိုင်နှုန်း တက်ထားခဲ့သည်။
"ဒုတိယ အရေးကြီးဆုံး အကြောင်းတရားတစ်ခုက ဂျုံမှုန့် ဈေးနှုန်းဖြစ်ပါတယ်၊ ပြည်သူတွေက ဒါကို စံအမှတ်အဖြစ် အသုံးပြုကြပါတယ်၊ ဒီတော့ ဂျုံမှုန့် ဈေးနှုန်း တက်တာနဲ့ အခြား စားသောက်ကုန် ဈေးနှုန်းတွေလည်း အလိုအလျောက် လိုက်ပြီးခုန်တက်တာတွေကို ဖြစ်စေပါတယ်" ဟု ဆူလာရီက ပြောကြားကြောင်း Dawn သတင်းစာက ကိုးကား ဖော်ပြသည်။
ဟင်းချက်ဆီ၊ သကြားနှင့် ကြက်သား ကဲ့သို့ စားသောက်ကုန်များသည် ၈၈ ရာခိုင်နှုန်း၊ ၈၃ ရာခိုင်နှုန်း နှင့် ၆၀ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်ထားခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။
****************************************************************
END / 251
၃၁ အောက်တိုဘာ ၂၀၂၁ - ၂၀:၂၇
News ID: 1194158
ပါကစ္စတန်နိုင်ငံတွင် စားသောက်ကုန်ဈေးနှုန်းများသည် ၂၀၁၈ ခုနှစ်က စပြီး တလိပ်လိပ်တက်လာနေခဲ့ပြီး ယခုနှစ် ၂၀၂၁ တွင်လည်း ဆက်လက်ပြီး ထပ်မံထိုးတက်လျက် ရှိကြောင်း သိရသည်။