အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆွေးနွေးပွဲသစ် မစတင်မီ ရုရှက ၎င်း၏ အကြီးအကျယ် ဖျက်ဆီးသည့် တိုက်ခိုက်မှုများကို ဆက်လက်ဆင်နွှဲနေရာ ယူကရိန်းမြို့တော်က လူနေအဆောက်အအုံ တစ်လုံးအား တနင်္လာနေ့တွင် လေကြောင်းတိုက်ခိုက်ခံရပြီး လူတစ်ဦး သေဆုံးသည်ဟု ယူကရိန်းအရေးပေါ်ဌာနက ပြောသည်။
လူတစ်ဒါဇင် အနည်းဆုံးဒဏ်ရာရသည့် ယခု တိုက်ခိုက်မှုသည် ရုရှတပ်ဖွဲ့ဝင်များက ယူကရိန်းမြို့တော် ကိယက်ဗ်အစွန်နား ချဉ်းကပ်ရောက်ရှိပြီး တောင်ပိုင်း မာရီယူပိုဆိပ်ကမ်းမြို့ကို ဆက်လက်ဝိုင်းရံ ပိတ်ဆို့ထားချိန်၌ ဖြစ်ပွားခြင်း ဖြစ်သည်။ မာရီယူပိုမြို့၌ လူပေါင်း ၂၂၀၀ နီးပါး သေဆုံးရကြောင်း တာဝန်ရှိသူများက ပြောသည်။
“ဒေသစံတော်ချိန် ၇ နာရီ မိနစ် ၄၀ အထိ မြို့တော်ရဲ့ အိုဘိုလွန်အရပ်က ကိုးထပ်တိုက် အဆောက်အအုံမှာ လူတစ်ဦး သေဆုံးရပါတယ်”ဟု အရေးပေါ်ဌာနက ထုတ်ပြန်ချက်တွင် ပြောသည်။
ယူကရိန်းနှင့် ရုရှကိုယ်စားလှယ်များသည် တနင်္လာနေ့၌ အွန်လိုင်းဗီဒီယိုမှ တစ်ဆင့် တွေ့ဆုံဆွေးနွေးကြရန် စီစဉ်ထားကြောင်း ယခု တိုက်ခိုက်မှု မဖြစ်ပွားခင် ယူကရိန်း သမ္မတ အကြံပေးတစ်ဦးနှင့် ရုရှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးတို့က ဆိုထားသည်။
ဆွေးနွေးပွဲကို ဂရင်းနစ်စံတော်ချိန် ၀၈၂၀ နာရီတွင် စတင်မည်ဖြစ်သည်ဟု ယူကရိန်း စေ့စပ်ညှိနှိုင်းသူ ဒေးဗစ် အာရာခါမီယာက ပြောသည်။
“လုံးပမ်းနေရတဲ့ အခြေအနေ၊ ခက်ခဲတဲ့ စေ့စပ်ညှိနှိုင်းရေးတွေမှာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ ယူကရိန်းအနေနဲ့ လိုအပ်တဲ့ ရလဒ် ဖော်ဆောင်ရရှိရေးပါပဲ၊ ငြိမ်းချမ်းရေးအတွက်၊ လုံခြုံရေးအတွက် ရလဒ်ကို လိုလားတာပဲ ဖြစ်ပါတယ်။”ဟု သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက တနင်္လာနေ့တွင် ပြောပြီး နှစ်ဖက်က နေ့စဉ် ဆွေးနွေးပြောဆိုနေသည်ဟုလည်း ထပ်လောင်းပြောဆိုသည်။
သမ္မတချင်း တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရေးအတွက်လည်း ရည်ရွယ်ကာ အစစအရာရာ လုပ်ဆောင်လျက်ရှိပြီး ပြည်သူများက ယင်းကို စောင့်မျှော်နေကြသည်ဟု မိမိ ယုံကြည်ကြောင်းလည်း ၎င်းက ပြောသည်။
ရုရှစေ့စပ်ညှိနှိုင်းရေး အဖွဲ့မှ အကြီးတန်းအဖွဲ့ဝင် လီယိုနက်ဒ် စလုဒ်စကီက“ကျွန်တော်တို့ သိသာတဲ့ တိုးတက်မှုတွေ မြင်တွေ့နေရပါပြီ”ဟု နိုင်ငံပိုင်ရုပ်သံဖြစ်သည့် RT သတင်းဌာနသို့ တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။
ယူကရိန်းနှင့် ရုရှကြားက ဆွေးနွေးပွဲများသည် အပစ်ရပ်ရေးဆီသို့ မဖော်ဆောင်နိုင်သေးဘဲ ရုရှတပ်များက ၎င်းတို့၏ အပြင်းအထန် တိုက်ခိုက်မှုများကို အရှိန်လျှော့ချသည့် လက္ခဏာလည်း ပြသလာသေးခြင်း မရှိပေ။
****************************************************************
END / 251
၁၄ မတ် ၂၀၂၂ - ၂၀:၃၁
News ID: 1239243
ဆွေးနွေးပွဲသစ် မစတင်မီ ရုရှက ၎င်း၏ အကြီးအကျယ် ဖျက်ဆီးသည့် တိုက်ခိုက်မှုများကို ဆက်လက်ဆင်နွှဲနေရာ ယူကရိန်းမြို့တော်က လူနေအဆောက်အအုံ တစ်လုံးအား တနင်္လာနေ့တွင် လေကြောင်းတိုက်ခိုက်ခံရပြီး လူတစ်ဦး သေဆုံးသည်ဟု ယူကရိန်းအရေးပေါ်ဌာနက ပြောသည်။