အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲများတွင် Karenni Generation Z တပ်ဖွဲ့ဝင် CDM ကျောင်းဆရာ ရဲဘော်ဇော်လင်းထွန်းနှင့် ကယ်ဆယ်ရေး လုပ်ကိုင်နေသည့် Free Burma Ranger တပ်ဖွဲ့ဝင် အမျိုးသမီး ရဲဘော်အဲလစ်စ်ဘက် တို့ ယမန်နေ့ မတ်လ ၉ ရက်က ကျဆုံးခဲ့ကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် ရဲဘော်ဇော်လင်းထွန်း သည် ဒီးမော့ဆိုမြို့နယ် သေးလေးဆူ တိုက်ပွဲ၌ စစ်ကောင်စီတပ် စနိုက်ပါကြောင့် ဦးခေါင်း ကျည်ထိမှန် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲဘော်ဇော်လင်းထွန်း သည် လွိုင်ကော် ပညာရေး ကောလိပ် DTEd အပတ်စဉ် (၂၃/၁၈) ဝိဇ္ဇာတန်းခွဲ (A) ကျောင်းသားများ သမဂ္ဂ ပြင်ပဆက်ဆံရေး တာဝန်ခံ ဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက် ကျောင်းဆရာ ဝန်ထမ်း ဘဝကို စွန့်လွှတ်ပြီး Karenni Generation Z တပ်ဖွဲ့တွင် စစ်ကြောင်းမှူး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
''အာဏာစသိမ်း ကတည်းက သူက သပိတ်ကို ဦးဆောင်တယ်။ လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး KNDF က သူ့မိခင်တပ်ရင်းဆီ ကနေ စစ်ပညာ သင်ယူပြီး KGZ မှာ ဦးဆောင်သူတွေ ထဲက တစ်ဦး ဖြစ်လာတယ်။ ကရင်နီ ဒေသမှာ သူ့ကို မသိတဲ့သူ မရှိသလောက်ပဲ။ တော်လှန်ရေးမှာ သူ့ရဲ့ ကြိုးပမ်းမှုကို အာဇာနည် သူရဲကောင်း အဖြစ် မှတ်တမ်းတင်ကြတယ်'' ဟု KGZ တပ်ဖွဲ့ဝင် ရဲဘော်က မဇ္ဈိမကို ပြောသည်။
တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ရဲဘော် ဇော်လင်းထွန်း ကို ကျောင်းသား အာဇာနည် သူရဲကောင်း အဖြစ် မှတ်တမ်းတင်ကြောင်းနှင့် ပညာရေး ကောလိပ် ကျောင်းသား သမဂ္ဂမှလည်း ဂုဏ်ပြုထားကြောင်း သိရသည်။
အလားတူ Free Burma Ranger တပ်ဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ် မအဲလစ်စ်ဘတ် သည် မတ်လ ၈ ရက်၊ နေ့လယ် ၂ နာရီခန့်က ဆောင်ဒူလာရွာသို့ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲစဉ် ပိတ်မိနေသည့် ပြည်သူများအား ကယ်တင် ခေါ်ထုတ်ရာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အပြင်းအထန် ဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူစဉ် မတ်လ ၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကျဆုံးခဲ့ကြောင်း သိရသည်။
ရဲဘော်အဲလစ်စ်ဘက် သည် ပဲခူး သားဖွား သင်တန်းကျောင်း ဒုတိယနှစ် ကျောင်းသူ ဖြစ်ကြောင်း၊ လုပ်ငန်း တာဝန်များ ကျေပွန်စွာ ထမ်းဆောင်ခြင်း အတွက် Free Burma Ranger က လေးစားစွာ ဂုဏ်ပြုကြောင်း သိရသည်။
ဒီးမော့ဆိုမြိုနယ် အတွင်း နေ့စဉ် တိုက်ပွဲ ပြင်းထန်နေရာ ယမန်နေ့က နေရာ သုံးခုတွင် တစ်နေ့ကုန် နီးပါး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး မှ ၁၅ ဦးအထိ သေဆုံးနိုင်ကြောင်း DMO-PDF ပြန်ကြားရေး တာဝန်ရှိသူထံက သိရသည်။
****************************************************************
END / 251
၁၀ မတ် ၂၀၂၂ - ၁၉:၅၁
News ID: 1238008
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲများတွင် Karenni Generation Z တပ်ဖွဲ့ဝင် CDM ကျောင်းဆရာ ရဲဘော်ဇော်လင်းထွန်းနှင့် ကယ်ဆယ်ရေး လုပ်ကိုင်နေသည့် Free Burma Ranger တပ်ဖွဲ့ဝင် အမျိုးသမီး ရဲဘော်အဲလစ်စ်ဘက် တို့ ယမန်နေ့ မတ်လ ၉ ရက်က ကျဆုံးခဲ့ကြောင်း သိရသည်။